(Zawgyi / Unicode)
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်ထဲက ချင်းပုန်းကျေးရွာနဲ့ ညောင်းကိုင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်ပြီး နယ်မြေရှင်းလင်းတာတွေ ပြုလုပ်နေပါတယ်။ ဒီအတွက် ဒေသခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။
စစ်ကောင်စီနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ရေးတင်းမာနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်ထဲက ချင်းပုန်းကျေးရွာနဲ့ ညောင်ကိုင်းကျေးရွာတို့ကို ဖေဖော်ဝါရီ ၂၆ ရက် စနေနေ့မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်ပြီး နယ်မြေရှင်းလင်းတာတွေ လုပ်ခဲ့တာပါ။
ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ သင်တန်းဆင်းပွဲ ရှိတယ်ဆိုတဲ့ သတင်းရရှိမှုကြောင့် လာရောက်ပစ်ခတ်တာ ဖြစ်နိုင်တယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
“ညောင်ကိုင်း၊ ချင်းပုန်း၊ ညောင်ပင်သာဆိုတာရှိတယ်။ အဲ့ရွာတွေမှာက PDF သင်တန်းဆင်းပွဲရှိတယ်လို့ သတင်းရပုံ ရပါတယ်။ အမှန်တကယ်က PDF သင်တန်းဆင်းပွဲ မဟုတ်ပါဘူး။ ညောင်ကိုင်းရွာမှာဆိုရင် အသုဘပွဲ ရှိတာပေါ့နော်။ အဲ့အသုဘပွဲမှာ ဒလန်ပေါ့နော်။ ဒလန်က သတင်းပေးမှားပြီးတော့ PDF သင်တန်းဆင်းပွဲလို့ PDF စုဝေးနေတယ်ဆိုတဲ့ဟာကို ဒလန်က သတင်းပေးမှားပြီးတော့ ရဟတ်ယာဉ် ၄ စီးနဲ့ လာရောက်ပစ်ခတ်တာ ဖြစ်ပါတယ်။ ညောင်ကိုင်းအနောက်ရွာ၊ ညောင်ကိုင်းအနောက်ဘက်ရွာရဲ့ ကပ်ရပ် ကျေးလက်ဆေးပေးခန်းထဲမှာ အခုလက်ရှိ တပ်စွဲထားတဲ့ အခြေအနေဖြစ်တယ်။ သေဆုံးမှုအနေအထားက လောလောဆယ် ရှုပ်ထွေးနေတဲ့ အခြေအနေ ဖြစ်တဲ့အတွက်ကြောင့် အတည်ပြုလို့ မရသေးဘူး။ ကျနော်တို့ကြားနေရတာက ဒဏ်ရာရ အပြစ်မဲ့ပြည်သူ အရပ်သား ပြည်သူတွေ ရှိတယ်လို့တော့ ကြားနေရတယ်ပေါ့။”
အခုလို လေကြောင်းကတိုက်ခိုက်ပြီး နယ်မြေရှင်းလင်းတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။ လေကြောင်းကနေ ပစ်ခံရတဲ့ ချင်းပုန်းနဲ့ ညောင်းကိုင်းကျေးရွာက ဒေသခံတွေအနေနဲ့ အကုန်ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ညောင်ကိုင်းဒေသခံတဦးက အခုလိုပြောပါတယ်။
“ပထမက လေယာဉ်ပျံအကြီးဆုံးကြီးနဲ့ စစ်သားတွေ လာချသွားတာလေ။ စစ်သားတွေ လာချပြီးတော့ နောက်လာတဲ့ လေယာဉ်ကြီးက PDF တွေ ထမင်းကျွေးတယ်ထင်ပြီး ကျုပ်တို့ရွာထဲကို အတင်းလှည့်ပြီး ထုနေတာ၊ အပေါ်ကနေပြီးတော့ အကုန် ချင်းပုန်း၊ ညောင်ကိုင်းကတော့ အကုန်ထွက်ပြေးနေတာပဲ တလူမှ မကျန်တော့ဘူး။”
လေကြောင်းက ပစ်ခတ်ခံရတဲ့ ညောင်ကိုင်းရွာမှာ နာရေးရှိတဲ့အတွက် လူစုလူဝေး ပြုလုပ်နေချိန်မှာ ပစ်ခတ်ခံရတာဖြစ်ပြီး ချင်းပုန်းရွာမှာ ကာကွယ်ရေးတပ်ဖွဲ့တွေ သင်တန်းဆင်းပွဲ ရှိမရှိကိုတော့ အဆိုပါ ဒေသခံက အတည်မပြုပါဘူး။
အခုလ ဖေဖော်ဝါရီလထဲကစလို့ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ရေးတင်းမာနေတာဖြစ်ပြီး စစ်ကောင်စီကလည်း နယ်မြေရှင်းလင်းတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ ဖေဖော်ဝါရီ ၂၁ ရက်ကလည်း ယင်းမာပင်မြို့နယ်ထဲက နှောရိုးရွာအနီးမှာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် မြတ်ကျော်ရဲ့ ယာဉ်တန်းကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေ ပြောကြပါတယ်။ အထိအခိုက်ရှိတယ်လို့ မကြားရသလို ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဗွီအိုအေက သီးခြားအတည်ပြုချက် မရခဲ့ပါဘူး။
------------------------
(Unicode)