ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စိုင်းဒင်တောင်တန်းအနီးတဝိုက်မှာ အစိုးရတပ်မတော်ကနေ လေကြောင်းကနေ ပစ်ခတ်မှုကြောင့် မနေ့က ဒေသခံ (၅) ဦးထက်မနည်း သေဆုံးပြီး (၁၃) ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေကို ဘူးသီးတောင်ဆေးရုံကို ပို့ဆောင်ထားပြီး ICRC နိုင်ငံတကာကြက်ခြေနီအဖွဲ့က သွားရောက်အကူအညီပေးနေပါတယ်။ အကြောင်းစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိမ် သတင်းပေးပို့ထားပါတယ်။
မနေ့ကဧပြီလ (၃)ရက်နေ့က လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘူးသီးတောင်မြို့နယ် စိုင်းဒင်တောင်တန်း က ဒေသခံ ဝါးခုတ်လုပ်သားတချို့ သေကြေ ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ အနီးနားရွာ သရက် ပြင် ကျေးရွာသားတဦးက အခုလိုပြောပါတယ်။
“ဟုတ်တယ် လေယာဉ်နဲ့ပစ်တာ။ သေတဲ့သူတွေလဲ သေတယ်။ ဘင်္ဂ ါလီလူမျိုးတွေ။ ဘူးသီးတောင်ဆေးရုံမှာ တချို့ ရောက်နေကြတယ်။ သေတဲ့လူတွေလဲရှိတယ်။ လေယာဉ်နဲ့တိုက်တာ လေယာဉ်နဲ့ပစ်တာ။ ရွာတော့ ရေချမ်းပြင် ရွာ ပေါ့နော်။ ကျွန်တော်တို့စိုင်းဒင်ချောင်းနားမှာပေါ့။ ဒီအခုသေတဲ့သူတွေက အလုပ်သမားတွေ လေ။ ဝါးခုတ်တဲ့သူတွေ။”
အခု ပစ်ခတ်ခံရတဲ့ နေရာအနီးဝန်းကျင်ဟာ မွတ်ဆလင်ကျေးရွာတွေရှိတဲ့နေရာဖြစ်ပြီး၊ လက်ရှိ ထိခိုက်ဒဏ်ရာရရှိတဲ့ လူနာအများအပြားကိုတော့ ဘူးသီးတောင်ဆေးရုံမှာ ဆေးကုသမှု ခံယူနေကြရပါတယ်။ ဒီမနက် ဆေးရုံကိုကိုယ်တိုင် သွားရောက်ခဲ့ပြီး လူနာတွေကိုကြည့်ရှုခဲ့တဲ့ ဘူးသီးတောင်မဲဆန္ဒနယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက သူတွေ့ခဲ့ရတဲ့ အခြေအနေကို အခုလိုပြောပါတယ်။
“ဘူးသီးတောင်ဆေးရုံကိုသွားတာ ဘူးသီးတောင်ဆေးရုံမှာ ညနေမှာ အဲဒီဒဏ်ရာနဲ့လူက(၉)ယောက် ရောက်နေတယ် လို့ ပြောတယ်။ မနက်ပိုင်းမှာ(၄)ယောက်။ အားလုံးပေါင်း လူနာ(၁၃)ယောက်ကိုတွေ့ခဲ့တယ်။ သေဆုံးမှု တော့ အဲဒီ ဆေးရုံမှာဘဲ အဲဒီသရက်ပြင်အုပ်စု ရေချမ်းပြင်ရွာ ရာအိမ်မှူးနဲ့တွေ့တယ်။ ရာအိမ်မှူးနာမည်က ဂျီအာမင်။ ရာအိမ်မှူး ကို အကျိုးကြောင်းမေးကြည့်တော့ သူတို့ရွာကို ဒီနေ့(၁၀) နာရီ - (၁၁)နာရီလောက်မှာ (၂)ယောက်ဒဏ်ရာနဲ့လာတာ။ အဲဒီ(၂)ယောက်ဆုံးသွားတယ်လို့တော့ပြောတယ်။ ပြီးရင်သူတို့ ရွာနဲ့နီးစပ်တဲ့ အဲဒီကင်းတောင်ရွာမှာလဲ တယောက် ဆုံးတယ်။ သပြုချောင်းရွာမှာ (၂)ယောက်ဆုံးတယ်အဲဒီလိုပြောတယ်။ အလောင်းတွေဘာတွေတော့ ဆေးရုံကို မရောက် ဘူး။ အဲသူသိတာ(၅)ယောက်သိတယ်။ သူကအသေချာသိပြီးတော့ပြောတာ။”
