သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ရွေးကောက်ပွဲ မဲမသမာမှုတွေနဲ့ ပြီးဆုံး


ရန်ကုန်မြို့ရှိ မဲရုံတရုံတွင် ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူများ မဲရေတွက်နေစဉ်။ နိုဝင်ဘာ ၇၊ ၂၀၁၀။
ရန်ကုန်မြို့ရှိ မဲရုံတရုံတွင် ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူများ မဲရေတွက်နေစဉ်။ နိုဝင်ဘာ ၇၊ ၂၀၁၀။

မြန်မာနိုင်ငံ တနိုင်ငံလုံးက မဲရုံပေါင်း ၃၀,၀၀၀ ကျော်မှာ ဒီနေ့မနက် ၆ နာရီက စပြီး မဲပေးခဲ့ကြပြီး ညနေ ၄ နာရီမှာ မဲရုံတွေ ပိတ်သွားခဲ့ပါတယ်။ မြန်မာနိုင်ငံက မဲပေးခွင့်ရှိသူ ၂၉ သန်းထဲက အနည်းစုကသာ မဲရုံတွေမှာ မဲပေးခဲ့ကြတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။

မဲပေးသူတွေ နည်းပြီး ခြောက်ကပ်နေတဲ့အပေါ် စိုးရိမ်ထိတ်လန့်မှု ဖြစ်နေကြသူတွေက ရန်ကုန်မြို့မှာ စားသောက်ကုန်တွေ ဝယ်ယူ စုဆောင်းကြတာကြောင့် အခြေခံစားကုန် ဈေးတွေ တက်သွားခဲ့ပါတယ်။ ဓာတ်ဆီတွေကိုလည်း ဝယ်ယူ သိုလှောင်နေကြတာကြောင့် ဓာတ်ဆီဈေးက တဂါလံကို ၂,၅၀၀ ကျပ်နဲ့ ၃,၅၀၀ ကျပ်အထိ ဖြစ်သွားခဲ့တယ်လို့ ရန်ကုန်ကလာတဲ့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

နေပြည်တော်မှာတော့ မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဇေယျာသီရိမြို့နယ်က မဲရုံမှာ မဲသွားပေးခဲ့ပြီး ဇေယျာသီရိ မဲဆန္ဒနယ်မှာ ပြည်ခိုင်ဖြိုးပါတီက လက်ရှိ မြန်မာစစ်အစိုးရရဲ့ နံပါတ် ၃ ခေါင်းဆောင် သူရ ဦးရွှေမန်းနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ဦးချစ်စိန်တို့ ၂ ဦးတည်း ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ဇေယျာသီရိ မဲဆန္ဒနယ်မှာတော့ မဲပေးနိုင်သူ လူဦးရေရဲ့ ၆၂% က လာပြီး မဲပေးခဲ့ကြတယ်လို့ တာဝန်ရှိသူတွေက သတင်းထောက်တွေကို ပြောကြားခဲ့ပေမဲ့ နေပြည်တော်ရဲ့ ခရိုင်မြို့နယ် ၈ မြို့နယ်မှာ မဲပေးခွင့်ရှိသူ ၆၀၀,၀၀၀ ကျော်ရဲ့ ၅၀% သာ တကယ်တမ်း မဲလာပေးခဲ့ကြတာလို့ သတင်းထောက်တွေက ဆိုပါတယ်။

တခြားသော နေပြည်တော်ခရိုင် မဲဆန္ဒနယ်မြေတွေမှာတော့ ဇမ္ဗူသီရိမြို့နယ်မှာ လက်ရှိ ဝန်ကြီးချုပ် ဦးသိန်းစိန်၊ ပုဗ္ဗသီရိမြို့နယ်မှာ လက်ရှိ စစ်အစိုးရ အတွင်းရေးမှူး သီဟသူရ ဦးတင်အောင်မြင့်ဦးတို့က ပြည်ခိုင်ဖြိုးပါတီရဲ့ အမတ်လောင်းတွေအဖြစ် ဝင်ပြီး ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ရန်ကုန်တိုင်းမှာ အများက စိတ်ဝင်စားနေကြတဲ့ လက်ရှိ ပြည်ခိုင်ဖြိုးပါတီက ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း၊ တသီးပုဂ္ဂလ အမတ်လောင်း ဦးကောင်းမြင့်ထွဋ်တို့ရဲ့ တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်က ရွေးကောက်ပွဲမှာတော့ အခု တောင်ဥက္ကလာပ ၅ ရပ်ကွက်က မဲရုံတွေမှာ ရေတွက်ပြီးစီးသွားခဲ့တာမှာ ကြိုတင်မဲတွေနဲ့ ပေါင်းပြီး ဦးအောင်သိန်းလင်းက အနိုင်ရသွားခဲ့တယ်လို့ ဦးကောင်းမြင့်ထွဋ်က ဗွီအိုအေကို ပြောခဲ့ပါတယ်။

တောင်ဥက္ကလာပမြို့နယ်မှာ မဲရုံပေါင်း ၂၀၃ ရုံရှိပြီး ကျန်တဲ့ရပ်ကွက်တွေက မဲရုံတွေမှာလည်း မဲတွေ ရေတွက်နေဆဲ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မှာတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ကို ဒေသခံတွေ အားလုံးက မဲပေးခဲ့ကြတယ်လို့ ယုံကြည်တဲ့အကြောင်း ကျားဖြူပါတီလို့ လူသိများတဲ့ SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ဧရာဝတီ သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲမှာ ဒီ ၂ ရက်အတွင်း ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး မြဝတီမြို့မှာတော့ ဗုဒ္ဓဘာသာ ကရင်တပ်ဖွဲ့ (DKBA) က နယ်ခြားစောင့်တပ် ဖွဲ့ရေးကို လက်မခံသူတွေက မဲရုံတွေရှေ့မှာ လက်နက်တွေ ကိုင်ဆောင်ပြီး ဆန္ဒပြမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ အာဏာပိုင်တွေရဲ့ တုံ့ပြန်မှုတွေ မရှိသေးဘဲ ဒီသတင်းကိုလည်း အာဏာပိုင်တွေက အတည်ပြုခြင်း မရှိသေးပါဘူး။

XS
SM
MD
LG