သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရာဇဝတ်မှုကျူးလွန်ကြောင်း AI စွပ်စွဲချက် မြန်မာတပ်မတော် ငြင်းဆို


တပ်မတော်စစ်သားများ
တပ်မတော်စစ်သားများ

ရခိုင်ပြည်နယ်တွင်း စစ်ဆင်ရေးတွေမှာ မြန်မာစစ်တပ်က စစ်ရာဇဝတ်မှုတွေကို ကျူးလွန်တယ်နေတယ်ဆိုပြီး Amnesty International နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ကြီးက ဝေဖန်ခဲ့တဲ့အပေါ်၊ မြန်မာတပ်မတော်ဖက်က ငြင်းဆိုပြီး သူတို့အနေနဲ့ စစ်ရေးပစ်မှတ်တွေကိုသာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ တုန့်ပြန်ပါတယ်။ AA ရခိုင်အဖွဲ့ဖက်က အရပ်သားကျေးရွာတွေထဲကနေ တိုက်ခိုက်တာကြောင့် လိုအပ်တဲ့အင်အားသုံးဆောင်ရွက်တာဖြစ်တယ်လို့ တုန့်ပြန်ပါတယ်။ ကိုဝင်းမင်းက မေးမြန်းထားပါတယ်။

မေလ (၂၉) ရက်နေ့ထုတ် ဒီ Amnesty International နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ အစီရင်ခံစာထဲမှာ အရင် (၂) နှစ်ခန့်တုန်းက ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် စစ်ရာဇဝတ်မူကျုးလွန်ခဲ့တဲ့မြန်မာ့တပ်မတော်ရဲ့ ဒေသခံတပ်တွေအပြင်နောက်ထပ် တပ်မအသစ်တွေပါထပ်တိုးပြီးရခိုင်ပြည်တွင်း လက်ရှိ စစ်ဆင်ရေးလုပ်နေတာကတပ်မတော်ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးတွေ ပါဝင်ပတ်သက်နေတာကို ပြတယ်လို့ ထောက်ပြလိုက်ပါတယ်။

ဒါ့အပြင် ဒီနှစ်ဆန်းပိုင်းမှာ ရခိုင်ပြည်နယ်တွင်း ရဲစခန်းတွေကို AA ရခိုင်လက်နက်ကိုင်တပ်တွေက ဝင်တိုက်ခဲ့ပြီး တပ်မတော်ဘက်က တန်ပြန်စစ်ဆင်ရေးထဲ နောက်ထပ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်မှုတွေ ဖြစ်လာရတာက အရပ်သားအစိုးရအနေနဲ့ AA ကို ခြေမှုန်းဖို့ အမိန့်ပေးအပြီးမှာဖြစ်တယ်လို့လည်း Amnesty International က ဆက်ထောက်ပြလိုက်ပါတယ်။

ဒါပေမဲ့ မြန်မာ့တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ အခုလို စစ်ရာဇဝတ်မှု ကျူးလွန်တာမဟုတ်ပဲ ရွာတွေထဲကနေ AA က ပြန်ပစ်ခဲ့တာကြောင့် လိုအပ်တဲ့အင်အားသုံးရတာ ဖြစ်တယ်လို့ ပြန်ပြောပြပါတယ်။

“စစ်ရာဇဝတ်မှုနဲ့ ပတ်သက်လာရင် ပြောရမယ်ဆိုရင် ကျနော်တို့ ပြောလိုတာက တိုက်ခိုက်တဲ့နေရာမှာ ကျနော်တို့ Rule of engagement (ROE) အတိုင်းပဲ၊စစ်ရေးဆိုင်ရာပြစ်မှတ်တွေကိုသာ ဆောင်ရွက်လေ့ရှိတယ်။ စစ်ဆင်ရေးဆောင်ရွက်ခဲ့မှုအပိုင်းနဲ့ ပြောရရင်တော့ ကျနော်တို့က အစိုးရကလည်း ခွင့်ပြုထားပြီးသားဖြစ်ပါတယ်။ သောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆင်ရေးဖြစ်ပါတယ်။ ဒါကတော့ Theory သပ်သပ်ပေါ့လေ။ လက်တွေ့မြေပြင်လုပ်ဆောင်မှုအပိုင်းက ဒီစွပ်စွဲချက်တွေက ဘယ်ကနေအခြေခံဖြစ်ပေါ်လာသလဲဆိုရင် နံပါတ်တစ်ကတော့ ကျေးရွာအနီးတွေမှာဖြစ်တဲ့ ထိတွေ့မှုတွေကြောင့်ဖြစ်ပေါ်လာတယ်လို့ ကျနော်ကတော့ ယူဆပါတယ်။ အဲဒီကျေးရွာအနီးမှာ တိုက်ပွဲတွေမဖြစ်လာအောင်ဆိုပြီးတော့ ကျနော်တို့ သတင်းထုတ်ပြန်တဲ့အခါတိုင်းမှာ ရပ်ရွာပြည်သူလူထုတွေကို အသိပေးမှု သတိပေးမှုတွေပြုလုပ်လျှက်ရှိတယ်။”

ဒါ့အပြင် Amnesty International ကပဲ ဒီရခိုင်ပြည်နယ်အတွင်းဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တားဆီးနိုင်ဖို့ နိုင်ငံတကာအနေနဲ့ ပျက်ကွက်နေတာကြောင့် ဒီပြဿနာကို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို အမြန်ဆုံးလွှဲပြောင်းပေးသင့်တယ်လို့ အကြံပြုထားတဲ့အပေါ်မှာလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက

“ICC ဆိုတာသည် နိုင်ငံအတွင်းမှာ ဒါတွေနဲ့ ပတ်သက်ပြီးတော့အရေးယူမှုမရှိဘူး အပြစ်ပေးမှုမရှိဘူး ဆိုမှသာ ဝင်ရောက်စွက်ဖက်ခွင့်ရှိတာ။ ပြီးတော့ သူက အဖွဲ့ဝင်နိုင်ငံတနိုင်ငံလည်းဖြစ်ရမယ်။ ကျနော်တို့အနေနဲ့ ဒီ စစ်ဖက်ပဋိပက္ခဖြစ်တဲ့နယ်မြေ အတော်များတယ်။ အဲဒီနယ်မြေအတွင်းမှာ ကျူးလွန်ခဲ့တယ်ဆိုရင် ကျနော်တို့ အရေးယူမူ မရှိဘူးဆိုတာ မရှိဘူး။ ကျနော်တို့ အရေးယူဆောင်ရွက်နေတဲ့အထဲကမှ ဒီ ICC ဆိုတာ ဖြစ်ပေါ်လာစရာအကြောင်းမရှိဘူးလို့ ပြောလိုပါတယ်။”

ဒါပေမယ့် တပ်မတော်က အရင် အင်းဒင်ရွာမှာ သတ်ဖြတ်မှုဖြစ်တာကြောင့် ထောင်ဒဏ်အပြစ်ပေးထားတဲ့ တပ်မတော်သားတွေကို ပြန်လွှတ်ခဲ့တဲ့အပေါ် မေးမြန်းရာမှာ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်မတော်သားတွေမှာလည်း အသနားခံပိုင်ခွင့်ရှိတယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG