တရုတ်- မြန်မာ မူဆယ်နယ်စပ်ဂိတ်ကနေ လူဝင်ထွက်ခွင့်ကို ပြန်ခွင့်ပြုလိုက်တဲ့ ဇန်နဝါရီလ ၂၅ရက်နောက်ပိုင်းကစပြီး တရုတ်ရွှေလီမြို့ကိုသွားတဲ့ မြန်မာအရေအတွက် တဖြည်းဖြည်း များလာပါတယ်။ တရုတ်နယ်စပ်က မြန်မာတွေ ပြောပုံအရဆိုရင် တစ်ရက်ကို လူဦးရေ လေးထောင်ကျော်၊ ငါးထောင်နှုန်းလောက် တရုတ်ကို ထွက်ခွာနေကြတာပါ။ ပြည်တွင်းမှာ အလုပ်အကိုင် ရှားပါးမှု၊ တရုတ်ဘက်က လုပ်သားလိုအပ်ချက် ဒီလိုအကြောင်းတွေကြောင့် မြန်မာအလုပ်သား အများအပြားကို ယူနန်အစိုးရက လက်ခံထားဖို့ရှိပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နယ်စပ်ဂိတ်ကနေ တရုတ်နိုင်ငံ ရွှေလီမြို့ကို အလည်အပတ် နေထိုင်ခွင့်နဲ့ အလုပ်လုပ်ဖို့ ထွက်ခွာနေတဲ့ မြန်မာတွေက တစ်ရက်ကို ၄,၀၀၀ ကျော် ၅,၀၀၀ နီးပါးလောက်ရှိနေပါတယ်။ ရန်ကုန်က တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်အရဆိုရင် ဂိတ်ဖွင့်ပြီး တလအတွင်းမှာ တရုတ်ဘက်သွားတဲ့ မြန်မာဦးရေက ၆၀,၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။ တရုတ်ဘက်က ကိုဗစ်စစ်ဆေးတာတွေ မရှိတော့ပေမဲ့ ကိုယ်ရေးအချက်အလက် ပေးသွင်းရတဲ့အချိန်မှာ ဘာသာစကား ကွာဟမှုကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းတွေတုန်းက နာရီပေါင်းများစွာ စောင့်ဆိုင်းခဲ့ရကြောင်း ရွှေလီမြို့ကိုရောက်သွားတဲ့ မြန်မာလုပ်ငန်းရှင်တဦးက အခုလိုပြောပါတယ်။
" ဒီစာအုပ်အနီနဲ့ပဲ လုပ်ပြီးဝင်ကြတာပေါ့၊ အလုပ်အကိုင်အခွင့်အလမ်းက ဒီဘက်မှာက အင်မတန်လိုအပ်ချက် ကြီးမားနေတာကိုး။ အလုပ်အကိုင်အခွင့်အလမ်း မရှိဘူးလေ။ ဟိုဘက်ကိုသွားပြီး အလုပ်လုပ်ဖို့ ဒီအတွက်ကို နေ့စဉ် တရုတ်ပြည်အဝင်က တော်တော့်ကိုများတယ်။ ဟိုဘက်က အလုပ်သမားလိုအပ်ချက် ဒီဘက်က အလုပ်အကိုင်လိုအပ်ချက် ဒီနှစ်ခုကြောင့်ပေါ့နော်။ အဲဒီကိုဝင်တဲ့အထဲမှာ ဘယ်သူတွေများလဲဆိုတော့ ရှမ်းလူငယ်တွေ တွေ့ရတယ်၊ ပလောင်လူငယ်တွေ တွေ့ရတယ်၊ ကချင်လူငယ်တော့ မတွေ့ဘူးပေါ့။ ၆ညအိပ် ၇ရက်ပဲ၊ ၇ရက်ပြည့်ရင် ထွက်ပြီးတော့မှ တံဆိပ်တုံးထုပြီး ပြန်ဝင်မယ်ဆိုတဲ့ သဘောမျိုးနဲ့ပေါ့နော် အဲဒီအတွက်ကို အလုအယက် အများကြီးဝင်ကြရတာပေါ့။"
တရုတ်က ကိုဗစ်အကန့်အသတ်တွေ မထားတော့ဘဲ နယ်စပ်ဂိတ်တွေဖွင့်၊ စီးပွားရေးအရှိန်မြှင့်ဖို့ စဉ်းစားနေတာကြောင့် လက်ရှိမှာ လုပ်သားအများအပြား လိုအပ်နေချိန် ဖြစ်ပါတယ်။ မြန်မာဘက်က ထုတ်ပေးထားတဲ့ နယ်စပ်ဖြတ်ကူးခွင့် စာအုပ်ထဲမှာ တရုတ်နိုင်ငံထဲ နေထိုင်ခွင့်ကို တစ်ပတ်ပဲခွင့်ပြုထားပါတယ်။ တစ်ပတ်လောက် အလုပ်လုပ်ပြီး မြန်မာဘက်မှာ သက်တမ်း ပြန်တိုးနေရတာပါ။ ယခင်ကတော့ ဒါကို ယူနန်အစိုးရဘက်က မျက်ကွယ်ပြုပြီး မြန်မာနိုင်ငံသားတွေကို လပေါင်းများစွာ နေထိုင်ခွင့် ပေးခဲ့တာပါ။ ဒီတကြိမ်မှာလည်း သူ့ရဲ့ လုပ်သား လိုအပ်ချက်ကိုလိုက်ပြီး အခြေအနေ အမျိုးမျိုး ပြောင်းလဲနိုင်ကြောင်း ရှမ်းမြောက်ဒေသခံတွေက ပြောနေကြပါတယ်။ သူကဆက်ပြောပါတယ်။
