သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

SSA/SSPP ဌာနချုပ်နဲ့ ၅ မိုင်အကွာ မြန်မာစစ်တပ် ရှေ့မတိုးနိုင်သေး


SSA/SSPP ဌာနချုပ်နဲ့ ၅ မိုင်အကွာ မြန်မာစစ်တပ် ရှေ့မတိုးနိုင်သေး
SSA/SSPP ဌာနချုပ်နဲ့ ၅ မိုင်အကွာ မြန်မာစစ်တပ် ရှေ့မတိုးနိုင်သေး

မြန်မာစစ်တပ်ဘက်က စစ်အင်အား အလုံးအရင်းနဲ့ SSA/SSPP ရှမ်းပြည်တိုးတက်ရေးပါတီ တပ်ဖွဲ့အပေါ် ထိုးစစ်ဆင်ခဲ့ရာမှာ SSA/SSPP တပ်ဖွဲ့တွေရဲ့ ခုခံမှုကြောင့် ဌာနချုပ်နဲ့ ၅ မိုင်အကွာမှာပဲ ရပ်တန့်သွားတယ်လို့ ဆိုပါတယ်။ အခုစစ်ဆင်ရေးမှာ မြန်မာစစ်တပ်ကနေ စခန်းသိမ်းနိုင်တဲ့ အခြေအနေတွေ ရှိနေပြီး ရှမ်းပြည်တိုးတက်ရေးပါတီကတော့ ယာယီဌာနချုပ် အသွင်နဲ့ ဆက်ပြီး တိုက်ပွဲဝင်မယ်လို့ ပြောပါတယ်။ အခုတိုက်ပွဲအတွင်းမှာ မြန်မာစစ်တပ် အကြီးအကဲတွေက ဒေသခံတွေအပေါ် မတရားတဲ့ စစ်မိန့်တွေ ပေးထားတယ်လို့လည်း ရှမ်းပြည် တိုးတက်ရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ ဝမ့်ဟိုင်းဌာနချုပ် စခန်းသိမ်းဖို့ ထိုးစစ်ဆင်နေတဲ့ မြန်မာစစ်တပ်ဟာ ရှမ်းတပ်ဖွဲ့တွေရဲ့ ခုခံတိုက်ခိုက်နေမှုကြောင့် နောက်ဆုံးဝင်လာတဲ့ သတင်းအရ ဌာနချုပ်နဲ့ ၅ မိုင်အကွာမှာပဲ ရပ်တန့်နေရတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။ SSA/SSPP ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ တပ်ဖွဲ့အနေနဲ့ကတော့ ရှေ့တန်း နမ့်ကိုင်ဖိတ်စခန်းကနေ တဆင့်ချင်း ဆုတ်ခွာပြီး မြန်မာစစ်တပ်တွေကို ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်နေတယ်လို့ အဖွဲ့ရဲ့ ဗဟိုကော်မတီဝင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက ဗွီအိုအေကို အခုလို ပြောပါတယ်။

“အခြေအနေက သူတို့ ရှေ့ဆက်မတိုးနိုင်သေးဘူး။ အဲဒီ ဝမ့်မိန်နားမှာပဲ ရပ်နေတယ်လေ။ သူတို့တပ်တွေက ကျနော်တို့ ဝမ့်ဟိုင်းနဲ့ ၅ မိုင် ၆ မိုင်လောက်ပေါ့။ ကျနော်တို့တပ်တွေလည်း ရှိသေးတယ်လေ အဲဒီမှာ။ ဝမ့်ဟိုင်းဝန်းကျင် ကျနော်တို့တပ်တွေ ရှိသေးတယ်။ အဲဒီမှာ ကျနော်တို့လူက နမ့်ကိုင်ဖိတ်က ခွာကတည်းက တိုက်ရင်းဆုတ်ရင်း တိုက်ရင်းနဲ့ပေါ့။ အဲဒီမှာ ကျဆုံး ဒဏ်ရာရတာတော့ မသိသေးဘူးခင်ဗျ။”

ဝမ့်ဟိုင်းဌာနချုပ်ကို သိမ်းဖို့ ထိုးစစ်ဆင်လာတဲ့ မြန်မာစစ်တပ်ရဲ့ အင်အားအနေအထားအရ အားသာမှု ရှိနေတာကြောင့် စခန်းကို သိမ်းနိုင်ခဲ့တာတောင် SSA/SSPP တပ်ဖွဲ့တွေ အနေနဲ့ ဌာနချုပ်ကို အတည်တကျ မထားတော့ဘဲ လှည့်လည်ပြီး ကျောပိုးအိတ် ဌာနချုပ် အသွင်သာ လှုပ်ရှားသွားမယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက အခုလို ပြောပါတယ်။

