သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးလုပ်အားအသုံးပြုမှု မြန်မာနိုင်ငံမှာ ပျံ့နှံ့


ရန်ကုန်ဆိပ်ကမ်းတခုက ကလေးအလုပ်သမားများ
ရန်ကုန်ဆိပ်ကမ်းတခုက ကလေးအလုပ်သမားများ

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ လောက် စစ်တပ်က အုပ်ချုပ်ထားခဲ့ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက လာမယ့်နှစ် အာဏာလွဲှပြောင်းယူတဲ့အခါမှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေထဲက တခုကတော့ မြန်မာပြည်တွင်းမှာ အဆမတန် များပြား နေတဲ့ ကလေးအလုပ်သမား ပြဿနာပဲ ဖြစ်ပါတယ်။ အခုလို လုပ်ငန်းခွင်ဝင်နေရတဲ့ ကလေးတွေကို လုပ်ငန်းခွင်ကနေ ရပ်စဲပြီး ကျောင်းပြန် နေအောင်လုပ်ဖို့ဆိုတာကတော့ အတော် ခက်ခဲလှတဲ့ စိန်ခေါ်မှုဖြစ်ကြောင်း ဗွီအိုအေသတင်းထောက်တွေဖြစ်ကြတဲ့ Daniel de Carteret နဲ့ Simon Lewis တို့က သတင်းပေးပို့ချက်ကို မခွာညိုက ပြောပြပေးပါမယ်။

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့ရဲ့ ဆင်ခြေဖုံးအရပ်က ဆပ်ပြာစက်ရုံမှာ ၁၃ နှစ်အရွယ် ကောင်ကလေးတွေဟာ တနေ့ အမေရိကန် ၃ ဒေါ်လာနဲ့ညီမျှတဲ့ ဗမာငွေလေးထောင်ရဖို့ လေးလံလှတဲ့ စက်ကြီးတွေနဲ့အလုပ်လုပ်နေကြရပါတယ်။ အဲဒီစက်ရုံမှာ လုပ်ငန်းခွင်အန္တရာယ် ကာကွယ်ရေးစနစ်တွေလည်း မရှိပါဘူး။ စက်ရုံပိုင်ရှင် ဦးမောင်သန့်ကတေ့ာ သူက လူငယ်တွေကို အခွင့်အရေးပေးထားတယ်လို့ ဆိုပါတယ်။ ဆယ်စုနှစ်တွေနဲ့ချီပြီး အုပ်ချုပ်လာခဲ့တဲ့ စစ်အာဏာရှင်ဟာ စီးပွားရေးကို ထိန်းချုပ်လာခဲ့ ကြောင်းနဲ့ ညံ့ဖျင်းလှတဲ့ ပညာရေးစနစ်ကြောင့် ဆင်းရဲတဲ့ကလေးတွေအတွက် ရွေးစရာလမ်းမရှိသလောက်ပဲလို့လည်း သူက ပြောပါတယ်။

“ကလေးတွေကိုဒီလိုမှခေါ်ခိုင်းမထားရင်း၊ မွေးမထားရင်လေဒီကလေးတွေကလမ်းမှာ အမှိုက်ကောက်မယ်လေ။ ပြီးရင်လွယ်ရာယူပြီး သူခိုးဖြစ်သွားနိုင်တာပေါ့။”

ကလေးအလုပ်သမားတွေကို စက်ရုံတွေကနေ ဆောက်လုပ်ရေးလုပ်ငန်းခွင့်နဲ့ သိသိသာသာနဲ့ အများဆုံးတွေ့ရတာကတော့ လက်ဖက်ရည်ဆိုင်တွေမှာ ဖြစ်ပါတယ်။ ကလေးအလုပ်သမားရေး စစ်တမ်းကောက်ယူချက်မှာလည်း အသက် ၁၀ နှစ်ကနေ ၁၇ နှစ်အတွင်း ကလေးတွေရဲ့ ၄ ပုံ ၁ ပုံလောက်ဟာ အလုပ်လုပ်နေကြ ရကြောင်း ဖော်ပြထားပါတယ်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO က -Selim Benaissa ကတော့ ဒီပြဿနာကို အလွယ်တကူ ဖြေရှင်းနိုင်တဲ့နည်းလမ်းမရှိဘူးလို့ ဆိုပါတယ်။

“ဒီအချက်အလက်တွေအားလုံးက သေချာညွှန်ပြနေတာကတော့ တကယ်လို့ ခင်ဗျားဟာ ဆင်းရဲတဲ့မိသားစုက မွေးဖွားလာတယ်ဆိုရင် ကလေးတွေကို အလုပ်လုပ်ခိုင်းဖို့ကလွဲလို့ တခြား ရွေးစရာလမ်းကို မရှိပါဘူး။ ဒါကို ကျေးလက်တောရွာတွေမှာ အထင်အရှား တွေ့ရမှာ ဖြစ်ပါတယ်။”

ဆင်းရဲမွဲတေမှု၊ ပြည်တွင်းပဋိပက္ခတွေနဲ့ လူမှုဖူလုံရေးစောင့်ရှောက်မှု နည်းပါးခြင်းကြောင့် ကလေးတွေဟာ အရွယ်မတိုင်ခင် မိသားစု စားဝတ်နေရေးအတွက် ဝိုင်းဝန်းပြီး ဝင်ငွေရှာဖွေကြရတဲ့အကြောင်းရင်း ဖြစ်ပါတယ်။ သူ့အဆိုအရ မြန်မာနိုင်ငံမှာ ကလေးအလုပ်သမားကိစ္စကို ဥပဒေနဲ့ တားမြစ်လိုက် မယ်ဆိုရင် ကလေးတွေအတွက် ပိုပြီး ဒုက္ခရောက်နိုင်တဲ့ ကလေးပြည့်တန်ဆာလုပ်ငန်းလိုမျိုး ပိုပြီး အန္တရာယ်များတဲ့ လုပ်ငန်းတွေဆီ ရောက်သွားအောင် တွန်းပို့လိုက်သလို ဖြစ်သွားနိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သူကတော့ ပညာရေးစနစ်ကိုသာ တိုးတက်အောင် ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် ပြီးတော့ အစိုးရပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကလည်း နိုင်ငံခြားအဖွဲ့အစည်းတွေကို နိုင်ငံတကာ အဆင့်မီဖြစ်လာအောင် စည်းရုံးသိမ်းသွင်းနိုင်မယ်ဆိုရင် ကလေး အလုပ်သမားပြဿနာကို ရင်ဆိုင်ဖြေရှင်းနိုင်လိမ့်မယ်လို့ သူက ယုံကြည်ထားပါတယ်။

အစိုးရက မြန်မာနိုင်ငံမှာ ကလေးအလုပ်သမား ၅ သိန်းရှိတယ်လို့ ဝန်ခံထားပေမယ့် ကလေးအလုပ်သမားရေး ဆောင်ရွက်နေသူတွေကတော့ ဒိထက် အများကြီးပိုနိုင်တယ်လို့ ပြောကြပါတယ်။ ILO အဖွဲ့ အစိုးရနဲ့ အလုပ်ရှင်များနဲ့ ကုန်သွယ်ရေးသမဂ္ဂအဖွဲ့တို့ ပူးပေါင်းပြီး ဒီကိစ္စကို ဖြေရှင်းဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။ ဒါပေမယ့် ကလေးအလုပ်သမားပပျောက်ရေးဟာ အလုပ်သမားတွေ အနိမ့်ဆုံးလုပ်အားခ တိုးမြှင့်သတ်မှတ်ရေး ဥပဒေအတည်ပြုတာလောက် မလွယ်ကူဘူးလို့လည်း ILO အဖွဲ့ နည်းပညာပိုင်းဆိုင်ရာအကြံပေး ((SELIM BENAISSA) က ပြောပါတယ်။

အမေရိကန်ကနေ မြန်မာနိုင်ငံကို ပြန်လာတဲ့ Tim Aye-Hardy ဟာ MyME ဆိုတဲ့စီမံကိန်းနဲ့ ကလေးအလုပ်သမားတွေရှိရာကို ကားကြီးတစင်းနဲ့ လှည့်လည်ပြီး စာသင်ပေးနေပါတယ်။ သူ့ကားထဲမှာ ပညာရေး သင်ထောက်ကူပစ္စည်းတွေနဲ့ ကလေးတွေ အလုပ်နားချိန်ခနမှာ စာသင်ပေးတာဖြစ်ပါတယ်။ အဲဒီ စီမံချက်ကြောင့် ကလေးပေါင်း ၈၅၀ ဟာ ပညာသင်ခွင့်ရလာကြပါတယ်။ ဒါပေမယ့် Tim Aye-Hardy က ကလေးအလုပ်သမားပြဿနာဟာ ဖြေရှင်းလို့ မရနိုင်တဲ့ ပြဿနာမျိုးဖြစ်တယ်လို့ ဆိုပါတယ်။ ထမင်းတလုတ် စားနိုင်ရေးက ပထမ၊ ပညာရေးက ဒုတိယဖြစ်နေတယ်လို့လည်း သူက ပြောတာပါ။ ပညာရေးရဲ့နောက်ကွယ်မှာရှိနေတဲ့ စာအုပ်ဖိုး၊ ကျောင်း ဝတ်စုံစရိတ်တွေကလည်း ပညာရေးကို အဟန့်အတားဖြစ်နေကြောင်း ပြော ပါတယ်။ ကျောင်းတွေ ကိုသွားပြန် ရင်လည်း သူတို့ရတာက အဆင့်မမီတဲ့ ပညာတွေသာဖြစ်တယ်လို့ ပြောပါတယ်။

လာမယ့်နှစ်အစောပိုင်းလောက်မှာ အစိုးရအပြောင်းအလဲတွေဖြစ်လာတဲ့အခါ စစ်အစိုးရအုပ်ချုပ်မှုကနေ ချန်ရစ်ခဲ့တဲ့ အမွေအနှစ်တွေထဲက တခုအဖြစ် ကလေးအလုပ်သမားအရေးကလည်း နောင်မျိုးဆက်များစွာအထိ ကျန်ရစ်ခဲ့မှာဖြစ်ပါတယ်။

XS
SM
MD
LG