အခုလို သေဆုံး၊ ထိခိုက်ဒဏ်ရာရတဲ့အထိ ဖြစ်ခဲ့တာဟာ မြန်မာစစ်တပ်က လေကြောင်းကနေ ဗုံးကြဲပစ်ခတ်တာ ကြောင့် ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုပေမယ့်လို့၊ ဒီလိုပစ်ခတ်မှုနဲ့ပက်သက်ပြီး တပ်မတော်သတင်းမှန်ထုတ်ပြန် ရေး အဖွဲ့ကိုဆက်သွယ်မေးမြန်းရာမှာ ၎င်းတို့အနေနဲ့ မသိရှိသေးဘူးလို့ အဖွဲ့ရဲ့ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းကအခုလိုပြောပါတယ်။
“အဲဒီ ဖုန်ညိုလိပ်ကတော့ ကျွန်တော်တိုကဆီက ထိတွေ့မှုဖြစ်တယ်လို့တော့ ကျွန်တော်တို့အကြမ်းဖျင်းသိသေး တယ်။ အဲဒီကောင်က ကျွန်တော်လဲအသေးစိတ် မသိသေးဘူးဗျ။ အသေးစိတ် သိရင်ကျွန်တော်ပြန်ပြောပေးပါ့မယ်။”
ဒဏ်ရာရသူတွေကို အကူအညီပေးနိုင်ဖို့ ICRC နိုင်ငံတကာကြက်ခြေနီအဖွဲ့ကလည်း ဘူးသီးတောင်ဆေးရုံကို သွားရောက်ခဲ့ပြီး၊ အဲဒီမှာ အချို့ကို အရေးပေါ် ခွဲစိတ်ကုသဖို့ လိုနေတယ်လို့ ICRC မြန်မာဌာနေအကြီးအကဲ Stephan Sakalian က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ လိုအပ်ရင် စစ်တွေဆေးရုံကို ပို့ဆောင်တာ အပါအဝင် ဆေးဝါးနဲ့ အခြားအကူအညီတွေပေးနိုင်ဖို့ ICRC နဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့က အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့လည်း သူက ပြောပါတယ်။
လက်ရှိ ရက်ပိုင်းတွေအတွင်းမှာတော့ ဘူးသီးတောင်မြို့နယ်ဘက်မှာ မြန်မာ့စစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AAတို့အကြား စစ်ရေးတင်းမာနေမှုတွေ ဆက်ရှိနေတာပါ။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သိန်းဂဏန်းရှိတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေ အလုံးအရင်း နယ်စပ်ဖြတ်ကျော် ထွက်ပြေးကြရတဲ့ အကြမ်းဖက်မှုတွေဖြစ်ပြီးနောက်ပိုင်း၊ ဆက်တိုက်ဆိုသလိုပဲ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် အခြေအနေကတော့ အတော်ရှုပ်ထွေး နေပါတယ်။
မတ်လအကုန်နဲ့ဧပြီလ(၁)ရက်နေ့တွေမှာ စံဂိုးထောင်ကျေးရွာအုပ်စုနဲ့ စပါးထားကျေးရွာဘက်ကို တပ်မတော်က နေ လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်နေမှုကြောင့် အနီးနားဝန်းကျင်(၂၀)ရွာက ရွာသားတွေဟာ စစ်ဘေး တိမ်းရှောင်နေကြရတယ်လို့လဲ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ဆိုပါတယ်။
တိုက်ပွဲတွေကြောင့် ဘူးသီးတောင် ၊ကျောက်တော် ၊မင်းပြား၊ မြောက်ဦး ၊ ရသေ့တောင်၊ ပုဏ္ဏား ကျွန်း မြို့နယ်ဘက်မှာ စစ်ဘေးရှောင်ဦးရေ (၂၆၀၀၀)ရှိနေတယ်လို့ စရင်းကောက်ယူနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး တာဝန်ရှိသူတွေက ပြောပါတယ်။