သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲများ ပစ်ခတ်ဖမ်းဆီးဖြိုခွဲခံရ 


ZawGyi/Unicode

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နိုင်ငံတဝန်းမှာ ဆက်လက်ဖြစ်ပွားနေပြီး ရန်ကုန်မှာတော့ ဒီနေ့ စမ်းချောင်းနဲ့ ကြည့်မြင်တိုင်ဘက်မှာ ပစ်ခတ်နှိမ်နှင်းတာတွေ ရှိခဲ့တယ်လို့ ဆန္ဒပြတဲ့သူတွေက ပြောပါတယ်။ ဒါ့အပြင် ဒီနေ့ ရန်ကုန်ဆန္ဒပြပွဲအတွင်း ဆန္ဒပြတဲ့သူ ဆယ်ဂဏန်းအထိ အဖမ်းခံရတယ်လို့လည်း သိရပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ လမ်းပေါ်ထွက်ဆန္ဒပြပွဲတွေ ရန်ကုန်မှာစတင်ခဲ့တာ အခုဆိုရင် ၁ လ ပြည့်သွားပြီဖြစ်ပြီး ဆန္ဒပြပွဲတွေဟာ ရန်ကုန်အပါအဝင် မန္တလေးနဲ့ နိုင်ငံတဝန်းကမြို့တွေမှာ ဆက်လက်ဖြစ်ပွားနေပါတယ်။ ရန်ကုန်မြို့မှာတော့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာ၊ တာမွေနဲ့ နေရာအတော်များများမှာ ဆန္ဒပြပွဲတွေ ဆက်လက် ဖြစ်ပွားခဲ့ပြီး စမ်းချောင်းမြိ့နယ် ကျွန်းတောလမ်းက ဆန္ဒပြတဲ့နေရာကိုတော့ ရဲနဲ့ စစ်တပ်လုံခြုံရေးတွေက မနက်ပိုင်းမှာ ပစ်ခတ်နှိမ်နှင်တာတွေရှိခဲ့တယ်လို့ အဲဒီ ဆန္ဒပြပွဲမှာပါဝင်သူတဦးက ဗီအိုအေကို ပြောပါတယ်။

“ကျနော်တို့ ၇ နာရီခွဲ ၈ နာရီ လောက်မှာ လူငယ်တွေတဖွဲဖွဲစုကြပါတယ်။ စုပြီးတော့ ကျနော်ကတော့ ကျွန်းတောလမ်းမှာ အထိုင်အဖြစ်နဲ့ အဲဒီသပိတ်မှာ ပူးပေါင်းပါတယ်။ ပုံမှန်ကျနော်တို့ ကြွေးကြော်သံတွေလုပ်နေတဲ့အချိန်မှာပဲ ၉ နာရီ ၄၀ လောက်မှာ စပြီး သူတို့ဘက်က အသံဗုံး ၂ လုံး ၃ လုံး နဲ့ မျက်ရည်ယိုဗုံး ၃ လုံးလောက်ခွဲပါတယ်။”

ရဲနဲ့စစ်တပ်ဘက်က ပစ်ခတ်နှိမ်နင်းရာမှာ ရာဘာကျည်၊ မျက်ရည်ယိုဗုံးနဲ့ အသံဗုံးတွေကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ စမ်းချောင်းမှာ ဒီကနေ့ လုံခြုံရေးတွေဘက်က ပစ်ခတ်နှိမ်နှင်းတာတွေနဲ့ပတ်သက်ပြီး ဆန္ဒပြပွဲတွေမှာပါဝင်တဲ့ စမ်းချောင်းမြို့ခံ နောက်တဦးကလည်း အခုလို ပြောပါတယ်။

“ကျနော်မနက် ၁၀ နာရီဝန်းကျင်လောက် ဆန္ဒပြတဲ့သူတွေ စုရုံးနေတဲ့အချိန်လောက်မှာ သူတို့က ရောက်လာပြီးတော့ ရဲကားတွေ၊ ဒယ်ဘယ်ကပ်ကားတွေပေါ်မှာ ရဲတွေတင်လာပြီးတော့ အသံဗုံးတွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ စတင်ပစ်ခတ်ပါတယ်။ အဲဒီနောက် သူတို့က ကလေးတွေက တဖြည်းဖြည်းနဲ့ နောက်ဆုတ်လာတဲ့အချိန်မှာ လမ်းတွေ၊ ရပ်ကွက်လမ်းတွေထဲကို ဝင်ပြီးတော့ ပစ်ခတ်ပါတယ်ခင်ဗျ။ အဲဒီမှာ ရပ်ကွက်လမ်းတွေ၊ ဆိုင်တွေလည်း ပိတ်လိုက်ရပါတယ်။ ရပ်ကွက်ထဲမှာလည်း မျက်ရည်ယိုဗုံးတွေ၊ အသံဗုံးတွေ၊ ကလေးတွေရော လူကြီးတွေရော အကုန်လုံးကြောက်လန့်ခဲ့ရပါတယ်ခင်ဗျာ။ ကျနော်တို့ ကျွန်းတောလမ်းမ တလျှောက် ရပ်ကွက်လမ်းတွေပေါ့၊ မကြီးကြီးလမ်း၊ ရွှေနှင်းဆီလမ်း၊ ပြည်သူ့ကွက်သစ်လမ်းတို့ စတဲ့ လမ်းသွယ်တွေ လမ်းသွယ်တွေတိုင်းမှာ သူတို့ကဝင်ပြီးတော့ ပစ်ခတ်သွားတယ်။”

အစောပိုင်းမှာ ထိခိုက်ဒဏ်ရာရတာတွေ ၊ ဖမ်းဆီးတာတွေမရှိပေမယ့် ညနေပိုင်းမှာ သပိတ်သိမ်းတဲ့အချိန်မှာတော့ အာဏာပိုင်တွေဘက်က ဖမ်းဆီးရောက်လာပြီး ဖမ်းဆီးသွားတာကြောင့် ၄ ယောက်လောက် ဖမ်းဆီးခံလိုက်ရတယ်လို့ ပြောပါတယ်။

“သပိတ်ခွဲတော့မှပဲ လူငယ်တွေ သူ့အစု သူ့အစုနဲ့ သူပြန်တဲ့အချိန်မှာ မဟာမြိုင်လမ်းနဲ့ ပြည်လမ်းထိပ်မှာ ဖမ်းတယ် လို့ ကြားရတယ်။ အတည်တော့ မပြုနိုင်သေးပါဘူး ၊ ၄ ယောက်လောက် ဖမ်းခံထားရတယ်လို့ ကြားပါတယ်။”

ဒါ့အပြင် ကြည့်မြင်တိုင်မြို့နယ် ဗားကရာလမ်းဆုံဘက်မှာတော့ ဒီနေ့ မနက်ပိုင်းကတည်းက လုံခြုံရေးတွေဘက်က ပစ်ခတ်နှိမ်နှင်းတာတွေ၊ ဖမ်းဆီးတာတွေ နဲ့ ဆန္ဒပြတဲ့သူတွေဘက်က တားဆီးထားတဲ့ အတားအဆီးတွေကို မီးရှို့ တာတွေလည်း ရှိခဲ့တယ်လို့ ကြည့်မြင်တိုင်မြို့နယ်က မျက်မြင်တွေ့ရှိသူတဦးက ပြောပါတယ်။

“ဘောဂလမ်းထဲက ဓမ္မာရုံကို သူတို့ ဝင်ပြီးတော့ ဖျက်ဆီးတယ်။ ဖျက်ဆီးသွားပြီးတော့ အဲဒီထဲမှာ ရှိနေတဲ့ ဆန်၊ ဆန်အိတ်၊ နှာခေါင်းစည်း (Mask) တွေ၊ ဂတ်စ်ကာကွယ်တဲ့ Mask တွေ နဲ့ ကာဗာတွေကို ယူချသွားတယ်။ ဓမ္မာရုံ ကိုလည်း ဖျက်ဆီးသွားတယ်။ ဗားကရာက လုံးဝခံတပ်ကွာ၊ ခံတပ်ကြီးလုပ်ထားတာ။ အဲဒီခံတပ်က ဝါးကပ်တွေကိုလည်း ရိုက်ချိုး၊ မီးရှို့အကုန်ဖျက်ဆီးသွားတယ်။ ပြီးတော့ သူတို့က အဓိက မီးရထားဝင်း၊ မီးရထားဝင်းထဲကို ကျောင်းသားတွေ ဝင်ပြေးသွားကြတာကိုး။ မီးရထားဝင်းထဲမှာ ကျောင်းသားတွေရော CDM လုပ်တဲ့ ဝန်ထမ်းတွေရော အကုန်ပါတယ်။ အဲဒီထဲကလူတွေလည်း ဖမ်းသွားတယ်။ ဘောဂရပ်ကွက်ထဲကတော့ အားလုံးပေါင်း ၁၁ ယောက်လို့ ပြောသံကြားတယ်။ နောက် ရွှေလှိုင်လမ်းက ညီမလေးတယောက်ပါသွားတယ်လို့ ပြောသံကြားပါတယ်။”

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ပစ်ခတ်နှိမ်နှင်းမှုတွေ နဲ့ လူသေဆုံးမှုတွေရှိခဲ့တဲ့ မန္တလေးမြို့မှာတော့ ဆန္ဒပြပွဲတွေဟာ အရင်နေ့တွေကလို မဟုတ်ဘဲ ၊ မြတောင် သပိတ်စစ်ကြောင်းနဲ့ အနည်းငယ်သာရှိခဲ့ပြီး၊ လုံခြုံရေးတွေလည်း အများအပြားချထားတာ မတွေ့ရဘူးလို့ မန္တလေးမြို့မှာရှိနေတဲ့ ဗီအိုအေသတင်းထောက်က ပြောပါတယ်။

ဒါပေမဲ့လည်း နေပြည်တော်နဲ့ပျဉ်းမနားဘက်မှာတော့ လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ်ချထားတဲ့ကြားကပဲ ပျဉ်းမနားမြို့မဈေးရှေ့မှာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ လူငယ် ၅၀ လောက် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

နိုင်ငံတဝန်းမှာဆိုရင်လည်း မြစ်ကြီးနား၊ ဖားကန့်၊ လားရှိုး၊ ဟားခါး၊ မုံရွာ၊ လွိုင်ကော်၊ ပဲခူး၊ ထားဝယ်စတဲ့မြို့တွေမှာလည်း စစ်အာဏာသိမ်မှုကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး မြို့ခံပြည်သူတွေ ထောင်နဲ့သောင်းနဲ့ချီပြီပါဝင်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

Unicode













#MyanamrMilitaryCoup #MyanmarProtest #YangonProtest #WhatIsHappeningInMyanmar #VOABurmese

XS
SM
MD
LG