“ဝမ့်ဟိုင်းဌာနချုပ် ကျသွားလည်း ကျပါစေလေ။ ကျသွားလည်း ကျနော်တို့ SSA က လုံး၀ ပျောက်သွားတာ မဟုတ်ပါဘူး။ ကျနော်တို့ အဲဒီအဆောက်အဦးတွေပဲ ရမှာပေါ့။ ကျန်တာ ဘာမှ ရစရာအကြောင်း မရှိပါဘူး။ အဲဒီဌာနချုပ်တော့ လောလောဆယ် တခြားနေရာ ပြန်တည်ဆောက်ဖို့တော့ ကျနော်တို့ အခက်အခဲ အများကြီး ရှိပါတယ်။ ဒီအတိုင်း ပြောက်ကျားဒေသမှာပဲ လှည့်ပတ်ပြီးတော့ ဒီအတိုင်းပဲ နေနေမှာပဲ။ ငြိမ်းချမ်းရေး မယူခင်တုန်းကလည်း ရောက်တဲ့နေရာ ဌာနချုပ် ဖွင့်တာပဲ။”

ဒီ ဝမ့်ဟိုင်းဌာနချုပ် စခန်းသိမ်း တိုက်ပွဲမှာ အမှတ် ၂ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ်က အကြီးအကဲ ဒု-ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်ကနေ ကိုယ်တိုင် ကွပ်ကဲနေသလို မလိုလားအပ်တဲ့ ညွှန်ကြားချက် အမိန့်တွေ ပေးနေတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက အခုလို ဆက်ပြောပါတယ်။

“တိုင်းချုပ် အောင်သန်းထွဋ်လေ၊ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် အမှတ် ၂ ပေါ့။ အဲဒီ မိုင်းနောင်မှာလေ၊ အဲဒီမှာ သူ့တပ်ကို သူ ညွှန်ကြားလိုက်တယ်။ မိုင်းနောင်က ကျနော်တို့ အထောက်တော် သတင်းပေးချက် အရလေ။ အမျိုးသားတွေတွေ့ရင် ပစ်သတ်လိုက်။ အမျိုးသမီးတွေတွေ့ရင် မုဒိမ်းကျင့်ဆိုပြီး အဲဒီလို ညွှန်ကြားချက် ပေးထားတော့ တိုင်းချုပ်ရဲ့ ညွှန်ကြားချက် အတိုင်းပဲ၊ ၁၆ ရက်နေ့က ခလရ ၂၂ က ဒု-အရာခံဗိုလ် စံဆာက အဲဒီ ဝမ့်ချက်နဲ့ ဆိုင်းခေါ်ကြားမှာ နွားကျောင်းနေတဲ့ ရွာသားတယောက်ကို သွားပစ်သတ်လိုက်တယ်။ အဲဒါ အကြောင်းမဲ့ ပစ်သတ်တာပဲ။”

ဟုတ်ကဲ့။ တောင်ပိုင်းနဲ့ မြောက်ပိုင်းဆိုပြီး ကွဲနေတဲ့ SSA ဟာ တဖွဲ့တည်း ပေါင်းစည်းသွားပြီလို့လည်း သိရပါတယ်။ မြောက်ပိုင်း SSA အပေါ် အခုလို မြန်မာစစ်တပ်ကနေ ထိုးစစ်ဆင်လာတော့ တောင်ပိုင်းတပ်တွေကရော ဘယ်လို အကူအညီတွေ ပေးနေပါသလဲ။ စစ်ရေးအရရော ကူညီဖို့ အစီအစဉ် ရှိပါသလားခင်ဗျ။

“တောင်ပိုင်းကတော့ သူတို့နယ်မြေထဲမှာ သူတို့ လှုပ်ရှားပြီးတော့ သူတို့လည်း တိုက်ပါတယ်။ ဒါပေမဲ့ အဲဒီတိုက်ပွဲ သတင်းတွေတော့ ကျနော်တို့ဆီ မရောက်သေးဘူး။ လိုအပ်ရင်တော့ အချိန်မရွေး သူတို့လည်း ကူဖို့ အသင့်ရှိပါတယ်။ လောလောဆယ်တော့ ကျနော်တို့လည်း မလိုအပ်သေးပါဘူး။”

SSA/SSPP ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ တပ်တွေနဲ့ မြန်မာစစ်တပ်တို့ဟာ ဇူလိုင်လ ၁၁ ရက်ကနေ အခုချိန်ထိ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ဒီတိုက်ပွဲတွေမှာ နှစ်ဦးနှစ်ဘက် ထိခိုက်မှုတွေ ရှိရုံမက အရပ်သားတွေ အပေါ်မှာလည်း ထိခိုက်မှု ရှိနေတယ်လို့ သတင်းတွေ ပေါ်ထွက်နေပါတယ်။

မြန်မာစစ်တပ် အနေနဲ့ ရှမ်းပြည်တိုးတက်ရေးတပ် အပေါ်မှာ အင်အားအရရော လက်နက်ကြီးတွေနဲ့ရော ပစ်ခတ်မှုတွေ ပြုလုပ်နေတာကြောင့် အရပ်သားတွေနဲ့ ကျောင်းသူ ကျောင်းသားတွေဟာ စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ တချို့ ငွေကြေး တတ်နိုင်သူတွေကတော့ မိုင်းရှူးမြို့နယ်ထဲကို တိမ်းရှောင်နေကြပြီး ငွေကြေးအင်အား မတတ်နိုင်သူ အများစုကတော့ တောတောင်တွေထဲမှာ၊ တောင်ယာတွေထဲမှာ ပုန်းအောင် တိမ်းရှောင်နေရတယ်လို့လည်း ရှမ်းပြည်တိုးတက်ရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။

XS
SM
MD
LG