သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီး လှေစီးပြေးတွေ နိုင်ငံသား စိစစ်မှု စတင်


မြန်မာရေတပ်က ဖမ်းဆီးမိ လှေစီးပြေးဒုက္ခသည်များ။ သတင်းဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန
မြန်မာရေတပ်က ဖမ်းဆီးမိ လှေစီးပြေးဒုက္ခသည်များ။ သတင်းဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန

ရခိုင်ပြည်နယ်ထဲက လှေစီးပြေး ဒုက္ခသည် ၇၀၀ ကျော်ထဲမှာ မြန်မာနိုင်ငံဘက်က ၂၀၀ နီးပါး ပါဝင်ပြီး ကျန်တဲ့သူတွေကိုတော့ ဒီကနေ့မှာဘဲ ဘင်္ဂလားဒေရှ့် သံအဖွဲ့က နိုင်ငံသား ဟုတ်မဟုတ် စတင်စစ်ဆေးနေပြီ ဖြစ်ပါတယ်။ တချိန်တည်း မှာဘဲ ဘင်္ဂလားဒေရှ့် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကိုလည်း ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီကနေ့မှာ ဆင့်ခေါ်ခဲ့ ပါတယ်။ မြန်မာနိုင်ငံ မှာ သောင်တင်နေတဲ့ လှေစီးပြေးတွေ ဌာနေပြန်နိုင်ရေး နောက်ဆုံး ရ အခြေအနေ အသေးစိတ်ကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။

ဧရာဝတီတိုင်း ဖျာပုံမြို့ အနီး မြန်မာ့ပင်လယ်ပြင် အတွင်းက ကယ်တင်လိုက် ရတဲ့ လှေစီးပြေး ဒုက္ခသည် ရ၀၀ ကျော်တို့ကို ဘင်္ဂလားဒေရှ့် နိုင်ငံသား ဆိုင်ရာ စိစစ်မှုတွေကို သောကြာနေ့မှာ ဘင်္ဂလားဒေရှ့် သံရုံးက စတင်လုပ်ဆောင်နေပြီ ဖြစ် ပါတယ်။ စစ်တွေမြို့ အခြေစိုက် ဘင်္ဂလားဒေရှ့် ကောင်စစ်ဝန်ရုံးက သံကိုယ်စားလှယ် ၂ ဦးနဲ့ ရန်ကုန် အခြေစိုက် ဘင်္ဂလားဒေရှ့် သံရုံးက သံကိုယ်စားလှယ် ၂ ဦးတို့ကို နိုင်ငံသား စိစစ်ဖို့ ခွင့်ပြုထားတဲ့ အကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဒုတိယ အသုတ် ကယ်တင်လိုက်ရတဲ့ လှေစီးပြေး ၇၀၀ ကျော်တို့ထဲမှာ မြန်မာနိုင်ငံ က ၂၀၀ နီးပါး ပါရှိပြီး သူတို့ကို နေရပ်ရင်း ပြန်ပို့နိုင်ဖို့ ဆောင်ရွက်နေတဲ့ အကြောင်း ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးသန့်ကျော်က ပြောပါတယ်။

"အကုန်လုံးခွဲထုတ်ပြီးပါပြီ။ ကျနော်တို့ကတော့ ၁၈၀ လောက် ရှိတယ်လို့ ခန့်မှန်းထားတာပေါ့နော်။ အဲတော့ ကျန်တဲ့ဟာတွေကတော့ သူတို့ ။ ကျနော်တို့ စစ်ပြီးတဲ့ဟာကိုတော့ ကျနော်တို့က လဝက ကနေ စိစစ်ပြီးတော့ သူ့သက်ဆိုင်ရာ ဘယ်မြို့နယ် ဘယ်ရွာတွေက အစ ကျနော်တို့ အကုန်ရပါပြီ။ နောက်ဆုံး လဝက ကနေ စိစစ်ပြီးလို့ ရှိရင် သူတို့ နေခဲ့တဲ့ ရွာတွေကို အကုန်လုံး ပြန်ပို့ဖို့ လုပ်ပါမယ်။ ကျန်ခဲ့တဲ့ သူတွေကတော့ ကျနော်တို့ ဘင်္ဂလားဒေရှ့်က ကောင်စစ် သူတို့ စစ်ဆေးဖို့ အတွက် ကျနော်တို့က စစ်ဆေးခွင့်ပေးမှာပေါ့လေ။"

ပြီးခဲ့တဲ့ လအတွင်း ရခိုင်ပြည်နယ် ကမ်းလွန်ပင်လယ်ပြင်က ဖမ်းဆီးရမိပြီး ရခိုင်ပြည်နယ် တောင်ပြို (လက်ဝဲ) မြို့နယ်မှာ ခေတ္တ ထားရှိထားတဲ့ လှေစီးပြေး ၂၀၀ တို့ထဲက ၁၅၀ ကျော်တို့ကို ဒီရက်ပိုင်းအတွင်းမှာဘဲ ဘင်္ဂလားဒေရှ့် နိုင်ငံက ပြန်လည်ခေါ်ဆောင် မယ်လို့ ကြာသပတေးနေ့တုန်း က မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေရှ့် သံအမတ်ကြီးက ပြောပါတယ်။ မြန်မာ အစိုးရဘက်က မြန်မာနိုင်ငံသားတွေ မဟုတ်ဘူးလို့ ပြောဆိုထားတဲ့ လှေစီးပြေး ၂၀၀ တို့ထဲက ကျန်ရှိနေသေးသူ ၅၀ တို့ အရေးနဲ့ပတ်သက်လို့တော့ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးသန့်ကျော်က အခုလို ပြောပါတယ်။


