ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲက မူးယစ်ဆေးဝါး ထုတ်လုပ်နေတဲ့ စခန်းတွေကို ဝင်ရောက်စီးနင်းမှုတွေကနေ ဒေါ်လာ ၇ သန်း တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ၊ ဆေးပြားတွေနဲ့ စက်ကရိယာတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာစစ်တပ်က သတင်းထုတ်ပြန် ပါတယ်။
မြန်မာတပ်သားတွေနဲ့ ဒေသ မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲအရာရှိတွေက ကွတ်ခိုင်မြို့နယ် လွိုင်ခန်းရွာနားမှာ မှောင်ခိုမူးယစ်ဆေး ထုတ်လုပ်နေတဲ့ စက်ရုံ အဆောက်အဦး ၃၄ လုံးကို ဝင်ရောက်စီးနင်းမှုကနေ methamphetamine ၂၅၉ ကီလိုဂရမ်နဲ့ ဘိန်းစိမ်း ကီလိုဂရမ် ၁၂၀ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာစစ်တပ်ရဲ့ ကြေညာချက်ကို ဖေါ်ပြထားပါတယ်။
ဖမ်းဆီးရမိတဲ့ထဲမှာ ရာနဲ့ချီတဲ့ဲ့ အက်စစ်နဲ့ ဒီဇယ်စည်တွေ ကော့စတစ်ဆိုဒါ အိတ် ၇၅၀၊ ရေခဲသေတ္တာ ၂၂ လုံး၊ ဂျင်နရေတာစက် ၁၂ လုံးအပြင် ကဖိန်းနဲ့တခြားဓါတုပစ္စည်း အများအပြား ပါဝင်ကြောင်း ဖေါ်ပြထားပါတယ်။
ကွတ်ခိုင်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့လတုန်းကပဲ ဒေါ်လာ ၅၄ သန်းလောက် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့ပြီး အဲဒီထဲမှာ meth ဆေးပြား သန်း ၃၀ နဲ့ crystal meth နဲ့ ဘိန်းဖြူ ၂ တန်လည်း ပါပါတယ်။
အဲဒီဒေသဟာ မြန်မာစစ်တပ်နဲ့ လူနဲစု တိုင်းရင်းသားလက်နက်ကိုင်တွေကြား တိုက်ပွဲတွေ မကြာခဏဖြစ်ပွါးလေ့ရှိတဲ့ နေရာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ကွတ်ခိုင်နဲ့ အနားက သိန္ဒီမြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွါးခဲ့ပြီး ဒေသခံ ၈၇၀ လောက် ထွက်ပြေးပုန်းရှောင် ခဲ့ကြတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ UNOCHA ရုံးကပြောပါတယ်။
မြန်မာနိုင်ငံဟာ အာဖဂန်နစ်စတန်ပြီးရင် ကမ္ဘာမှာ ဒုတိယအများဆုံး ဘိန်းစိမ်းထုတ်လုပ်တဲ့ နိုင်ငံဖြစ်ပါတယ်။ အခုလက်နက်ကိုင် တိုက်ခိုက်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကရော မြန်မာစစ်တပ်ကပါ မူးယစ်ဆေးဝါးနဲ့ စီးပွါးရှာကြသလို တရားမဲ့ သတ်ဖြတ်မှုတွေ၊ ညှင်းပမ်းနှိပ်စက်မှုတွေနဲ့ ကလေးစစ်သား စုဆောင်းမှုတွေ ရှိတယ်လို့ လူ့အခွင့်ရေးအဖွဲ့တွေက စွပ်စွဲမှုတွေ ရှိပါတယ်။