သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်ခေါင်းဆောင် အပြောင်းအလဲ အင်ဒိုပုံစံဟောင်းဟု လေ့လာသူတွေ ဝေဖန်


မြန်မာ စစ်ဘက် ခေါင်းဆောင်ပိုင်းတွေကို အပြောင်းအလဲတွေ လုပ်ခဲ့တာနဲ့ နိုင်ငံရေး အခင်းအကျင်းတွေ ပြောင်းလဲမှု ရှိလာတာတွေဟာ နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲပြီးတဲ့နောက် စစ်ဘက်ဆိုင်ရာ အကြီးအကဲတွေ လက်ထဲမှာပဲ အာဏာဆက်ရှိနေအောင် ရည်ရွယ် လုပ်ဆောင်နေတာဖြစ်ကြောင်း မြန်မာ့အရေး လေ့လာစောင့်ကြည့်သူတွေက ပြောနေပါတယ်။ အဲဒီလို လုပ်နေတာဟာ ၁၉၆၀ ခုနှစ် ဝန်းကျင်တုန်းက အင်ဒိုနီးရှားနိုင်ငံမှာ သမ္မတဟောင်း ဆူဟာတို (Suharto) လုပ်ခဲ့တဲ့ လုပ်နည်းလုပ်ဟန်အတိုင်း လိုက်လုပ်နေတာလို့ ဝေဖန် သုံးသပ်သူတွေက ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဘန်ကောက်မြို့ကနေ ဗွီအိုအေ သတင်းထောက် ရွန်ကော်ဘင် (Ron Corben) သတင်းပေးပို့ထားတာကို မခွာညိုက တင်ပြပေးထားပါတယ်။

မကြာခင်ကပဲ ထိပ်တန်း စစ်ဘက်ဆိုင်ရာ အရာရှိကြီးတွေ ၇၀ ကျော်ပါတဲ့ တပ်တွင်း အပြောင်းအလဲတွေ လုပ်ခဲ့တာဟာ စစ်တပ်က အုပ်ချုပ်နေတဲ့ မြန်မာပြည်မှာ ဒီနှစ်အတွင်း ဒုတိယအကြိမ် အရေးပါတဲ့ ပြောင်းလဲမှု ဖြစ်ပါတယ်။

ဧပြီလ ၂၇ ရက်နေ့ကတော့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် အပါအဝင် ထိပ်တန်း အရာရှိကြီးတွေ အတော်များများကို တပ်မတော်က အငြိမ်းစား ပေးလိုက်ပါတယ်။ ဒီလိုလုပ်လိုက်တာဟာ စစ်တပ် ကျောထောက်နောက်ခံ ပြုထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ကနေပြီး လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံဖို့ ဖြစ်တယ်လို့ ခန့်မှန်း ယူဆခဲ့ကြပါတယ်။

ဒီလို အပြောင်းအလဲ လုပ်နေတာတွေဟာ ရွေးကောက်ပွဲ ကျင်းပမယ့် နိုဝင်ဘာ ၇ ရက် မတိုင်ခင်မှာ စစ်တပ်ရဲ့ အာဏာကို ပိုပြီး ခိုင်မာတောင့်တင်းလာအောင် ဆောင်ရွက်နေတဲ့ မဟာဗျူဟာရဲ့ တစိတ်တဒေသ ဖြစ်တယ်လို့ New South Wales တက္ကသိုလ်က စစ်ဘက်ဆိုင်ရာ သုတေသီ ကားလ် ဆေယာက ပြောပါတယ်။

“ဒုတိယအကြိမ် တပ်တွင်းမှာ အရေးပါတဲ့ အပြောင်းအလဲ လုပ်လိုက်ပါတယ်။ ဒါက သူတို့အနေနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ကို ဝင်ပြီး ရွေးကောက်ပွဲမှာ အရွေးခံကြဖို့ပဲ ဖြစ်မှာပါ။ အရပ်သား အဖွဲ့ဝင် အင်အား ၂၇ သန်းရှိတဲ့ ကြံ့ဖွံ့အသင်း၊ USDA နဲ့ နိုင်ငံရေး အသွင်ပြောင်း ဖွဲ့ထားတဲ့ ကြံ့ဖွံ့ပါတီ USDP တို့ ပူးပေါင်းလိုက်ကြပါတယ်။ သူတို့ဘက်က အဲဒီလို အခိုင်အမာ ပြင်ဆင် အကွက်ချထားပြီးတော့မှ ဒီလထဲမှာ တင်းကျပ်တဲ့ ချုပ်ကိုင်မှုတွေနဲ့ ရွေးကောက်ပွဲကို နိုဝင်ဘာလထဲမှာ ကျင်းပမယ်လို့ ကြေညာလိုက်ပါတယ်။ ဒီပုံစံအတိုင်း ဆိုရင်တော့ သူတို့ပဲ ရွေးကောက်ပွဲ အနိုင်ရမှာပါ။”

အခုဆို နိုင်ငံရေးပါတီပေါင်း ၄၀ ကျော် ရွေးကောက်ပွဲဝင်ဖို့ ရှိနေပါတယ်။ ဒါပေမဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကတော့ ဒီရွေးကောက်ပွဲကို သပိတ်မှောက်ပြီး ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ကြေညာထားပါတယ်။

စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ရွေးကောက်ပွဲ ပြီးတဲ့အခါ သမ္မတရာထူးကို ယူထားလိမ့်မယ်လို့ မစ္စတာ ဆေယာက ယူဆပါတယ်။ ဒါ့အပြင် ၁၉၆၀ ခုနှစ် ဝန်းကျင်မှာ အင်ဒိုနီးရှား သမ္မတဟောင်း ဆူဟာတိုက ပုံစံသစ်နဲ့ ပြောင်းလဲပြီး အုပ်ချုပ်ခဲ့သလိုမျိုး မြန်မာစစ်တပ်က လိုက်လုပ်နေတာ ဖြစ်တယ်လို့လည်း မစ္စတာဆေယာက ပြောပါတယ်။

အဲဒီတုန်းက သမ္မတ ဆူဟာတိုက အင်ဒိုနီးရှား အစိုးရ အုပ်ချုပ်မှု ယန္တရားမှာ စစ်တပ်ကို ဗဟိုပြု ဖွဲ့စည်းထားပြီး နိုင်ငံရေးနဲ့ လူမှုရေး အဖွဲ့တွေကို ထိန်းချုပ်ထားခဲ့တာပါ။ အဲဒီပုံစံသစ် အုပ်ချုပ်ရေးမှာ သူ့ရဲ့ ယှဉ်ပြိုင်ဘက်တွေကိုလည်း ဖိနှိပ် ချုပ်ချယ်တာတွေ ပါဝင်ပါတယ်။

အင်ဒိုနီးရှားမှာ အဲဒီ ပုံစံသစ် အုပ်ချုပ်ရေးကြောင့် ဆွေမျိုးကောင်းစားရေး၊ အဂတိလိုက်စားမှုနဲ့ ပူးပေါင်းလိမ်လည်မှုတွေ ရှိခဲ့ပါတယ်။ ဒီနောက် တဖြည်းဖြည်းနဲ့ ယိုယွင်းလာပြီး သမ္မတ ဆူဟာတိုအပေါ် ထောက်ခံမှုတွေ ကျဆင်းခဲ့ရတာလို့ အကဲဖြတ် လေ့လာသူတွေက သုံးသပ်ကြပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့တွေနဲ့ နိုင်ငံတကာက နိုင်ငံပေါင်း များစွာကတော့ ဒီရွေးကောက်ပွဲက အတုအယောင် ရွေးကောက်ပွဲပါပဲ ဆိုပြီး ဒီရွေးကောက်ပွဲကို လက်မခံကြောင်း လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ Alternative ASEAN Network က ပြောခွင့်ရသူ အမျိုးသမီး ဒက်ဘီ စတော့ဟာ့တ် (Debbie Stothardt) က ပြောပါတယ်။ မဲထည့်ခိုင်းတာဟာ စစ်တပ်ကို ပြည်တွင်းမှာ တရားဝင်မှုရအောင် လုပ်တာသက်သက်ပဲ ဆိုပြီးတော့ မစ်စ် စတော့ဟာ့တ်က အခုလို ပြောပါတယ်။

“ဒီစစ်အစိုးရဟာ နိုင်ငံတကာရဲ့ တရားဝင်မှုကို ရှာနေတာ မဟုတ်ဘူး ဆိုတာက အရေးပါတဲ့ အချက်တခုပါ။ စစ်အစိုးရဟာ ကိုယ့်ပြည်တွင်းမှာပဲ ကိုယ် တရားဝင်ဖြစ်မယ့် အစိုးရ ဖွဲ့စည်းနိုင်အောင် လုပ်ထားတဲ့ ရွေးကောက်ပွဲဖြစ်တယ် ဆိုတာကို ထင်ထင်ရှားရှား ဖြစ်စေနိုင်တဲ့ အချက်အလက်တွေက ပိုပြီး ပေါ်လွင်လာနေတာပါ။ သူတို့စိတ်ထဲမှာ တွေးနေတာက ပေါ်ပေါက်လာမယ့် အစိုးရသစ်ကို ခေါင်းဆောင်ဖို့ စစ်ခေါင်းဆောင်တွေကို ပြည်သူတွေ ကိုယ်တိုင်က ရွေးကောက် တင်မြှောက်လိုက်တယ် ဆိုတာကို ပြချင်တာပါပဲ။”

မြန်မာစစ်အစိုးရဟာ တိုင်းပြည်ကို အစိတ်စိတ် အမြွှာမြွှာဖြစ်အောင် လုပ်မယ့် ခွဲထွက်ရေး ဝါဒီတွေကို နိုင်ငံရေးအရ ထိန်းချုပ်ထားဖို့ လိုအပ်တယ်လို့ တချိန်လုံး ပြောနေခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံပေါင်း များစွာက အစိုးရတွေကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နိုင်ငံရေး ဖိနှိပ်မှုတွေကြောင့် မြန်မာပြည်ကို ပိတ်ဆို့ ဒဏ်ခတ်မှုတွေ လုပ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း မြန်မာစစ်အစိုးရ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ် ပြစ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ဆိုတဲ့ အဆိုပြုချက်ကို အမေရိကန် ပြည်ထောင်စုက မကြာခင်ကပဲ ထောက်ခံခဲ့ပါတယ်။

XS
SM
MD
LG