လတ်တလောဖြစ်ပေါ်နေတဲ့ ဘဏ် ငွေကြေးဂယက်ရိုက်မှုနဲ့ ပတ်သတ်ပြီး ပြည်သူတွေ မစိုးရိမ်ကြဖို့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌက ပြောကြားလိုက်ပြီး မရှေးမနှောင်းမှာဘဲ ဘဏ်တွေ ရဲ့ငွေကြေးလည်ပတ်မူကို စနစ်တကျစောင့်ကြည့်နေတာမို့ ပြည်တွင်းဘဏ်တွေ အနေနဲ့ ခိုင်မာတောင့်တင်းမူ ရှိကြောင်း ဗဟိုဘဏ် ဒုဥက္ကဌက လွှတ်တော်မှာ ပြောဆိုခဲ့တာပါ။ ဒီလို ငွေကြေးဂယက်ရိုက်မူမရှိဖို့ ဗဟိုဘဏ်လုပ်ဆောင်မူတွေနဲ့ပတ်သတ်လို့ကတော့ ဝေဖန်မှူတွေရှိနေဆဲပါ။ ဒီအကြောင်းကို ဗွီအိုအေ သတင်းထောက် မေခက ပေးပို့ထားပါ တယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက လုပ်ငန်းရှင်တွေချေးယူထားတဲ့ ချေးငွေတွေကို အခုနှစ် စက်တင်ဘာလကုန်မှာ ပြန်ဆပ် ဖို့အတွက် ပုဂ္ဂိလဘဏ်တွေက လုပ်ငန်းရှင်တွေကို အကြောင်းကြား ထားပေမယ့် အဲဒီ အပေါ်ကို လုပ်ငန်းရှင်တချို့က အရင်းရောအတိုးပါ ပြန်မဆပ် နိုင်တာကြောင့် အပေါင် ပစ္စည်းတွေ ကိုသာ အဆုံးခံတော့မယ့်အခြေအနေ ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာ၊ နောက် သြဂုတ်လ ၂၇ ရက်နေ့က ဗဟိုဘဏ် ဒုတိယ ဥက္ကဌက ဘဏ်တွေက ထုတ်ချေးထားတဲ့ ပိုက်ဆံတွေဟာ ပြည်သူ့အပ်ငွေတွေမို့ လုပ်ငန်းရှင်တွေရဲ့ ပြဿနာကို တတ်နိုင်သလောက် အချိန်ပေး စောင့်ခဲ့ပြီးဖြစ်တဲ့ အတွက် နောက်ထပ် အလျော့ပေး ဆောင်ရွက်ဖို့ မရှိကြောင်းလွှတ်တော်အတွင်း ဖြေကြားခဲ့တာတွေရဲ့ နောက်ဆက်တွဲအဖြစ် ဒေါ်လာဈေးနဲ့ ရွှေဈေးတွေ ကမောက်ကမ ဖြစ်လာခဲ့တာပါ။
ဘဏ်တွေမှာ ငွေချေးထားကြတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ဘဏ်ကိုအကြွေးပြန်မဆပ်နိုင်ပဲ ဖြစ်နေရာက ငွေအပ်နှံထားသူတွေ ဘဏ်တွေအပေါ် အယုံအကြည်နည်းလာပြီး မိမိတို့ငွေကို ပြန်ထုတ်ကြရင်း အခေါက်ရွှေ ဝယ်ယူစုဆောင်းတာတွေကြောင့် ရွှေဈေးနဲ့ ဒေါ်လာဈေးတွေ တက်သွားခဲ့ပါတယ်။
ဒီအပေါ်ကို ပြည်သူတွေအနေနဲ့ မစိုးရိမ်ကြဖို့နဲ့ ဘဏ်တွေရဲ့လိုအပ်ချက်တွေကို ဗဟိုဘဏ်က အပြည့်အဝ ကူညီထောက်ပံ့ပေးသွားမယ်လို့ ဗဟိုဘဏ်ဘက်က ကြေညာချက်ထုတ်ခဲ့ပါတယ်။
အခုချိန်မှာ ဒေါ်လာဈေးနဲ့ ရွှေဈေးတွေ အတိုင်းအတာတခုအထိ တည်ငြိမ်သွားပြီလို့ ဆိုနိုင်ပေမယ့် စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ လူထုအကြား စိုးရိမ်မူတွေက ရှိနေဆဲ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ဘဏ်တွေ ရဲ့ငွေကြေးလည်ပတ်မှူကို စနစ်တကျစောင့်ကြည့်နေတာမို့ ပြည်တွင်းဘဏ်တွေ အနေနဲ့ ခိုင်မာတောင့်တင်းမူ ရှိကြောင်းဗဟိုဘဏ် ဒုဥက္ကဌ ဦးစိုးမင်းက ဒီကနေ့ လွှတ်တော်မှာ ထွက်ဆိုခဲ့ပါတယ်။
