နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် ဒုတိယ သမ္မတ Mike Pence တို့ ဒီကနေ့ စကာၤပူမှာ တွေ့ဆုံဆွေးနွေးမှု အတွင်း ရိုဟင်ဂျာ အရေး၊ ဖမ်းဆီးခံ သတင်းထောက်တွေ အရေးကို အလေးထား ဆွေးနွေးကြပါတယ်။ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေရှ့် နိုင်ငံဘက်ကို ထွက်ပြေးကြရတဲ့ ကိစ္စဟာ လုံခြုံရေး တာဝန်ရှိသူတွေရဲ့ အကြမ်းဖက်မှုကြောင့် ဆိုတာကတော့ ဆင်ခြေပေးလို့ ရကောင်းတဲ့ အခြေအနေမဟုတ်ဘူူး လို့ အမေရိကန် ဒုတိယ သမ္မတ Mike Pence က ဝေဖန်တဲ့ အပေါ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်က တုံ့ပြန်သွားပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။
စကာၤပူမှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှ နိုင်ငံများ အသင်း ASEAN အစည်းအဝေးအတွင်း အမေရိကန် ဒုတိယ သမ္မတ Mike Pence နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့်တွေ့ဆုံဆွေးနွေးပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည် ပြသနာကို အမေရိကန် ဒုတိယ သမ္မတ Mike Pence က အလေးထားပြီး ဆွေးနွေးပါတယ်။
"ရိုဟင်ဂျာ အရေး ဖြစ်ထွန်းမှုနဲ့ ပတ်သက်ပြီး သိရဖို့ စိတ်အားထက်သန်နေပါတယ်။ ဒီပဋိပက္ခကြောင့် သန်းနဲ့ချီတဲ့ အမေရိကန် ပြည်သူတွေကြားမှာ စိုးရိမ် ပူပန်ကြရပါတယ်။ စစ်တပ်နဲ့ ရပ်ရွာလုံခြုံရေးတွေရဲ့ အကြမ်းဖက်မှုတွေ၊ ဖိနှိပ်မှုတွေကြောင့် ဘင်္ဂလားဒေရှ့် နိုင်ငံထဲကို ရိုဟင်ဂျာ ၇ သိန်း ထွက်သွားရတယ်ဆိုတာက အငြင်းပွားစရာ မရှိပါဘူး။
ရိုဟင်ဂျာတွေ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေကို အရေးယူဖို့၊ ဒါ့အပြင် ရိုဟင်ဂျာတွေ ဆန္ဒ အလျောက် ဌာနေပြန်နိုင်ရေး မြန်မာ အစိုးရရဲ့ အစီအစဉ်၊ ရိုဟင်ဂျာတွေ အပေါ် အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်းမယ့် ကော်မရှင်တို့ရဲ့ ဆောင်ရွက်ချက်တွေကိုလည်း သိရှိလိုကြောင်း အမေရိကန် ဒုတိယ သမ္မတက ပြောဆိုသွားပါတယ်။ အမေရိကန် သမ္မတ Donald Trump ရဲ့ ကိုယ်စား အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ဒုတိယ သမ္မတ Mike Pence က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက်နဲ့ အခုလို သီးသန့် တွေ့ဆုံတာလို့လည်း ပြောဆိုသွားပါတယ်။နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဘက်ကတော့ မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံမှာ ဘာတွေ ဖြစ်နေတာလဲ ဆိုတာကို တခြားသူတွေထက် ပိုပြီး နားလည်ကြောင်း တုံ့ပြန်ပါတယ်။ ဒါပေမယ့် မိတ်ဖက်တွေဘက်က ထောက်ပံ့ကူညီပေးဖို့လည်း တိုက်တွန်းသွားပါတယ်။
"နှစ်ဘက် စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို အတူထိုင်ပြီး ဆွေးနွေးကြမယ် ဆိုတာက အမြဲတမ်း ကောင်းပါတယ်။ လူတွေမှာ အမြင်မတူတာတွေ ရှိပါတယ်။ ဒါပေမယ့် တဖက်နဲ့ တဖက် အယူအဆတွေ ဖလှယ်ပြီး တယောက်နဲ့ တယောက် နားလည်ဖို့ ကြိုးစားကြရမှာပါ။ ကျမတို့ အနေနဲ့ ပြောနိုင်တာကတော့ ကိုယ့်နိုင်ငံရဲ့ ပြဿနာကို တခြားနိုင်ငံတွေထက် ကျမတို့ ပိုသိပါတယ်ဆိုတာပါဘဲ။ ရှင့်ဘက်ကလည်း ကိုယ့်နိုင်ငံ အကြောင်း သူများထက် ပိုသိတယ်လို့ အလားတူ ပြောမှာ သေချာပါတယ်။ ဒါကြောင့် ကျမတို့ အနေနဲ့ ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုတာနဲ့ အခြေအနေဘယ်လို ရှိသလဲ ဆိုတဲ့ အပေါ် ရှင်းပြဖို့ ပိုပြီး သင့်တော် ကောင်းမွန်ပါတယ်။ ဒါ့အပြင် ကျမတို့ နိုင်ငံကို လူတိုင်းအတွက် ဘေးကင်းလုံခြုံပြီး တိုးတက်ကြီးပွားတဲ့ နေရာတခု ဖြစ်လာစေရေး ကြိုးပမ်းနေတဲ့ နေရာမှာ ကူညီထောက်ပံ့ပေးဖို့ မိတ်ဆွေ အားလုံးကိုလည်း ကြိုဆိုပါတယ်။"
ဖမ်းဆီး ထောင်ချခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦး အရေးနဲ့ ပတ်သက်ပြီးလည်း အမေရိကန် ဒုတိယ သမ္မတ Mike Pence ဘက်က ဆွေးနွေးခဲ့ပါတယ်။
"အမေရိကန် အနေနဲ့ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ မီဒီယာတွေ အပါအဝင် ကျနော်တို့ရဲ့ ဒီမိုကရေစီ အလေ့အထတွေ အယူအဆတွေကို ယုံကြည်ကြပါတယ်။ ပြီးခဲ့တဲ့ နှစ်က သတင်းထောက် နှစ်ဦးကို ဖမ်းပြီး ထောင်ချလိုက်တဲ့ ကိစ္စ အပေါ် သန်းနဲ့ချီတဲ့ အမေရိကန်ပြည်သူတွေ စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ အဲဒါကြောင့် ကျနော့် အနေနဲ့ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ သတင်းမီဒီယာ အရေးနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးလိုပါတယ်။"
ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးခဲ့ရပြီးနောက် တနှစ်ကျော်ကြာ ကာလအတွင်း ပထမဆုံး အကြိမ် ဌာနေပြန်ရေး လုပ်ငန်းစဉ်ကို မနက်ဖြန်မှာ စတင်မယ့် အချိန်မှာဘဲ မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံကြား ဆွေးနွေးပွဲ ထွက်ပေါ်လာတာပါ။ မြန်မာ အစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံထဲမှာ နေထိုင်သူတွေ မှန်ရင် ပြန်ပြီး လက်ခံမယ်လို့ ပြောဆိုထားတာပါ။ အမေရိကန် ပြည်ထောင်စုဘက်ကတော့ ရိုဟင်ဂျာတွေ အပေါ် အကြမ်းဖက်မှု ကျူးလွန်သူတွေဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာ စစ်တပ် အရာရှိ တချို့ကို ဒဏ်ခတ်ပိတ်ဆို့ထားပါတယ်။