ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ ဒေသခံ ပြည်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ နယ်ခြားစောင့် တပ်တွေထဲမှာ သတ်မှတ်လူအင်အား မပြည့်တဲ့အတွက် ဒေသခံ အာဏာပိုင်တွေက အသက်ပြည့်တဲ့ အမျိုးသားတွေကို စာရင်းလိုက်ကောက်နေပါတယ်။ နယ်ခြားစောင့်တပ် ဖွဲ့ထားတာ ၆ လကျော် ကြာလာတဲ့အထိ သတ်မှတ်အင်အား မပြည့်တာကြောင့် အခုလို စာရင်း လိုက်ကောက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံ ပြည်သူ့စစ် အဖွဲ့ဝင်တွေကလည်း နယ်ခြားစောင့်တပ်ထဲမှာ အချိန်ပြည့် စစ်သားတာဝန် မထမ်းဆောင်ချင်တာကြောင့် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
လူမျိုးစု တိုင်းရင်းသားဒေသ တခုဖြစ်တဲ့ တာချီလိတ်မြို့နယ်မှာ အခြေစိုက်တဲ့ နယ်ခြားစောင့်တပ်ရင်း အမှတ် ၁၀၀၉ ကို ပြီးခဲ့တဲ့နှစ် မေလတုန်းက ဒေသခံ ပြည်သူ့စစ်တွေနဲ့ စတင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဖွဲ့ပြီးလို့ ၆ လကျော် ကြာလာချိန်အထိ သတ်မှတ်အင်အား မပြည့်တာကြောင့် လူသစ် ထပ်မံခေါ်ယူဖို့ ဒေသခံ အာဏာပိုင်တွေက စာရင်းကောက်ယူနေတယ်လို့ တာချီလိတ် ဒေသခံ တယောက်က ပြောပါတယ်။
“သူတို့ မိုင်းကိုးအုပ်စုရယ်၊ တာလေမြို့နယ်ခွဲရယ် ဒီနေရာတွေတော့ ကောက်တယ်တဲ့။ သူတို့ နယ်ခြားစောင့်တပ်ရင်း ၁၀၀၉ အတွက် လူအင်အား မလောက်သေးလို့။ အဲဒါ အမျိုးသားပဲနော်၊ အမျိုးသမီး မပါဘူး။ သူတို့က ၁၈ ကနေ ၃၅ နှစ်လို့ ပြောတယ်။ သူတို့ ဖွဲ့စည်းပုံက တပ်ခွဲတခွဲကို ၁၁၀ လောက် အင်အားရှိမှတဲ့။ တပ်ခွဲ ၃ ခွဲဆို ၃၃၀ လောက် ရှိတာပေါ့နော်။ အခုက တပ်ခွဲ ၂ ခွဲစာပဲ ရှိသေးတယ်တဲ့။
“တချို့ကလည်း ထွက်ပြေးတယ်ဆို လူလျော့တာလည်း ရှိတယ်။ များတယ်၊ တပ်က ထွက်ပြေးတဲ့လူ အနည်းဆုံး ၃၀ ကျော်လောက် ရှိမယ်ထင်တယ်။ တချို့ကလည်း ထွက်ချင်တယ်၊ ထွက်လို့ မရဘူးတဲ့၊ ဒုက္ခရောက်နေတယ်။ ထွက်လို့ရှိရင် သူတို့မိဘကို ဖမ်းပြီး ထောင်ချမယ်လို့ ခြိမ်းခြောက်ထားတော့။ တချို့ အချုပ်ထဲမှာလည်း ရှိတယ်တဲ့။ ၄- ၅ ယောက် ထွက်ပြေးလို့။ နယ်ခြားစောင့်တပ်ရင်း ၁၀၀၉ လေ။”
မြန်မာစစ်အစိုးရက နယ်ခြားစောင့် တပ်ရင်းတရင်းကို လူအင်အား ၃၂၆ ယောက် သတ်မှတ်ပြီး အရေးကြီးတဲ့ အုပ်ချုပ်ရေးနဲ့ ရုံးအဖွဲ့ကို အစိုးရစစ်တပ်က၂၇ ဦးနဲ့ ပါဝင် ဖွဲ့စည်းတာ ဖြစ်ပါတယ်။
အခုလို လူအင်အား မပြည့်တာကတော့ နယ်ခြားစောင့်တပ်မှာ ပါဝင်တဲ့ ပြည်သူ့စစ်တွေဟာ အချိန်ပြည့် စစ်သားအဖြစ် တာဝန် မထမ်းဆောင်လိုတာကြောင့် ဖြစ်တယ်လို့ တာချီလိတ် ဒေသခံက ဆက်ပြောပါတယ်။
“အရင်တုန်းက သူတို့ပြောတာ လစာလည်း ပေးမယ်၊ ထောက်ပံ့ကြေးလည်း ပေးမယ်၊ ရိက္ခာလည်း ပေးမယ်၊ ကိုယ့်ရွာနဲ့ ကိုယ်နေဖို့။ ပြည်သူ့စစ်သဘောနဲ့ပဲ လိုအပ်လို့ရှိရင် ခေါ်မယ်လို့ ပြောတယ်။ အခုကျတော့ မဟုတ်ဘူးတဲ့၊ တပ်ရင်းပြန်နေရမယ်၊ စစ်သားအတိုင်းပဲတဲ့။ အဲဒါကြောင့် မလုပ်ချင်ဘူး၊ ထွက်ပြေးတာ များတယ်။”
နယ်ခြားစောင့်တပ်ရင်း အမှတ် ၁၀၀၉ ဟာ လားဟူလူမျိုး အများဆုံး ပါဝင်ပြီး ရှမ်း၊ အခါ စတဲ့ တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
