သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ- ကြားဖြတ်ရွေးကောက်ပွဲ အခြေအနေ


၂၀၁၇ ဧပြီလ ၁ ရက်နေ့က ကြားဖြတ်ရွေးကောက်ပွဲ
၂၀၁၇ ဧပြီလ ၁ ရက်နေ့က ကြားဖြတ်ရွေးကောက်ပွဲ

မြန်မာနိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ အချိန်နီးလာပါပြီ။ စုစုပေါင်း နေရာ ၁၃ ခုအတွက် နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်းပတော့မှာဖြစ်ပြီး အခုလို နီးလာနေချိန်မှာ ပြည်သူတွေကြား စိတ်ဝင်စားမှု နည်းပါးနေပေမယ့် နိုင်ငံရေးပါတီတွေကြားမှာတော့ အကြိတ်အနယ် ဖြစ်လာဖို့ရှိတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ ဗွီအိုအေ သတင်းထောက် မေခက စုစည်းတင်ပြထားပါတယ်။

နိုဝင်ဘာလ (၃)ရက်နေ့ကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ် ကိုယ်စားလှယ်နေရာပေါင်း (၁၃)နေရာ ရှိပြီး အဓိက အတိုက်အခံ ပြည်ခံဖြိုးပါတီနဲ့ တိုင်းရင်းသားပါတီတချို့ အပါအဝင် တသီးပုဂ္ဂလိကတွေပါ စုစုပေါင်း (၆၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ အခုဆိုရင် နိုင်ငံရေးပါတီတွေက ရေဒီယို ရုပ်မြင်သံကြားကတဆင့် မိမိတို့ရဲ့ နိုင်ငံရေး ရပ်တည်ချက်တွေကို ဟောပြောနေကြပြီ ဖြစ်ပါတယ်။

PACE ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့် ကတော့ လက်ရှိကျင်းပမယ့်ရွေး ကောက်ပွဲနဲ့ပတ်သတ်လို့ အခုလိုသုံးသပ်ပြောဆိုလိုက်ပါတယ်။

" ခြုံငုံပြောရရင် ကော်မရှင်ဘက်ကနေ ရွေးကောက်ပွဲအတွက် သတင်းစီးဆင်းမှုက အရင် ၂၀၁၇ကထက်စာရင် အားနည်းတယ်ပြောလို့ရတယ်။ နောက်အရပ်ဘက်အဖွဲ့တွေပါဝင်မှုကလည်း အင်မတန်နည်းတယ်လို့ပြောလို့ရတယ်။ နိုင်ငံရေးပါတီတွေပါဝင်မှုကလည်း ထင်ထားတာထက်နည်းတယ်။ ပြောရရင်တော့ ပြည်သူကိုလှုံဆော်တာ အားနည်း တယ်လို့ပြောလို့ရတယ်။ အောင်မြင်တဲ့ရွေးကောက်ပွဲ ဖြစ်မလားမဖြစ်ဘူးလားဆိုတာကတော့ နည်းနည်းလေးပြောဖို့ စောနေသေးတယ်။"

ဒီ ကြားဖြတ်ရွေးကောက်ပွဲဟာ ၂၀၂၀ မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ NLD ပါတီအပေါ် လူထုက ဘယ် လောက်ထိ ထောက်ခံမှု ရှိမလဲ ဆိုတာကို စမ်းသပ်မယ့် ရွေးကောက်ပွဲမျိုး ဖြစ်လိမ့်မယ်လို့ နိုင်ငံရေးလေ့လာ သုံး သပ်သူ တွေကဆိုကြပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကတော့ လက်ရှိ အာဏာရပါတီနဲ့ တိုင်းရင်းသားဒေသတွေမှာ အကြိတ်အနယ်ပြိုင်ရဖို့ရှိနေတဲ့အပြင် ၈၈၈၈ ပါတီဝင်တွေ ဝင်ပြိုင်မယ့်နေရာတွေမှာပါ အကြိတ်အနယ် ဖြစ်လာဖို့ ရှိတယ်လို့သုံးသပ်ပါတယ်။

