သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး မတည်ငြိမ်မှုနဲ့ ကပ်ဘေးကြောင့် ဘဝတက်လမ်းပျောက်နေတဲ့ မြန်မာလူငယ်များ


(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ လက်ရှိနိုင်ငံရေး မတည်ငြိမ်တဲ့ အခြေအနေနဲ့ ကိုဗစ်ကပ်ရောဂါကြောင့် ကျောင်းသား လူငယ်တွေအတွက် ပညာရှေ့ဆက်သင်နိုင်ဖို့ အခွင့်အလမ်းတွေ ခက်ခဲနေပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင် အခွင့်အလမ်း ပိုနည်းပါးလာတဲ့အပြင် စိတ်ဝင်စားရာ ပညာရှာနိုင်ဖို့လည်း အခက်အခဲတွေရှိလာတာကြောင့် လူငယ်တချို့က ပြည်ပထွက်ဖို့ ကြိုးစားလာကြပါတယ်။ လက်ရှိ လူငယ်တွေ ရင်ဆိုင်နေကြရတဲ့ အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ဒေါ်ခင်မျိုးသက်က တင်ပြပါမယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ လူငယ်တွေအတွက် ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းမျှော်လင့်ချက်တွေ နည်းလာတာကြောင့် လူငယ်တော်တော်များများ နိုင်ငံရပ်ခြားကို ထွက်ခွာဖို့ကို ပိုပြီး အားသန်လာနေကြပါတယ်။ အရင်က လူငယ်တွေအတွက် အလုပ်အကိုင်အခွင့် အလမ်းတွေ ပိုများပြီး၊ ကိုယ်သင်ယူချင်တဲ့ ပညာရပ်တစ်ခုကို သင်ယူနိုင်ဖို့ လွယ်ကူခဲ့ပေမယ့် ခုလက်ရှိအချိန်မှာတော့ အလုပ်တွေ ရှာရခက်ခဲလာသလို ပြည်တွင်းမှာ ပညာသင်ယူနိုင်ဖို့ပါ မလွယ်တော့တာကြောင့် ဘဝတိုးတက်ရေးအတွက် ပြည်ပထွက် ပညာသင်၊ အလုပ်ရှာဖို့ ကြိုးစားသူ များလာတာပါ။ စစ်အာဏာမသိမ်းခင်အချိန်က ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်ပြီး လက်ရှိမှာ အလုပ်လက်မဲ့ ဖြစ်နေတဲ့ ကိုကျော်ထက်က ပြည်ပကိုထွက်နိုင်ဖို့ ကြိုးစားနေ ပါတယ်။

“ကျွန်တော်က အာဏာသိမ်းပြီးနောက်ပိုင်း ဘာလုပ်နေသလဲဆိုတော့ မြန်မာနိုင်ငံမှာကို နေချင်စိတ်မရှိတော့ဘူး။ အဲ့အတွက်ကြောင့် ပြည်ပနိုင်ငံတစ်ခုခုကိုသွားမယ်။ သွားမယ်ဆိုရင် ဘာသာစကားလိုတယ်ဆိုတော့ ဘာသာစကားတစ်ခုခုကို တစိုက်မတ်မတ် လေ့လာနေတယ်။ ခုက ပိုက်ဆံရှိတဲ့ လူတန်းစားတစ်ရပ်ဆိုရင် သူတို့အတွက် အခွင့်အရေးပိုများတယ်။ သူတို့က နိုင်ငံခြားကို ထွက်ကြတယ်။ မြန်မာနိုင်ငံတွင်းမှာတော့ ပညာရေးက အဆင်မပြေဘူးပေါ့နော်။ ကျွန်တော်ဆိုရင် ခုဆိုရင် အာဏာသိမ်းပြီးနောက်ပိုင်း ပညာရေးက ပျောက်ဆုံးနေတာ တံခါးပိတ်နေတာပေါ့။ ကိုယ့်ဟာကိုယ် တက်လမ်းရှိအောင် လုပ်ပေမယ့်လည်း တိုင်ပတ်နေတာကတော့ ဒီအာဏာသိမ်းပြီးနောက်ပိုင်းမှာ အတော်ကြီးကို အခက်အခဲကြုံရတယ်ပေါ့ ကျွန်တော်အမြင်မှာ။”