" အရင်လို ဖြစ်ဦးမလား၊ မဖြစ်ဘူးလား ဆိုတာကတော့ တဖက်က ဘယ်လိုဆောင်ရွက်မလဲ အပေါ်မှာတော့ မူတည်ပါတယ်။ ဒီ (လုပ်သားစေလွှတ်မှု) MoU တောင်မှ မထိုးရသေးတာကိုး။ တရားဝင် အလုပ်လုပ်ကိုင်ခွင့် ဘာတို့ညာတို့လေ။ မရှိတဲ့အခါကြတော့ တကယ်တမ်း ဟိုဘက်သွားတဲ့အခါ ကျနော်တို့ရဲ့ အလုပ်သမားတွေဟာ လုပ်ခလစာ နည်းပါးတာတွေရှိတယ်၊ အလုပ်ရှင်တွေရဲ့ လုပ်အားခမရှင်းတာတို့ ဘာတို့ပေါ့။ အလိမ်လည်ခံရတာတွေ ရှိတယ်၊ ကြားပွဲစားတွေ၊ ဒီလိုပြဿနာတွေကတော့ အများကြီးပေါ့။"
ကိုဗစ်ကပ်ရောဂါ မပေါ်ခင်က တရုတ်ရွှေလီနဲ့ ကျယ်ဂေါင်မှာ အလုပ်သွားလုပ်တဲ့ မြန်မာဦးရေက တစ်သိန်းကျော်၊ နှစ်သိန်းနီးပါးလောက် ရှိပါတယ်။ ဒီပမာဏရဲ့ သုံးပုံနှစ်ပုံလောက်က ကိုဗစ်ကာလမှာ ပြည်တွင်းကို ပြန်ဝင်လာကြတာပါ။ ယူနန်အစိုးရကလည်း အစိုးရချင်း ချိတ်ဆက်ပြီး မြန်မာအများအပြားကို ပြန်ပို့ခဲ့သလို၊ သူ့နည်းသူ့ဟန်နဲ့ မြန်မာနယ်စပ်ကို လာပို့တာမျိုးလည်း လုပ်ခဲ့ပါတယ်။ အခုတော့ မပြီးပြတ်သေးတဲ့ ဆောက်လုပ်ရေးတွေ၊ စားသောက်ဆိုင်တွေ၊ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ လုပ်သားပြန်ခေါ်ဖို့ ဖြစ်နိုင်ကြောင်း ရွှေလီရောက် မြန်မာနိုင်ငံသားတဦးက အခုလိုပြောပါတယ်။
" ရွှေလီ၊ ကျယ်ဂေါင်၊ မံစီအထိပေါ့ သူတို့ရဲ့ မြို့ပြတိုက်တွေဆိုရင် ကျနော်တို့ မြန်မာပြည်သူ အများအပြား ဆောက်ပေးခဲ့တာပဲလေ။ အဲဒီတော့ သူတို့အဆောက်အဦတွေ ဆောက်မယ်၊ အောက်ခြေအလုပ်တွေဆို သူတို့တရုတ်တွေက သူတို့ဈေးနဲ့ ဘယ်သူမှ မလုပ်ကြဘူး၊ အဆင်မပြေကြဘူးလေ။ သူတို့အလုပ်တွေပြန်လိုပြီ။ စားသောက်ဆိုင်တွေ၊ ပြီးတော့ စက်ရုံတွေရှိမယ် နောက်ပြီး ပန်းရံဆိုက်တွေရှိမယ်၊ အမျိုးမျိုးပါပဲ စိုက်ပျိုးရေးကအစ အများအားဖြင့် ဗမာပြည်သူတွေကို မှီခိုနေရတာ။ ကိုဗစ်ကြောင့်သူတို့ နားထားလိုက်ရတာ၊ တော်တော်ကြာသွားပြီ။ သူတို့အစာရေ ပြတ်တောက်မှု အဲလိုမျိုးတွေကြောင့် ဆန္ဒတွေဘာတွေ ပြကြ ဘာဖြစ်ကြ ဖြစ်ကြလိုက်သေးတယ်။"
မူဆယ် ၁၀၅မိုင်မှာတော့ ကုန်ကားနဲ့ လူဖြတ်သန်းခွင့်အားလုံးကို တရုတ်ဘက်က ပြန်ဖွင့်ထားတာပါ။ ကျန်တဲ့ မြန်မာနဲ့ နယ်စပ်ဂိတ်တွေကိုလည်း ကုန်ကားနဲ့ လူဝင်ထွက်ခွင့်ကို တဖြည်းဖြည်း တရုတ်ဘက်က ဖြေလျှော့နေတာ ဖြစ်ပါတယ်။
{Unicode}