သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ပက်လက်အခြေစိုက် စစ်ကောင်စီတပ်တွင်း ပစ်ခတ်မှု အရာရှိ ၃ ဦး သေဆုံး


ချင်းပြည်နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့။
ချင်းပြည်နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့။

(Zawgyi / Unicode)

ချင်းပြည်နယ် ကန်ပက်လက်မြို့ အခြေစိုက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အချင်းချင်းကြား မနေ့က ပစ်ခတ်မှုဖြစ်ခဲ့ပြီး အရာရှိ ၃ ဦး သေဆုံးသွားတယ်ဆိုတာကို စစ်ကောင်စီဘက်က အတည်ပြုပါတယ်။ မတူပီမြို့နယ်အတွင်း စစ်တပ်က ဖမ်းဆီးသွားတဲ့ ရွာသားတွေအနက် ၁၀ ဦးရဲ့ အလောင်းကို ဒီကနေ့ တွေ့ရတယ်လို့ ချင်းကာကွယ်ရေးအဖွဲ့ (CDF) ဘက်က ပြောပါတယ်။ ချင်းပြည်နယ်ဘက်ကသတင်း ရန်ကုန်က‌ ပေးပို့ထားတာကို ကိုသားညွန့်ဦး ပြောပြမှာပါ။

ချင်းပြည်နယ် ကန်ပက်လက်မြို့အတွင်းမှာ တပ်စွဲထားတဲ့ စစ်တပ်ထဲ ဒီမနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ အရာရှိ ၃ ဦး သေဆုံးသွားတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။

“ကန်ပက်လက်မှာ မနေ့က ၁၀ နာရီခွဲ ၁၁ နာရီလောက်မှာ အဲဒီမှာရှိတဲ့ စစ်သည်တဦးက ၊ အဲဒီ စစ်သည်ကတော့ စစ်ဆင်ရေးမှာ သူဆောင်ရွက်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူ့ကို စစ်ဆေးနေတာရှိတယ်။ အဲဒီ စစ်ဆေးနေတဲ့ စစ်သည်ကပဲ ပစ်ခတ်တဲ့ဖြစ်စဉ်တော့ ဖြစ်ပွားခဲ့တယ်။ အဲဒီမှာ အရာရှိ ၃ ဦးတော့ သေသွားတာတော့ ရှိပါတယ်။”

ကန်ပက်လက်မြို့ခံ တဦးကတော့ သေဆုံးသွားတဲ့ အရာရှိအလောင်းကို ဒီမနက်မှာ ရဟတ်ယာဉ်နဲ့ သယ်ဆောင်သွားတယ်လို့ ပြောပါတယ်။

“ဘုန်းကြီးကျောင်းမှာနေတဲ့ စစ်သားတွေနဲ့ ရန်အောင်စေတီမှာနေတဲ့ စစ်သားတွေ အဲဒီလို ရန်ဖြစ်ကြတယ်။ တိုက်ကြတယ်၊ ပစ်ကြတယ်လို့ အဲဒီလို သတင်းက ထွက်နေတယ်။ ၄ ယောက်လို့ ကြားတယ်။ သူတို့က ဝိသကြုံကြက်ခြေနီကားနဲ့ ကြက်ခြေနီအဖွဲ့တွေက ပြန်ပို့တယ်လို့ ကြားတယ်၊ သူတို့ရဲ့အလောင်း။ နှစ်ယောက်ကိုတော့ ဒီမှာမြှုပ်တယ်တဲ့။ ဒီအရာရှိ နှစ်ယောက်ကိုပဲ ဟယ်လီကော်ပတာနဲ့ ပြန်သယ်သွားတယ်။ ၁၁ နာရီခွဲမှာ အဲဒီအရာရှိနှစ်ယောက်ရဲ့ အလောင်းကို ပြန်သယ်သွားတယ်။”

တပ်ဖွဲ့အတွင်း အထက်အောက် မကျေလည်လို့ မနေ့က ပစ်ခတ်မှု ဖြစ်ပွားတာလို့ မြို့ခံတွေက ပြောပါတယ်။ ကန်ပက်လက်မြို့မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက စာသင်ကျောင်း၊ စီးပွားရေးဘဏ်၊ မြို့နယ်အုပ်ချုပ်ရေးရုံး၊ မြို့နယ် NLD ရုံးတို့မှာ တပ်စွဲထားတာပါ။

ကန်ပက်လက်မြို့မှာ ဒီဇင်ဘာ လဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ကန်ပက်လက် ကာကွယ်ရေးအဖွဲ့ (CDF Kanpetlet) တို့ တိုက်ပွဲဖြစ်ပွားနေပါတယ်။