အခုဆို လူငယ်တော်တော်များများ ပြည်ပမှာ အလုပ်လုပ်နိုင်ဖို့အတွက်ရော၊ ဆက်လက် ပညာသင်နိုင်ကြဖို့အတွက်ပါ ဘာသာစကားလေ့လာမှုတွေ ပိုလုပ်လာကြတယ်လို့ ဂျပန်ဘာသာစကား သင်တန်းကျောင်းတခုက ဆရာတစ်ဦးက ဗွီအိုအေ ကို ပြောပြပါတယ်။

“နိုင်ငံရေးက ဒီလိုဖြစ်သွားတော့ အပြင်တွေလဲ သိပ်မထွက်ရတော့ သူတို့က အိမ်ထဲမှာပဲ စာတွေ လေ့လာကြတယ်ပေါ့။ အရင်ကထက်ပိုပြီးတော့ လေ့လာတဲ့ သင်တန်းသားတွေ ပိုပြီးတော့ များလာတယ်ပေါ့နော်။ ပြီးတော့ အတန်းသားတွေက အပြင်လဲ သိပ်မထွက်ရဘူး။ အလုပ်အကိုင်တွေ လည်း သိပ်အဆင်မပြေကြတော့ သူတို့က ဂျပန်သွားဖို့ အနာဂတ်လေးတစ်ခု ထားထားတယ်။ သူတို့က ဒီဘာမှ မလုပ်ရတဲ့ အားနေတဲ့ အချိန်မှာ သင်တန်းလေးတခု တက်ထားမယ်ပေါ့။ အဲ့တော့ နဂိုထက်တော့ လူတွေ ပိုများလာတယ်ပေါ့။”

ကိုဗစ်ကပ်ရောဂါ ကာလဖြစ်နေတာရော စစ်တပ်က အာဏာသိမ်း အုပ်ချုပ်နေချိန်ဖြစ်တာမို့ အလုပ်အကိုင်တွေ အရင်ထက် ပိုပြီးရှားနေပါတယ်။ ဂျပန်ဘာသာလို ဘာသာစကားသင်ကြားမှု အပါအဝင် အွန်လိုင်းကနေ ပညာဆက်ရှာနေသူတွေမှာ နောက်ထပ် အခက်အခဲတခုလည်း ရှိပါသေးတယ်။ အင်တာနက် အခက်အခဲကြောင့် ပညာသင်ယူဖို့ ခက်ခဲတဲ့ ကျောင်းသား ၃၀ ရာခိုင်နှုန်း လောက်ရှိတယ်လို့ ဂျပန်ဘာသာသင်ဆရာက ပြောပြပါတယ်။

“နယ်ဘက်ကနေ တက်ကြတဲ့ ကျောင်းသားတွေက တချို့တွေ လိုင်းဖြတ်ခံရတာတို့၊ 2G လောက်ပဲ အင်တာနက် ဖွင့်ပေးတာတို့၊ တချို့တွေဆို မနက်ပိုင်းပဲအင်တာနက် ရပြီး ညနေပိုင်း မရတာတို့ အဲ့တာမျိုးတွေ ရှိတယ်။ များလားဆိုတော့ တရာ ရာခိုင်နှုန်းမှာ ၃၀ ရာခိုင်နှုန်းလောက်တော့ ရှိတယ်ဗျ။”