"၁၅၀ လောက်ကတော့ သေသေချာချာ စာရင်း သူတို့ဘက်က မှန်တယ်ဆိုတာ သူတို့သိပါပြီ။ နောက် ၁၀ ယောက်လောက်ကတော့ သူတို့လည်း ခုန ပြောသလို Gray ဧရိယာပေါ့လေ Gray ဧရိယာ ဆိုတော့ သူတို့လည်း Form ထဲမှာ အချက်အလက် မပြည့်စုံတော့ သူတို့လည်း ပြန်ပြီးတော့ ဒီလူတွေရဲ့ အချက်အလက် ပြန်ယူရတယ်။ ကျန်တဲ့ ၄၀ လောက်ကလည်း စစ်လို့ မပြီးသေးဘူး။"

လှေစီးပြေးတွေ အရေးနဲ့ပတ်သက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုက ကျေနပ် အားရ စရာ ကောင်းတယ်လို့ လည်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ သောကြာနေ့မှာတော့ ဘင်္ဂလားဒေရှ့် နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမျိုးမြင့်သန်းကို ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆင့်ခေါ်ခဲ့တယ်လို့ ဘင်္ဂလားဒေရှ့် သတင်းတွေမှာ ဖော်ပြပါတယ်။

၁ နာရီနီးပါးကြာ ဆွေးနွေးမှုနဲ့ ပတ်သက်ပြီး နှစ်ဘက်တို့က ထုတ်မပြောပေမယ့် ခိုင်မာတဲ့ သတင်းရင်းမြစ်တွေ အပြောကတော့ ဘင်္ဂလားဒေရှ့် နိုင်ငံတွင်းက လူမှု စီးပွားရေး အခြေအနေကြောင့် ရွှေ့ပြောင်းဖို့ ကြိုးစားတာလို့ မြန်မာ အစိုးရ အရာရှိကြီး တဦးရဲ့ ပြောဆိုမှုကို သံတမန်ရေးအရ ခေါ်ယူ ပြောဆိုတာ ဖြစ်တယ်လို့ ဘင်္ဂလားဒေရှ့် bdnews24 ကဖော်ပြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့တော့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနဘက်က မသိရှိရသေးတဲ့ အကြောင်း ဒုတိယ ဝန်ကြီး ဦးသန့်ကျော်က ပြောပါတယ်။

"ကျနော်တို့ကတော့ အမှန်အတိုင်း ပြောရရင်တော့ နှစ်နိုင်ငံကြားထဲမှာ သူတို့လည်း ကျနော်တို့နဲ့ ဆက်ဆံရေးကို မြှင့်တင်ချင်တယ်။ ကျနော်တို့လည်း နှစ်နိုင်ငံ ဆက်ဆံရေးကို မြှင့်တင်ချင်တယ်။ ဖြစ်လာတဲ့ ပြဿနာကတော့ ကျနော်တို့ နှစ်ဘက်လုံး ထိုင်ပြီး ညှိကြမှာပါ။"

မြန်မာ အစိုးရဘက်ကတော့ လှေစီးထွက်ပြေးကြသူတွေဟာ ဖိနှိပ်ချုပ်ချယ်မှုကြောင့် မဟုတ်ဘဲ ဆင်းရဲချို့တဲ့မှုကြောင့် အလုပ်အကိုင် အခွင့်အလမ်းကောင်းတဲ့ ဒေသ တွင်း နိုင်ငံတွေကို ရွှေ့ပြောင်းဖို့ ကြိုးစားကြသူတွေလို့ တစိုက်မတ်မတ် ပြောဆိုနေတာ ဖြစ်ပါတယ်။

လှေစီးပြေး ဒုက္ခသည် အရေးကို ဖြေရှင်းနိုင်ဖို့က ဒေသတွင်း လူမှောင်ခိုကူးမှုနဲ့ တရားမဝင် အလုပ်သမား ပြဿနာကို ဖြေရှင်းရမှာ သာ ဖြစ်တယ်လို့လည်း ပြောဆို ထားပြီး ဖြစ်ပါတယ်။ ကြာသပတေးနေ့တုန်းကဘဲ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က နိုင်ငံတကာ သံတမန်တွေ၊ ကုလနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ တက်ရောက်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ လှေစီး ထွက်ပြေးကြသူတွေဟာ ဖိနှိပ်မှုကြောင့် ထွက်ပြေးကြရတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ အများစု ဖြစ်တယ်လို့ နိုင်ငံတကာမှာ ပြောဆိုနေကြတာတွေဟာ မမှန်ဘူးလို့ ကြာသပတေးနေ့က ပြောဆိုခဲ့တာပါ။ ဒီလူတွေဟာ အလုပ်အကိုင် အခွင့်အလမ်းကောင်းတဲ့ နိုင်ငံတွေကို ရွှေ့ပြောင်းကြတာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုခဲ့သေးတာ ဖြစ်ပါတယ်။

XS
SM
MD
LG