သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၈ ဦး ဒီမိုကရက်ပါတီနဲ့ ပူးပေါင်းဖို့ သဘောတူ


တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတချို့ ဒီမိုကရက်ပါတီ (မြန်မာနိုင်ငံ) နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူလိုက်တာကြောင့် အတိုက်အခံတွေဘက်က အားကောင်းလာနိုင်တယ်လို့ ကာယကံရှင်တွေက ပြောကြပါတယ်။ ဒါပေမဲ့ တဘက်မှာ ဘယ်လို အခက်အခဲတွေ ရှိသလဲ၊ သူတို့တွေ ဘယ်လို လက်တွဲ ဆောင်ရွက်ကြမလဲ ဆိုတာ စုံစမ်းမေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ရန်ကုန်တိုင်းကို ကိုယ်စားပြု ယှဉ်ပြိုင်မယ့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၈ ဦးဟာ ဒီမိုကရက်ပါတီ (မြန်မာပြည်) နဲ့ မဲဆွယ်ကာလအပြင် ရွေးကောက်ပွဲအပြီး အစီအစဉ်တွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ စနေနေ့က သဘောတူညီခဲ့ကြပါတယ်။
ပူးပေါင်းလုပ်ကိုင်မယ့် ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဖုန်းဝင်းက အခုလို လုပ်နိုင်တာကြောင့် ပိုအားကောင်းလာမယ်လို့ ဆိုပါတယ်။

“အားကောင်းလာမှက သေချာတယ်လေ၊ အကြံကောင်း ဉာဏ်ကောင်းတွေ တယောက်ကိုတယောက် ရှယ်လုပ်လို့ ရတာပေါ့။ ရွေးကောက်ပွဲ ကာလရော၊ ရွေးကောက်ပွဲအလွန် ကာလရော ကျနော်တို့ အချင်းချင်း ညှိညှိနှိုင်းနှိုင်းနဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးရော၊ နောက်ပိုင်းရော အတူတူ အလုပ်လုပ်ဖို့ သဘောတူထားတယ်၊ တသီးပုဂ္ဂလ ၈ ယောက်ပေါ့။ ကျနော်တို့ တခြားလုပ်ငန်းတွေလည်း ပါတယ်လေ။

“ပထမဦးဆုံး အခြေခံ ညှိနှိုင်းတာကတော့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သဘောတရားအပြင် ကျနော်တို့ ဒီမိုကရက်တစ် အချင်းချင်းမှာ တယောက်လုပ်မယ်ဆို တယောက်တမျိုး မလုပ်ဘဲ ဒီမိုကရက်တစ်အဖွဲ့ အနေနဲ့ မှန်တယ်ဆိုရင် ကျနော်တို့က ညှိညှိနှိုင်းနှိုင်း၊ တိုင်တိုင်ပင်ပင်နဲ့ အားလုံး သဘောတူတာကို လုပ်ဖို့ပေါ့လေ၊ ဒါကတော့ အခြေခံပေ့ါ။”

အခုလို သဘောတူညီလိုက်ပေမဲ့ အရွေးခံဖို့ နေရာသတ်မှတ်ပြီး ဖြစ်တဲ့အတွက် ကိုယ်စားလှယ်လောင်းတွေ မဲဆန္ဒနယ် မထပ်အောင် ပြင်ဆင်ချိန် မရလိုက်ဘူးလို့ သိရပါတယ်။

ဒီမိုကရက်ပါတီ ဥက္ကဋ္ဌ ဦးသုဝေကလည်း…

“ပေါင်းတယ်ဆိုတော့ အားလေးတခုပေါ့ဗျာ။ အတူတူ ပေါင်းလုပ်တော့ အားလေး နည်းနည်း ပိုလာတာပေါ့။ အထူးသဖြင့် တသီးပုဂ္ဂလတွေကြတော့ ပိုကောင်းတာပေါ့။ ပါတီရဲ့ အရှိန်အဝါလေးရတော့ သူတို့ ပိုပြီးတော့ အောင်နိုင်တာပေါ့။ သူတို့လည်း အောင်မြင်ပါစေဆိုတဲ့ စေတနာနဲ့ ကျနော်တို့ကလည်း တွဲပြီး တူတူလုပ်လိုက်တာပေါ့။”

ပူးပေါင်းလုပ်ဖို့ သဘောတူလိုက်တဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေထဲမှာ အစဉ်အလာ နိုင်ငံရေးသမားဟောင်းကြီးတွေ မပါဘဲ ၈၈ ခုနှစ် ကျောင်းသားခေါင်းဆောင်ဟောင်းတွေနဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဘမော်ရဲ့မြေး ဒေါ်ယုဇာမော်ထွန်းတို့ ပါဝင်ပါတယ်။

ရွေးကောက်ပွဲ အကြိုကာလမှာ ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတွေနဲ့ ပတ်သက်လို့ ဦးသုဝေက အခုလို ပြောပါတယ်။

“အခုဟာက ဘယ်လိုညှိမလဲ ဆိုတော့ ရွေးကောက်ပွဲ ကမ်ပိန်း (Campaign) လုပ်ကြမယ်ပေါ့။ ကမ်ပိန်းလုပ်တဲ့ အခါမှာ စာရွက်စာတမ်းတွေ အတူတူ ဝေကြမယ်။ ကျနော်တို့နဲ့ သူတို့နဲ့ ပြိုင်တဲ့နေရာလည်း တခြားစီ ဖြစ်နေတော့ ကျနော်တို့ နေရာမှာ သူတို့မိတ်ဆွေ ရှိနေရင်လည်း ပေါင်းပြီး ကျနော်တို့နဲ့ အတူတူ လုပ်ခိုင်းပေါ့။ သူတို့နေရာမှာလည်း ကျနော်တို့ မိတ်ဆွေတွေ၊ ပါတီဝင်တွေ ရှိနေရင် သူတို့ကို ဝိုင်းကူပေါ့၊ အဲဒီသဘောပါပဲ။”

အလားတူပဲ ကျန်တဲ့ ဒီမိုကရက်တစ် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေကလည်း ကိုယ်စားလှယ်လောင်း အချင်းချင်း ကွန်ယက်ဖွဲ့ လုပ်ကိုင်ဖို့ အလားအလာ ရှိနေပါတယ်။

ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်းတွေက ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အခုလို ပူးပေါင်း လုပ်ဆောင်လာချိန်မှာ အင်အားကြီး ပါတီတွေ ဖြစ်ကြတဲ့ ပြည်ခိုင်ဖြိုးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့ကတော့ စောစောပိုင်းက မိတ်ဘက်လို့ ခန့်မှန်းခဲ့ကြပေမဲ့ လက်ရှိမှာ အဓိက ယှဉ်ပြိုင်ဘက်တွေ ဖြစ်လာပါတယ်။

XS
SM
MD
LG