" ကြားဖြတ်ရွေးကောက်ပွဲကနေ အပြောင်းအလဲတခုဖြစ်လာလိမ့်မယ်ဆိုတဲ့ သက်ရောက်မှုမရှိဘူးလို့မြင်ပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာကော၊ သက်ဆိုင်ရာတိုင်းဒေသကြီးလွှတ်တော်တွေအတွက်မှာပါ ကြီးကြီးမားမားသက် ရောက်ပြောင်းလဲမှုမရှိဘူးလို့ မြင်ပါတယ်။ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲရလဒ်ကို ကြည့်ပြီးတော့ ၂၀၂၀ ရွေးကောက် ပွဲမှာ ဖြစ်လာနိုင်မယ့် အခြေအနေအလားအလာတွေကို အကြမ်းဖျဉ်းသုံးသပ်တာမျိုးတော့ရှိလာနိုင်ပါတယ်။ တိုင်းရင်း သားဒေသတွေမှာ တိုင်းရင်းသားပါတီတွေ အနိုင်ရဖို့ အလားအလာများတယ်လို့မြင်တယ်။ လက်ရှိရွေးကောက်ပွဲကနေ NLD ပါတီအနေနဲ့ ယူမယ်ဆိုရင် ၂၀၂၀ အတွက် သင်ခန်းစာကောင်းကောင်းယူနိုင်မယ်လို့ မြင်ပါတယ်။"

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတုန်းက တောင်ပြိုကမ်းပြို အနိုင်ရခဲ့တဲ့ NLD ပါတီဟာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်သွားရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ စီးပွားရေး ကောင်းမွန်အောင် လုပ်ဆောင်သွားမယ်လို့ ကတိတွေ ပေးခဲ့တာပါ။ NLD ပါတီအုပ်ချုပ်လာတာ ၂နှစ်ခွဲလောက် ရှိလာပြီဖြစ်ပေမယ့် ရွေးကောက်ပွဲကတိတွေကို အနည်းငယ်သာ လုပ်ဆောင် နိုင်သေးတာကြောင့် ပြည်သူတချို့ရဲ့ စိတ်ပျက်ဝေဖန်သံတွေ ထွက်ပေါ်လာနေပါတယ်။

လက်ရှိမှာ ဒီ ၁၃နေရာနဲ့ပတ်သတ်လို့ မဲဆွယ်စည်းရုံးပြောဆိုတာမှာ လက်ရှိ အာဏာရ NLD ပါတီနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုံနဲ့ သမ္မတပုံတွေကို သုံးစွဲနေတာတွေရှိနေတဲ့အပေါ် တခြားပါတီတွေက ဝေဖန်မှုတွေရှိလာပြီးနောက်မှာ ရွေးကောက်ပွဲကော်မရှင်က လူအများစုဟာ လက်ရှိ အာဏာရ NLD ပါတီနဲ့ နီးစပ် သူတွေ ဖြစ်နေတာကြောင့် ကြား ဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး မျှတမှု ရှိမလား၊ အားလုံး ပါဝင်နိုင်ခြင်း ရှိမလားဆိုတာ မေးခွန်းတွေ ထွက်ပေါ်လာနေပါတယ်။

၂၀၁၈ နိုဝင်ဘာလ ၃ရက် စနေနေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြရမယ့် မဲဆန္ဒနယ်တွေကတော့ ပြည်သူ့ လွှတ်တော်အတွက် ၄ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၁ နေရာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အတွက် ၈ နေရာ စုစုပေါင်း (၁၃)နေရာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်အတွက် ချင်းပြည်နယ် ကန်ပက်လက်၊ ရှမ်းပြည်နယ် လဲချား၊ ရန်ကုန်တိုင်းဒေသကြီး တာမွေ၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံ၊ အမျိုးသားလွှတ်တော်အတွက် ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်အတွက် မတူပီ၊ တမူး၊ အုတ်တွင်း၊ သပိတ်ကျင်း၊ ရသေ့တောင်၊ မင်းဘူး၊ ဆိပ်ကမ်းနဲ့ မန္တလေးတိုင်းဒေသကြီးမှာ ရှမ်းတိုင်းရင်းသား မဲဆန္ဒနယ်အတွက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG