ပြည်သူ့စစ် အသွင်ပြောင်းရေးကို လက်မခံတဲ့ ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်းနဲ့ မြန်မာစစ်အစိုးရ တပ်တွေကြားမှာ တပတ်အတွင်း တိုက်ပွဲ ၂ ကြိမ် ဖြစ်ခဲ့ပြီး နှစ်ဘက် ထိခိုက် ကျဆုံးတာတွေလည်း ရှိခဲ့ပါတယ်။ ဒီတိုက်ပွဲတွေဟာ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ် ဖွဲ့စည်းရေးကို လက်မခံတဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ စက်တင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထား အသွင်ပြောင်းကြဖို့ မြန်မာစစ်အစိုးရဘက်က တောင်းဆိုပြီးတဲ့နောက် စတင်ဖြစ်ပွားလာတာလည်း ဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေအပေါ်မှာ စစ်ရေး၊ နိုင်ငံရေး လေ့လာသူတွေက ဘယ်လိုရှုမြင်သလဲ ဆိုတာကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။
အခုလို မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ တပ်ဖွဲ့ကတော့ အပစ်ရပ် ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်းရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ပန်ဖ ခေါင်းဆောင်တဲ့ တပ်မဟာ ၁ ဖြစ်ပါတယ်။ အပစ်ရပ် SSA မြောက်ပိုင်းက တပ်မဟာ ၃၊ တပ်မဟာ ၇ နဲ့ ဗဟိုဌာနချုပ် လုံခြုံရေး တပ်ဖွဲ့တွေ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းဖို့ လက်ခံခဲ့ပေမဲ့ တပ်မဟာ ၁ က အခုအချိန်ထိ လက်မခံခဲ့ပါဘူး။
ဒီရက်ပိုင်းတွေအတွင်း တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အခြေအနေကိုတော့ စစ်အစိုးရကို လက်နက်ကိုင် တိုက်နေဆဲဖြစ်တဲ့ SSA တောင်ပိုင်းက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဝ်ဆိုင်းက အခုလို ပြောပါတယ်။
“အဲဒီ ၂၀ ရက်နေ့က ဖြစ်တာပါ။ ဖြစ်တဲ့နေရာကတော့ မိုင်းရယ်နယ်ထဲမှာပါ။ နအဖဘက်ကတော့ တယောက် သေသွားတယ်လို့ ပြောပါတယ်။ SSA မြောက်ပိုင်းဘက်မှာတော့ ဘာမှ မဖြစ်ဘူးလို့ ပြောပါတယ်။ SSA က နအဖတပ်သားတွေရဲ့ MA တလက်ရယ်၊ ကျည်တချို့ရယ် သိမ်းဆည်းရတယ်လို့ ပြောပါတယ်။ ဒီလအတွင်းမှာတော့ ၁၄ ရက်နေ့မှာ တကြိမ်၊ ၂၀ ရက်နေ့မှာတကြိမ် စုစုပေါင်း ၂ ကြိမ်လောက် ရင်ဆိုင် တိုက်ပွဲငယ်လေးတွေ ဖြစ်ပွားပါတယ်ခင်ဗျ။”
၁၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပထမအကြိမ် တိုက်ပွဲကတော့ သီပေါမြို့နယ် အတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး SSA မြောက်ပိုင်း တပ်မဟာ ၁ ဘက်က တယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အခုလို တိုက်ပွဲဖြစ်တာဟာ နယ်ခြားစောင့်တပ် ဒါမှမဟုတ် ပြည်သူ့စစ် အသွင်ပြောင်းဖို့ လက်မခံတဲ့ အပစ်ရပ် ဝ၊ မိုင်းလား၊ မွန်နဲ့ ကချင် စတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကို စက်တင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထား အသွင်ပြောင်းဖို့ မြန်မာစစ်အစိုးရဘက်က တောင်းဆိုခဲ့ပြီးနောက်မှာ ပထမဆုံး စတင်တဲ့ တိုက်ပွဲတွေလည်း ဖြစ်ပါတယ်။
ဒီတိုက်ပွဲတွေနဲ့ ပတ်သက်လို့ SSA မြောက်ပိုင်း တပ်မဟာ ၁ ရဲ့ သဘောထားကို သူတို့နဲ့ နီးစပ်တဲ့ ရှမ်းသံတော်ဆင့် သတင်းဌာနက အယ်ဒီတာ ဦးခွန်ဆိုင်းက အခုလို ပြောပါတယ်။