ရခိုင်ပြည်နယ် မာန်အောင်မြို့က Change Maker School က ရခိုင်ပြည်က လူငယ်တွေအတွက် နိုင်ငံရေး၊ လှုမှုရေး၊ စီးပွားရေး ဘာသာရပ်တချို့နဲ့ ဘာသာစကား စသဖြင့် လေ့လာနိုင်ဖို့ ဒေသဖွံ့ဖြိုးရေး အကျိုးပြု လုပ်နေတဲ့ ကျောင်းတခုဖြစ်ပါတယ်။ အဲ့ဒီကျောင်းကနေ မြန်မာနိုင်ငံတွင်းမှာ ရှိတဲ့ ကျောင်းတချို့နဲ့ ပြည်ပနိုင်ငံတချို့က ကျောင်းတွေကို ပညာသင်ဆုနဲ့ ကျောင်းတက်နိုင်ဖို့အတွက် လုပ်ပေးနေတာတွေလည်း ရှိပါတယ်။ လက်ရှိနိုင်ငံရေးအခြေအနေ တွေကြောင့် ပြည်တွင်းမှာရှိတဲ့ ကျောင်းတချို့ ပိတ်တာတွေ ရှိသလို လက်ရှိ ပဋိပက္ခတွေကြောင့် လုံခြုံရေးအတွက် စိုးရိမ်ပြီး ကျောင်းသွားမတက်နိုင်တဲ့ အခြေအနေမျိုးတွေလည်း ရှိနေတာကြောင့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ လူငယ်တွေအတွက် ပညာရေးအခွင့်အလမ်းတွေ နည်းလာတယ်လို့ Change Maker Schoolရဲ့ Manager အဖြစ်တာဝန်ယူထားတဲ့ ကိုဇော်လင်းဦးက ဗွီအိုအေ ကိုပြောပြပါတယ်။

“တော်တော်များများ အခွင့်အရေးတွေ ဆုံးရှုံးသွားတယ်လို့ ပြောလို့ရတယ်ပေါ့နော်။ လူငယ်တယောက် အနေနဲ့ပေါ့။ ကျွန်တော်တို့ ကျောင်းက လူငယ်တချို့ဆိုလို့ရှိရင် Scholarship တွေရတယ်။ သူတို့ သွားတက်ဖို့ ပြင်ဆင်ထားပြီပေါ့။ ဒါပေမယ့် ဒီလို နိုင်ငံရေးအခြေအနေ အကြောင်းအမျိုးမျိုးကြောင့်နဲ့ မသွားလိုက်ရဘူးပေါ့။ အွန်လိုင်းကနေ သင်လို့ရတဲ့ ကျောင်းသားတွေ ရှိပေမယ့် တချို့တွေက အွန်လိုင်းကနေ သင်လို့မရတာတွေလည်းရှိတယ်။ အဲ့တာတွေကြောင့် လူငယ်တွေရဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားတယ်ပေါ့။ တစ်ခြားတခုက အင်တာနက်လိုင်းတွေကလည်း ကျွန်တော်တို့ဖက်မှာက နည်းနည်း ညံ့တာမျိုးရှိတယ်ပေါ့။

အဲ့တော့ အွန်လိုင်းက သင်တယ်ဆိုတာမှာ အင်တာနက်လိုင်းတွေက သင့်တော်သလောက်မကောင်းဘူးဆိုရင် ကျွန်တော်တို့ အွန်လိုင်း သင်တဲ့ ကျောင်းသားတွေ အနေနဲ့လည်း အဆင်မပြေတာတွေ ရှိတယ်ပေါ့။ တချို့ကျောင်းတွေဆိုရင် ရပ်တန့်သွားတာတွေ ရှိတယ်ပေါ့။ အရင်နှစ်တွေကဆိုရင် Scholar နဲ့ ခေါ်တဲ့ကျောင်းတွေက ၂၀၊ ၃၀ လောက်ရှိတယ်ပေါ့ ပြည်တွင်းထဲမှာ။ ဒီနှစ်ဆိုရင် သိပ်ကို နည်းသွားတယ်။ တချို့ နိုင်ငံရေးဘာသာရပ်တွေကို သင်နေတဲ့ ကျောင်းတွေ ဆိုလို့ရှိရင် သူတို့က လုံးဝ နာမည်ဖျောက်ထားရတာမျိုးတွေပေါ့။ နိုင်ငံရေး အခြေအနေတွေကြောင့်။”

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်ကတည်းက အထက်တန်းကျောင်း၊ တက္ကသိုလ်ကျောင်းတွေကို ပိတ်ထားပါတယ်။ စစ်အာဏာသိမ်းပြီးနောက်မှာ အခြေအနေတွေ ပိုပြီး မတည်မငြိမ်ဖြစ်နေတာကြောင့် ကျောင်းတွေပုံမှန် ပြန်မဖွင့်သေးသလို၊ စီးပွားရေးလုပ်ငန်း တော်တော်များများ ထိခိုက်နေတာကြောင့် လူငယ်တွေအတွက် ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းမေ ျှာ်လင့်ချက်တွေ ပျောက်ဆုံးနေကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)













XS
SM
MD
LG