ကယားပြည်နယ်ဘက်က အပစ်ရပ် ကလလတခေါ် ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦးက နယ်ခြားစောင့်တပ် တပ်ရင်း ၁၀၀၄ နဲ့ ၁၀၀၅ ဆိုပြီး ပြောင်းလဲ ဖွဲ့စည်းထားပါတယ်။ ဒီတပ်ရင်းတွေမှာတော့ သတ်မှတ်လူအင်အား ပြည့်တယ်လို့ သိရကြောင်း ကန္တာရဝတီတိုင်းမ် သတင်းဌာန အယ်ဒီတာ စေးရယ်စိုးက အခုလို ရှင်းပြပါတယ်။
“ကလလတထဲကို စစ်မှုမထမ်းမနေရ ဆိုတာက နယ်ခြားစောင့်တပ် စတင်ဖွဲ့စည်းတဲ့ အချိန်မှာမှ လိုက်ကောက်တာ မဟုတ်ဘူး။ သူတို့ကောက်တာက KNPP ကနေ ခွဲထွက်သွားပြီးတဲ့ နောက်ပိုင်းပေါ့နော်၊ ၁၉၉၅ ကနေစပြီး တောက်လျှောက်လေ၊ KNPP ဘက်မှာ အနားယူလိုက်တဲ့ စစ်မှုထမ်းတွေကို မဖြစ်မနေ သွားပြန်ခေါ်တာ။”
ကလလတအဖွဲ့ဟာ စစ်အစိုးရကို ဆန့်ကျင် တိုက်ခိုက်နေဆဲဖြစ်တဲ့ KNPP ခေါ် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီက ခွဲထွက်ခဲ့တဲ့ အဖွဲ့ဖြစ်ပြီး ကယားပြည်နယ် လွိုင်ကော်၊ ဒီမောဆိုးနဲ့ မယ်စဲ ဒေသတွေမှာ အခြေစိုက် လှုပ်ရှားနေတာ ဖြစ်ပါတယ်။ နယ်ခြားစောင့်တပ် အသွင်ပြောင်းပြီးတဲ့ နောက်မှာ စစ်အစိုးရရဲ့ လက်အောက်မှာ မနေလိုတာကြောင့် လူဦးရေ ဆယ်ဂဏန်းလောက်ဟာ KNPP ဘက်ကို ကူးပြောင်းလာတယ်လို့ ကန္တာရဝတီတိုင်းမ် သတင်းဌာန အယ်ဒီတာ စေးရယ်စိုးက ပြောပါတယ်။
ကချင်ပြည်နယ်ဘက်က ဦးစခုံတိန်ယင်း ဦးဆောင်တဲ့ NDA-K ခေါ် ဒီမိုကရေစီသစ် တပ်မတော်-ကချင်က နယ်ခြားစောင့်တပ်ရင်း ၃ ရင်းအဖြစ် အသွင်ပြောင်း ဖွဲ့စည်းခဲ့သလို ပိုင်စုံချိန် ခေါင်းဆောင်တဲ့ ကိုးကန့်အဖွဲ့ကလည်း နယ်ခြားစောင့်တပ်ရင်း တရင်းအဖြစ် အသွင်ပြောင်းခဲ့ပါတယ်။
ဒီ နယ်ခြားစောင့် တပ်ရင်းတွေမှာလည်း အင်အားအပြည့် မဖွဲ့စည်းနိုင်ဘူးလို့ တရုတ်၊ မြန်မာ နယ်စပ်က စစ်ရေး၊ နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက ပြောပါတယ်။
“အထူးသဖြင့် ကချင်မှာ စခုံတိန်ယင်းဆီမှာ တပ်ရင်း ၃ ရင်းဖွဲ့တာ သူ့သတ်မှတ်ချက်က ၃၀၀ ကျော်လေ တပ်ရင်းတရင်းကို၊ တကယ်ရှိတာက ၁၇၀ တို့၊ ၁၈၀ တို့၊ နောက်ပိုင်း တဖြည်းဖြည်းနဲ့ ၁၀၀ ပတ်ဝန်းကျင် မဲ့မဲ့ပဲ ရှိတော့တယ်။”
အဲဒီတပ်ရင်းတွေမှာတော့ အတင်းအကျပ် တပ်သားသစ် ထပ်မံကောက်ယူတယ်ဆိုတာ မကြားမိဘူးလို့ ဦးအောင်ကျော်ဇောက ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကတော့ DKBA ခေါ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့က တပ်အင်အား အများစုဟာ နယ်ခြားစောင့်တပ် အသွင်ပြောင်းတာကို လက်ခံခဲ့ပေမဲ့ လက်မခံတဲ့ DKBA တပ်ဖွဲ့ဝင်တွေနဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့တာ ဒီကနေ့အထိ ဖြစ်ပါတယ်။ ရှမ်းပြည်နယ် အတွင်းက SSA ခေါ် ရှမ်းပြည်တပ်မတော် မြောက်ပိုင်းက ပြည်သူ့စစ် အသွင်ပြောင်းရေးကို လက်မခံတဲ့ တပ်မဟာ ၁ နဲ့ မြန်မာစစ်တပ် အကြားမှာလည်း တင်းမာမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။
ဒီအခြေအနေတွေ အောက်မှာပဲ လွန်ခဲ့တဲ့ လပိုင်းအတွင်းကတော့ မြန်မာစစ်အစိုးရက အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဆိုတဲ့ ဥပဒေတရပ်ကို ပြဋ္ဌာန်းခဲ့ပါတယ်။