သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမ်းမြို့နယ်မှာ မိုင်းပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတချို့ဖြစ်


ရခိုင်ပြည်နယ်အတွင်းပိုင်း အမ်းမြို့နယ်ထဲမှာ လမ်းလုံခြုံရေးယူထားတဲ့ တပ်မတော်ယာဉ်တန်းလမ်းကြောင်းကို တနင်္လာနေ့ညက မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိခဲ့ဘူးလို့ တပ်မတော် ဘက်ကရော၊ ဒေသခံ တာဝန် ရှိသူတွေကပါပြောပါတယ်။ စစ်ရေးပဋိပက္ခတင်းမာနေတဲ့ ရခိုင်ပြည်နယ်ထဲမှာ အခုလို မျိုး တိုက်ပွဲဖြစ်တဲ့နေရာတွေ ပိုပြီးကျယ်လာ တာကြောင့် ဒေသခံတွေ ပိုပြီး အခက်ကြုံလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုမျိုး လည်းရှိပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အလယ်ပိုင်း အမ်းမြို့နယ်အတွင်း၊ အမ်းနဲ့ကျောက်တော် ကားလမ်းမှာ လမ်းလုံခြုံရေးယူထားတဲ့ တပ်မတော် ယာဉ်တန်းကို ရည်ရွယ်ပြီး တနင်္လာနေ့ညက မိုင်းခွဲတိုက်ခိုက်ခဲ့တယ်ဆိုတာ တပ်မတော် သတင်း မှန်ပြန်ကြားရေးအဖွဲ့ တွဲဘက် အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို အခုလို အတည်ပြု ပြောဆိုပါတယ်။

“ဖေဖေါ်ဝါရီလ(၄)ရက်နေ့တုန်းက ညပိုင်းမှာ အဲဒီမှာကျွန်တော်တို့လမ်းလုံခြုံရေးလုပ်နေတာရှိတယ်။ လမ်းလုံခြုံရေး လုပ်တဲ့အဖွဲ့ တွေကို မိုင်းခွဲပြီးတိုက်တာရှိတယ်။ AA အဖွဲ့ဘဲ။ AA အဖွဲ့ဘဲ ဟုတ်။ အမ်းနဲ့ကျောက်တော်အကြား ကားလမ်းမှာဖြစ်တာ။ အမ်းနဲ့ တော့နဲနဲဝေးသေးတယ်။ ဒဏ်ရာရမှု ဘာညာမရှိပါဘူး။ ထိခိုက်ကျဆုံးမှု နှစ်ဖက် တော့မရှိဘူးလို့ သိရတယ်။”

အမ်းမြို့နယ်အနောက်ဘက် မိုင် ၂၀ လောက်အကွာမှာဖြစ်ခဲ့တဲ့ အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး အဲဒီကနေ သိပ်မဝေးလှ တဲ့ ကဇူကိုင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်သောင်းက အခုလိုပြောပါတယ်။

“မနေ့က(၈)နာရီခွဲလောက်ပေါ့။ ပေါက်ကွဲသံကြားတယ်ပေါ့။ ပစ်ခတ်သံလေးတွေကြားနေကြတယ်ပေါ့ ဒီရွာမှာ။ မိနစ် ၂၀ ဝန်းကျင်လောက်ပါဘဲ။ ယာဉ်တန်းကိုတိုက်ခိုက်တာနဲ့တူတယ်။ ဘယ်လိုပုံစံတိုက်ခိုက်တာဆိုတာတော့ မသိဘူး လေ။ နားမလည်ဘူး။ ပထမဆုံးပါ။ ပထမဆုံးပါ။ ထိခိုက်မှုဘာညာတော့ ဘာမှမရှိဘူးဗျ။”

အမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်ကတော့ မိုင်းခွဲတိုက်ခိုက်တဲ့နေရာကို မိုင်တိုင်အမှတ်နဲ့တကွ အတိအကျ ရှင်းပြသလို အခင်းဖြစ်ပြီးနောက်ပိုင်း ဒီကနေ့ အခြေအနေ တည်ငြိမ်နေတယ်လို့ပြောပါတယ်။

“ဖြစ်တဲ့နေရာကတော့ ရန်ကုန်စစ်တွေလမ်း မြေပုံနဲ့အမ်းကြား၊ မဲလက်မောင်းကျေးရွာ ကဇူကိုင်းကျေးရွာ ရှောက်ခြုံ ကျေးရွာအနီး မိုင်တိုင်၁၉/၄မှာဖြစ်တာပါ။ ဖြစ်တဲ့အခြေအနေကတော့ အမ်းကနေ စစ်ယာဉ် ၅ စီးဖြတ်သွားတယ်။ ဗုံးကွဲမဲ့နေရာကနေပြီးတော့ ဖြတ်သွားပြီး ၁၅ မိနစ်အကြာမှာ ဗုံးတလုံးကွဲတယ်။ နောက်ထပ်ပြီးတော့ဗုံးတလုံးကွဲတယ်။ ယာဉ်လူထိခိုက်ဒဏ်ရာရရှိတာ လုံး၀ မရှိပါဘူး။ ဗုံးသံကြားတဲ့အခါမှာ လုံခြုံရေးတပ်ကနေပြီးတော့ အဲဒီနေရာကို တက် ရှင်းလင်းတာပါ။ အခုမနက်ကစပြီးတော့ ခရီးသည်တင်တဲ့ကားတွေ ယာဉ်ကြီးယာဉ်လတ်အကုန်လုံး ပုံမှန်အတိုင်း သွားလာလျှက်ရှိပါတယ်ဗျ။”