“နောက်ဆုံးပြဌာန်းလိုက်တဲ့ ငွေရေးကြေးရေးဥပဒေဟာ ၂၀၁၆ခုနှစ်မှာပြဌာန်းလိုက်တာ ဖြစ်တဲ့အတွက် အဲဒီဥပဒေနဲ့အညီဖြစ်စေဖို့ရယ်၊ နိုင်ငံတကာဘဏ်တေ ွလိုက်နာကျင့်သုံး ရတဲ့ ဘဏ်များ ခိုင်မာတောင့်တင်းစေရန် ထိန်းသိမ်းရတဲ့ အချိုးရာခိုင်နှုန်းနဲ့ သွေဖယ်ခြင်းမရှိစေရန် ၂၀၁၇ခုနှစ်မှာ စည်းမျဉ်း ၄ခု ထုတ်ပြန်ပြီး ဘဏ်များကို လိုက်နာဆောင်ရွက်ခိုင်းထားပါတယ်။ ရင်းနှီးမတည်ငွေ လုံလောက်ဖို့ အတွက် ရင်းနှီးမတည်ငွေ တိုးမြင့် ထည့်ဝင်ခိုင်းတာလည်း ဆောင်ရွက်နေပါတယ်။ ချေးငွေ များနဲ့ ပတ်သက်လိုပလည်း ပြန်လည်စိစစ် ဆောင်ရွက်ချင်းရှိပြီးတော့ ဗဟိုဘဏ်ကလည်း အမြဲမပျက် ကြီးကြပ်ထိန်းကျောင်းနေလို့ ငွေကြေးတည်ငြိမ်မူအခြေအနေတွေဟာ ၂၀၁၇၊ ၁၈ အစီရင်ခံသည့်ကာလထက် ဘဏ်များဟာ ပိုမိုတိုးတက်ခိုင်မာမှုရှိပါကြောင်း တင်ပြအပ်ပါတယ်။”
မြန်မာနိုင်ငံမှာ စစ်အစိုးရလက်ထက် ၂၀၀၃ ခုနှစ်ဝန်းကျင်ကလည်း ဘဏ်မှာ အပ်ထားတဲ့ငွေကို အလုအယက် ထုတ်ကြရာက ဘဏ်တွေပြိုလဲခဲ့ရတဲ့ သာဓကတွေ ရှိခဲ့ဘူးပါတယ်။ ပြည်သူတွေ စိတ်မပူကြဖို့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌက ဒီကနေ့ ထွက်ဆိုသွားပေမယ့် ဒီအပေါ်မှာ ဘယ်လောက်အထိ ယုံကြည်ရနိုင်ပါသလဲဆိုတာ မေးခွန်းတွေ ထွက်နေတာပါ။
လက်ရှိအချိန်မှာ စိတ်ပူနေကြတဲ့ ပုဂ္ဂလိကဘဏ်နဲ့ လုပ်ငန်းရှင်တွေကြားက ချေးငွေ ဂယက်တွေ ဖြစ်နေရတာကနေတဆင့် လိုအပ်တဲ့ စိတ်ချယုံကြည်ရတဲ့ ငွေကြေးဆိုင်ရာ အချက် အလက် အကြောင်းအရာတွေကို အချိန်နဲ့တပြေးညီ ပြည်သူတွေသိရှိမူ အားနည်းတာ ကြောင့်ဖြစ်တယ်လို့ စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) သုံးသပ်ပါတယ်။
“Information ကိုက ဗဟိုဘဏ်တို့က အပြည့်အဝမပေးဘူး။ ထိထိရောက်ရောက်မပေး နိုင်ဘူး။ အဲဒါက အဓိက ပြဿနာ ။ သို့လောသို့လော ဖြစ်စရာတွေပေါ့။ ဒို့တွေက Public Relation မှာလည်း အားနည်းတယ်။ ဗဟိုဘဏ်တခုထဲတော့ မဟုတ်ပါဘူး အားလုံးပါပဲ။ ပြည်သူ အစိုးရိမ်လျော့ပါးစေမယ့် စကားကို မပြောနိုင်ဘူး။ ပြည်သူလူထု ယုံကြည်ရမယ့်သူက ပြောတာမဟုတ် ဘဲ အစိုးရက ပြောတာဆိုတော့ ယုံဖို့ခက်နေတာ။ အဲဒီတော့ ဆပ်နိုင်တဲ့သူရှိမယ် မဆပ်နိုင်တဲ့သူရှိမယ် အဲဒါကတော့ သဘာဝပါပဲ”
မြန်မာနိုင်ငံဗဟိုဘဏ်က ၄လတကြိမ် ထုတ်ပြန်တဲ့ ဘဏ္ဍာရေးဆိုင်ရာသတင်းအရ ၂၀၁၈ ဒီဇင်ဘာ နှစ်ကုန်ပိုင်းအထိ နိုင်ငံတော်ဘဏ်နဲ့ ပုဂ္ဂိလကဘဏ် တွေမှာ အပ်နှံထားတဲ့ငွေပေါင်း ကျပ်(၄၂,၄၄၉) ဘီလျံကျော်ရှိပြီး အရင်သုံးလထက် စာရင် ကျပ်ဘီလျံ ရာဂဏန်းကျော် ပိုပြီအပ်နှံလာကြတယ်လို့ ဗဟိုဘဏ်က သတင်းထုတ်ပြန်ထားပါတယ်။