ချင်းပြည်နယ် မတူပီမြို့နယ်ထဲမှာတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့နဲ့ ၇ ရက်နေ့တုန်းက မတူပီမြို့နယ် ကီလှုန်းနဲ့ လုံလှောရွာကြားမှာ စစ်ကောင်စီတပ်နဲ့ မတူပီ PDF တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အဲဒီ စစ်ရေးတင်းမာမှုအတွင်း ခရီးသွား ရွာသားအတော်များများ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးမှုကို ခံရတယ်လို့ မတူပီ PDF တာဝန်ရှိသူက ပြောပါတယ်။

ဒီနေ့မနက်မှာ အဖမ်းဆီးခံရသူတွေရဲ့ အလောင်း ၁၀ လောင်း တွေ့ရှိခဲ့တယ်လို့ မတူပီ PDF တာဝန်ရှိသူ တဦးက ပြောပါတယ်။

“ခုလောလောဆယ် ကျနော်တို့ ၁၀ လောင်းတွေ့ပြီပေါ့နာ်။ ကျနော်တို့ အဲဒီ သေဆုံးတဲ့သူတွေရဲ့ ရွာတွေ၊ ကိုယ်ရေးအချက်အလက်တွေ ကျနော်တို့ လိုက်နေတုန်းပဲ။ အနီးစပ်ဆုံးကတော့ ကျနော်တို့ ငလိုင်တို့ ကီလှုန်းတို့ လုံလှောတို့ ကျေးရွာတွေပဲ ပါပါတယ်ခင်ဗျ။”

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သေဆုံးတဲ့သူတွေဟာ တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ CDF အဖွဲ့ဝင်တွေဖြစ်ပြီး တိုက်ပွဲအတွင်း စစ်လက်နက်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အခုလိုပြောပါတယ်။

“၆ ရက်နေ့မှာတော့ အဲဒီ မတူပီဘက်မှာတော့ ရှိတယ်။ မတူပီရဲ့မြောက်ဘက် မီတာ ၁၂,၀၀၀ ကျော်လောက်က အဲဒီမှာ အကြမ်းဖက် ၁၀ ဦးနဲ့ ပစ်ခတ်မှုဖြစ်တယ်။ သူတို့ အနောက်မြောက်ဘက် ဆုတ်သွားတယ်။ သူတို့ဆီက အလောင်းရလိုက်တာ ရှိတယ်။ ပြီးရင် သေနတ် ၆ လက်မိတာ ရှိတယ်။ သူတို့စီးလာတဲ့ ဆိုင်ကယ် ၄ စီး ရလိုက်တာရှိတယ်။ အဲဒီဖြစ်စဉ်ပဲရှိတယ်။”

သေဆုံးသူတွေဟာ CDF အဖွဲ့ဝင်တွေ မဟုတ်ဘဲ ခရီးသွား ရွာသားတွေသာ ဖြစ်တယ်လို့ မတူပီ PDF တာဝန်ရှိသူတဦးက ငြင်းဆိုပါတယ်။

“ကျနော်တို့ CDF တပ်ဖွဲ့ဝင်တွေ တယောက်မှ မပါပါဘူးဗျ။ ဒါက စစ်ကောင်စီရဲ့ လိမ်ညာထွက်ဆိုချက်ပါ။ ဒါ ကျနော်တို့ ကျေးရွာတွေမှာ နေထိုင်နေတဲ့ ခရီးသွားလာနေတဲ့သူတွေ ဖြစ်ပါတယ်ခင်ဗျ။”

တိုက်ပွဲကာလအတွင်း ကီလှုန်း၊ လုံလှောရွာကို ခရီးသွားနေတဲ့ ပြည်သူ ၇ ဦးထက် မနည်းကို စစ်တပ်က ဖမ်းသွားတယ်လို့ မတူပီ CDF ပြန်ကြားရေးတာဝန်ရှိသူက ဇန်နဝါရီ ၇ ရက်နေ့တုန်းက ဗွီအိုအေကို ပြောခဲ့ပါတယ်။

စစ်တပ်ကနေ အာဏာ ထိန်းသိမ်းခဲ့ပြီးတဲ့နောက် ၁၁ လအတွင်း ချင်းလူမျိုး ၁၆၃ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA)က ဇန်နဝါရီ ၆ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။ လက်ရှိ မတူပီမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တို့အကြား စစ်ရေးအရ ထိပ်တိုက် ရှိနေဆဲပဲလို့ မတူပီ PDF တာဝန်ရှိသူတဦးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)

















XS
SM
MD
LG