“ပထမတခေါက်ကတော့ အဆင်သင့် မဖြစ်ဘဲနဲ့ ပစ်ခတ်တယ်လို့ ပြောလို့ရတာပေါ့၊ မတော်တဆပေါ့ဗျာ။ ဒုတိယတခေါက်ကတော့ မတော်တဆ ဖြစ်တယ်လို့ ပြောရ သိပ်ခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အဲဒီမှာ ပြောင်းခြံလုပ်နေတာကိုး။ ပြောင်းခြံလုပ်နေတာ နှစ်နဲ့ချီပြီးတော့ ကြာပြီ။ နအဖကလည်း သိတယ်။ သိလျက်သားနဲ့ စောင့်ပြီးတော့ ပစ်တာ။
“ဒီတပ်ကလည်း မနေ့တနေ့ကမှ ပေါ်လာတဲ့ တပ်မဟုတ်ဘူး။ ဒီ မိုင်းရယ်မှာ အမြဲတမ်းနေတဲ့တပ် ဖြစ်တယ်။ အမြဲတမ်းနေတဲ့တပ်က လာပြီးတော့ ပစ်ခတ်တယ်ဆိုတော့ ဒီဥစ္စာဟာ မတော်တဆ မဖြစ်နိုင်ဘူး။ ဒါ သွေးစမ်းတာ၊ ရန်စတာပဲ ဖြစ်တယ်ပေါ့။ ဒါပေမဲ့ ကျနော်တို့ ဒီဥစ္စာကို သွေးစမ်းတာ၊ ရန်စတာကို ဆက်လက် သည်းခံသွားရမယ်လို့ ဒီလိုပဲ ပြောပါတယ်။”
တရုတ်၊ မြန်မာ နယ်စပ်က စစ်ရေး၊ နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောကတော့ ဒီရက်ပိုင်းတွေအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ အပေါ်မှာ အခုလို သုံးသပ်ပါတယ်။
“ဟိုဘက်က တပ်ကလည်း များလာတယ်။ တန့်ယန်းဗျူဟာထဲမှာလည်း တပ်က ၃-၄ရင်း ပိုလာတော့ တပ်လှုပ်ရှားမှု ပိုများလာတယ်။ ဒီဘက်ကလည်း သူ့ဘာသာသူ ထွက်ပြီး လှုပ်ရှားတာတွေ ရှိတာပေါ့။ အဲတော့ တိုးကြတာပေါ့၊ အဲဒီလိုဖြစ်တာ။ အဓိကကတော့ အဲဒီ Border guard ကိစ္စ လက်မခံတဲ့ အခါမှာ တစုံတရာ ခြိမ်းခြောက်ဖို့လည်း ဖြစ်ချင်ဖြစ်မယ်။ နောက် စစ်ရေးအရ လုပ်ဖို့ ကိုင်ဖို့အတွက် ပြင်ဆင်တဲ့ အနေနဲ့ တပ်တွေ တိုးချတာ ဖြစ်ချင်ဖြစ်မယ်။ အဲဒီ တပ်လှုပ်ရှားမှုတွေမှာ တိုးလာတာပေါ့။
“SSA တပ်မဟာ ၁ ဘက်ကို တိုက်ရင်တော့ ဝဘက်က ကူညီပံ့ပိုးတာတွေ ဖြစ်လာနိုင်တာပေါ့။ ဒါကလည်း အပြန်အလှန် ဆက်စပ်နေတာပါ။ နယ်ကလည်း သံလွင်မြစ်တခုပဲ ခြားပါတယ်။ သိပ်အကွာကြီး မဟုတ်ဘူး။ တပ်မဟာ ၁ ဖြစ်လာရင်တော့ အပြန်အလှန် အကူအညီပေးရေး ဆိုတဲ့ သဘောထားကတော့ ရှိပြီးဖြစ်ပါတယ်။”
မြန်မာစစ်အစိုးရဘက်က ရွေးကောက်ပွဲ မတိုင်ခင် ကာလမှာ ထိုးစစ်ဆင်မယ့် အခြေအနေ မရှိသေးကြောင်း၊ ဒါပေမဲ့ အချိန်တိုအတွင်းမှာ နယ်မြေသိမ်းတဲ့ တိုက်ပွဲမျိုးတော့ တိုက်ချင် တိုက်လာနိုင်ကြောင်း ဦးအောင်ကျော်ဇောက ဆက်ပြောပါတယ်။
ဒီရက်ပိုင်းတွေ အတွင်းမှာတော့ မြန်မာစစ်အစိုးရက အပစ်ရပ် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ကို ဒေသတွင်း ခရီးသွားလာခွင့်တွေကို ကန့်သတ် ချုပ်ချယ်လာပြီး KIA ဘက်ကလည်း စစ်ရေးအရ ပြင်ဆင်တာတွေ ရှိနေပါတယ်။
မြန်မာစစ်အစိုးရက ၁၉၈၈ နောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲခဲ့ပြီး လာမယ့် ရွေးကောက်ပွဲ မတိုင်ခင်မှာတော့ ဒီအဖွဲ့တွေကို နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းဖို့အတွက် ကမ်းလှမ်းခဲ့ပါတယ်။
ဒါပေမဲ့ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်၊ မိုင်းလားခေါ် အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် (NDAA)၊ ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ မွန်ပြည်သစ်ပါတီ စတဲ့ အဖွဲ့တွေကတော့ မြန်မာစစ်အစိုးရရဲ့ ကမ်းလှမ်းချက်ကို လက်မခံခဲ့ကြပါဘူး။