ရခိုင်ပြည်နယ်အလယ်ပိုင်းက အမ်းမြို့နယ်ဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိတဲ့မြို့ဖြစ်ပြီး အခုလို တိုက် ခိုက်မှုဖြစ်စဉ် မျိုး ပထမဆုံးအကြိမ်ဖြစ်တာလို့ ဒေသခံတွေကပြောပါတယ်။

အဲဒီ မိုင်းခွဲတိုက်ခိုက်တဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြ ီး ရခိုင့်တပ်မတော် AA ဘက်ကို ဆက်သွယ်မေးမြန်းရာမှာ ပြန်ကြား ရေး တာဝန်ခံ ခိုင်သုခက သူမသိသေးဘူးလို့ပြောပါတယ်။

AA နဲ့ တပ်မတော်တို့အကြား ဘူးသီးတောင် ရသေ့တောင် မောင်တော ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ် တွေမှာ ထိတွေ့ တိုက်ပွဲတွေ ဖြစ်နေရာက အခုလို ပြည်နယ်အတွင်းပိုင်း အမ်းမြို့နယ်အထိ ရောက်လာတဲ့အပေါ် ရခိုင်ပြည်နယ် အရပ်သား ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေးအဖွဲဝင် ကိုဇော်ဝင်းက အခုလိုသုံးသပ်ပါတယ်။

“အမ်းမြို့နယ်ဆိုတာတော့ အလယ်စင်တာဆို ပိုပြီးမှန်တယ်ပေါ့။ ရခိုင်ပြည်ရဲ့အလယ်မှာလေ။ စစ်ရေးအခြေအနေ ကတော့ စစ်မျက်နှာတွေအများကြီးကျယ်လာမယ်။ ဒီထက်ပိုပြီးကျယ်လာဦးမယ်ဆိုတဲ့ နှစ်ဖက်အခြေအနေရဲ့ အဲဒီ လိုဖြစ်နေပုံရတယ်လေ။ စစ်မျက်နှာတွေကျယ်ပြန့်လာပြီးဆိုရင် ပြည်သူတွေအခက်ခဲဖြစ်မယ်။ ပြည်သူတွေဒုက္ခ ရောက်မယ်။ စားဝတ်နေရေး ပညာရေး ကျန်းမာရေး ကလေးသူငယ် သက်ကြီးရွယ်အိုကအစ အခက်ခဲတွေ ကြုံလာမယ်။”

ဒီအတောအတွင်းမှာပဲ AA အပါအဝင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ၊ ကချင်လွတ် မြောက်ရေးတပ်မတော် (KIA) နဲ့တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) စတဲ့ လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ ရဲ့ Facebook စာမျက်နှာတွေကို ပိတ်လိုက်တယ်လို့ Facebook ကုမ္ပဏီက ဖေဖော်ဝါရီ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး AA ရဲ့သဘောထားကို ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက အခုလိုပြောပါတယ်။

“Facebook က ပိတ်လိုက်တဲ့ကိစ္စလား။ တလလောက်တော့ရှိပြီးထင်တယ်ဗျ။ ဇန်နဝါရီ မှာပိတ်တယ်။ ကျွန် တော်တို့ မြင်တာက Facebook မူဝါဒလို့ပြောရမှာထက် မြန်မာအစိုးရကနေပြီးတော့ ဒါဖိအားပေးပြီးတော့လုပ်တဲ့ သဘောလို့ ကျွန်တော် တို့မြင်တယ်။ ကျွန်တော်တို့ရဲ့လှုပ်ရှားမှုသတင်းကို ပြည်သူလူထုမှန်မှန်ကန်ကန်သိဖို့ အတွက် ရည်ရွယ်ချက်နဲ့ နေပြီးတော့ လုပ်ထားတဲ့ဥစ္စာတွေ။ Facebookက နေပြီးတော့ အစိုးရတွေရဲ့အသုံးချခံသက် သက် လားနော်။ အဖိနှိပ်ခံလူမျိုးတွေအတွက် Facebookက မရပ်တည်ဘူးလားဆိုတဲ့ဥစ္စာ တော့ မေးခွန်းထုတ်စရာ တော့ဖြစ်တာပေါ့ဗျာ။”

လက်ရှိမှာ မြန်မာ့တပ်မတော်ဖက်က ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်အတွင်း စစ်အင်အားတွေ ပိုပြီးချထားနေတာ ကြောင့် တိုက်ပွဲ တွေ ဆက်ပြီး ပြင်းထန်းလာမယ့်အခြေအနေရှိတယ်လို့ အရပ်သား ပစ်ခတ်တိုက်ခိုက်မှု စောင့် ကြည့်ရေးအဖွဲတွေက သုံးသပ်ထား ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG