ရဟန်းရှင်လူ ကျောင်းသားပြည်သူအပေါင်း ပါဝင်ဆန္ဒပြပြီး ဒီမိုကရေစီရေးကို တောင်းဆိုခဲ့ကြတဲ့ ရှစ်လေးလုံး လူထုအုံကြွမှုကြီး မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တာ အခုဆိုရင် ၂၃ နှစ် ရှိခဲ့ပါပြီ။ အဲဒီလို တနိုင်ငံလုံး ပြည်သူတွေ အုံကြွ ဆန္ဒပြမှုကြီး ဖြစ်ခဲ့ပုံနဲ့ ကိုယ်လိုချင်တာကို ကိုယ်တောင်းမှ ရမယ်ဆိုတဲ့ အသိ အဲဒီအချိန်က ပြည်သူတွေ ရှိခဲ့ကြသလို လက်ရှိအခြေအနေမှာရော ဘယ်လောက်ရှိကြသလဲ။ မြန်မာနိုင်ငံမှာ လူထုအုံကြွမှုဖြစ်မှ စစ်မှန်တဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်မှာလား ဆိုတာတွေကို မစုမြတ်မွန်က သုံးသပ်တင်ပြထားပါတယ်။
လွန်ခဲ့တဲ့ ၂၃ နှစ်က မဆလ တပါတီအစိုးရ အုပ်ချုပ်မှုအောက်မှာ အထွေထွေ ကျပ်တည်းမှု၊ ဖိနှိပ်မှုတွေကို သည်းမခံနိုင်ကြတော့တဲ့ ပြည်သူတွေရဲ့ လမ်းပေါ်ထွက် ဆန္ဒပြမှုကြီး ၈ ရက် ၈ လ ၈၈ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ ဒီအုံကြွမှုကြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်ဖို့ အဓိက စီစဉ် လှုပ်ရှားခဲ့ကြသူတွေကတော့ ကျောင်းသားတွေပါ။ ရှစ်လေးလုံးကာလမှာ ကျောင်းသားခေါင်းဆောင်တွေအဖြစ် ပေါ်လာကြသူတွေထဲက ကိုမိုးသီးဇွန်က ဆန္ဒပြပွဲကြီးဖြစ်ဖို့ သူတို့ ဘယ်လိုစီစဉ်ခဲ့တယ် ဆိုတာကို အခုလို ပြောပြပါတယ်။
“၈၈ ကြီး မဖြစ်ခင်က ကျောင်းသား လှုပ်ရှားမှုတွေ ဖြစ်တယ်လေ။ ကျောင်းသား လှုပ်ရှားမှုတွေက ၁၉၈၈ မတ်လ၊ ဇွန်လ ဆက်တိုက်ပေါ့။ ပထမ ကျနော်တို့ ကျောင်းသား အခွင့်အရေးတောင်းတယ်၊ အဖမ်းခံ ကျောင်းသားတွေ ပြန်လွှတ်ဖို့၊ သမဂ္ဂဖွဲ့ဖို့။ အဲဒီကနေပြီး မဆလပေါ့ အဲဒီတုန်းက၊ ဒီတောင်းဆိုချက်တွေ မလိုက်လျောတဲ့အခါ အခြေအနေက ဘယ်လောက်အထိ ဖြစ်သွားလဲဆိုတော့ လူထုအုံကြွမှု အထိကို ဦးတည်သွားတယ်။
“ကျောင်းတွေကို မဆလက ပိတ်လိုက်တယ်၊ ပိတ်လိုက်တော့ ကျောင်းသားတွေ အသီးသီး နယ်ကို ပြန်သွားကြတယ်။ ပြန်သွားကြတဲ့အခါ ကျနော်တို့ ကျောင်းသားတွေက မက်ဆေ့ချ် (Message) တွေ ပေးလိုက်တယ်၊ သူတို့ကို။ ၈ ရက် ၈ လ ၈၈ နေ့မှာ အထွေထွေ လူထုအုံကြွမှုကြီးကို တို့တွေ လုပ်ကြမယ်၊ အဲတော့ ကိုယ်ရောက်ရာ နယ်မြေ အသီးသီးကနေ လှုံ့ဆော်ကြပါ ဆိုပြီးတော့ မက်ဆေ့ချ်တွေနဲ့ လုပ်ငန်းစဉ်တွေ ပေးလိုက်တဲ့သဘော၊ ဒါကြောင့်မို့ အရမ်းခက်ခဲနေတဲ့ အခြေအနေကြီးမှာ ကျနော်တို့ရဲ့ မက်ဆေ့ချ် ပါသွားတာရယ်၊ နောက်တခုက ကျောင်းသားတွေကို နယ်တွေမှာ၊ ကိုယ့်ရပ်ကိုယ့်ရွာတွေမှာ ပိုပြီး စည်းရုံးသွားနိုင်တဲ့ အနေအထား တခုကို ကျနော်တို့က ဖန်တီးလိုက်နိုင်တယ်။ အဲဒီတော့ ၈၈ လူထုအုံကြွမှုကြီး ဖြစ်လာတဲ့ အကြောင်းရင်းပေါ့။”
တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်ခဲ့တဲ့ လူထုအုံကြွမှုကြီးမှာ အဖြူအစိမ်းဝတ် ကျောင်းသားလေးတွေက စလို့ အစိုးရ ဌာနပေါင်းစုံက ဝန်ထမ်းတွေသာမက တပ်မတော်သားတွေကပါ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ်တခု ပေါ်ပေါက်ဖို့ တောင်းဆိုခဲ့ကြတာပါ။ အဲဒီအချိန်က ရန်ကုန်တက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသူ မခင်မိုးအေးလည်း တယောက် အပါအဝင် ဖြစ်ပါတယ်။
“စစဖြစ်တုန်းက ကျမတို့က ကျမတို့ ကျောင်းသား ကျောင်းသူတွေကို မတရား နှိပ်စက်တယ်ဆိုတဲ့ အနေအထားကနေ ပါလာခဲ့တာ။ အဲဒီအချိန်တုန်းက ကျမစိတ်ထဲမှာ လူငယ်လည်းဖြစ်တော့ ဒီ ရှစ်လေးလုံး အရေးအခင်း ပြီးသွားခဲ့ရင် ကျမတို့နိုင်ငံဟာ ကမ္ဘာမှာ သိက္ခာရှိရှိ ရင်ဘောင်တန်းနိုင်မယ့်၊ လွတ်လပ်ပွင့်လင်းတဲ့ စနစ်နဲ့ အုပ်ချုပ်တဲ့၊ ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်တဲ့ နိုင်ငံတခု ဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်တွေ ကျမတို့ အများကြီး ထားခဲ့ပါတယ်။”
ပါတီစုံ ဒီမိုကရေစီစနစ်ကို ငြိမ်းငြိမ်းချမ်းချမ်း တောင်းဆို ဆန္ဒပြခဲ့ကြတဲ့ ပြည်သူတွေကို စစ်တပ်က ပစ်ရင် မိုးပေါ်ထောင်မပစ်ဘူး၊ တည့်တည့်ပစ်တယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အဲဒီအချိန်က အာဏာရှင် ဦးနေဝင်းက သူ့စကားအတိုင်း ပစ်ခတ်နှိမ်နင်းခဲ့လို့ ၃,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ တနိုင်ငံလုံး မျှော်လင့်ချက်တွေ အပြည့်နဲ့ တောင်းဆို ဆန္ဒပြပွဲကြီး ပစ်ခတ်နှိမ်နင်း ခံခဲ့ရပေမဲ့ ဒီအဖြစ်ဟာ သမိုင်းမှာ ထူးခြားတဲ့ ဖြစ်ရပ်တခုအဖြစ် တင်ကျန်ခဲ့ပါတယ်။
“မထင်မှတ်လောက်အောင်ပဲ လူတန်းစား အလွှာစုံ မူလတန်း ကလေးတွေကနေ စပြီးတော့ နောက်ဆုံး စစ်တပ်အထိ၊ လေတပ်က လူတွေဆိုရင် လက်နက်ချပြီး ဝင်လာတယ်။ အစိုးရ ဝန်ထမ်းတွေကအစ၊ အရမ်းကျယ်ပြန့်တဲ့ အလွှာစုံ ဝင်လာတယ်။ အဲဒါကြောင့် ကျမက ဒီ ရှစ်လေးလုံး အရေးအခင်းကြီးက လူထုက ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရခဲ့ကြတဲ့၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခဲ့တဲ့ သမိုင်းမှတ်တိုင်တခု ဖြစ်တယ်လို့ ကျမတော့ ယူဆမိပါတယ်။”
လက်နက်အင်အားနဲ့ နှိမ်နင်းခံခဲ့ရတဲ့ ရှစ်လေးလုံး လူထုအုံကြွမှုကြီးရဲ့ နောက်ဆက်တွဲအဖြစ် ကျောင်းသားပြည်သူ အမြောက်အမြား ဖမ်းဆီး ထောင်ချခံခဲ့ရတယ်။ အခုချိန်ထိလည်း ကိုမင်းကိုနိုင် အပါအဝင် ရှစ်လေးလုံး ကျောင်းသားခေါင်းဆောင်တွေ ထောင်ထဲမှာ ရှိနေကြပါသေးတယ်။ အဆိုးထဲက အကောင်းကတော့ မဆလ တပါတီအစိုးရ ပြုတ်ကျခဲ့တယ်၊ နိုင်ငံရေးပါတီတွေ ပေါ်ပေါက်ခဲ့တယ်၊ ပြည်သူတွေရဲ့ ဆန္ဒအမှန်ကို ဖော်ထုတ်နိုင်ခဲ့တဲ့ ရွေးကောက်ပွဲတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
ဒါပေမဲ့လည်း ပြည်သူတွေ တကယ်လိုလားခဲ့သလို စစ်မှန်တဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို အခုချိန်ထိ မရရှိသေးပါဘူး။ ဒီတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေ ပြောင်းလဲသွားဖို့ ရှစ်လေးလုံးလို ပြည်သူတွေရဲ့ဆန္ဒ ထုတ်ဖော် တောင်းဆိုမှုတွေ အခုအချိန်မှာ လိုအပ်နေပါသလား။
“ကျနော် အဲဒီလိုပဲ မြင်တယ်။ တကယ်တမ်း အတိအကျ ပြောမယ်ဆိုရင် ဒီစစ်တပ်က မြန်မာပြည်ကို အာဏာသိမ်းလာတာ ကျနော်တို့တသက် ရှိသွားပြီ၊ နှစ်ပေါင်း ၄၈ နှစ်လောက် ရှိသွားပြီ။ ရှိသွားတဲ့အခါမှာ တခါမှ ပြုပြင် ပြောင်းလဲလာတာတွေ၊ တခါမှ တွေ့ဆုံဆွေးနွေးပွဲနဲ့ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပေးခဲ့တယ်ဆိုတာကို ကျနော် မတွေ့ရဘူး။ အဲဒီတော့ ကျနော်တို့က ဘာနည်းနဲ့ ဖြေရှင်းရတော့မလဲ၊ ကျနော်တို့ လက်နက်ကိုင် တိုက်ပွဲတွေနဲ့ ဖော်ထုတ်မလား၊ သံတမန်ရေး တိုက်ပွဲတွေ၊ လူထုတိုက်ပွဲတွေ၊ ကျနော်မြင်တာတော့ အဓိက လူထုလှုပ်ရှားမှုကြီးနဲ့ပဲ ဖြေရှင်းနိုင်မယ်လို့ ကျနော့်အနေနဲ့ မြင်တယ်။”
၈၈ ကျောင်းသားခေါင်းဆောင် တယောက်ဖြစ်တဲ့ ကိုမိုးသီးဇွန် ပြောပြသွားတာ ဖြစ်ပါတယ်။
ရှစ်လေးလုံး အုံကြွမှုကြီးကစလို့ ဒီနေ့အထိ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးအတွက် လှုပ်ရှား ဆောင်ရွက်နေတဲ့ မခင်မိုးအေးကရော ဘယ်လိုမြင်ပါသလဲ။
“စစ်မှန်တဲ့ အပြောင်းအလဲဖြစ်ဖို့ ဆိုတာကတော့ အခုအချိန်မှာ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်ဖို့လည်း အရမ်းလိုအပ်နေပါတယ်။ ဒီ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်ဖို့ကိုလည်း အားလုံးက ဒါဟာ လိုအပ်တယ်လို့ နားလည်နေဖို့လည်း လိုပါတယ်။ အမှန်တကယ်တော့ အစိုးရတရပ်က ပြည်သူ ပြည်သားတွေက လိုလားတဲ့ အစိုးရတရပ်ပဲ ဖြစ်သင့်တယ်လေ၊ တကယ့်တကယ်တော့၊ ဒီလို အုံကြွမှုကြီးဖြစ်ဖို့ ဆိုတာက အခြေအနေ၊ အချိန်အခါ၊ အကြောင်းအရာ တိုက်ဆိုင်မှလည်း ဖြစ်လာတာပါ။ အဲဒီအတွက် အရေးကြီးတာကတော့ လူထုက ကိုယ့်အခွင့်အရေးကို ကိုယ်တောင်းဆိုတတ်ဖို့ အရမ်းလိုအပ်ပါတယ်။”
ရှစ်လေးလုံးကာလကတော့ ပြည်သူတွေဟာ ကိုယ်လိုချင်တာကို ကိုယ်တောင်းမှ ရမယ်ဆိုတဲ့ အသိစိတ်တွေ နိုးကြားခဲ့ကြပါတယ်။ လက်ရှိ အခြေအနေမှာရော အဲဒီလို ကိုယ့်အခွင့်အရေး၊ ကိုယ်ဖြစ်စေချင်တာကို တောင်းရမယ်ဆိုတဲ့ အသိ ဘယ်လောက်ရှိနေကြပါသလဲ။
“၈၈ ကာလကလည်း ပြည်သူလူထုရဲ့ အဓိက လွတ်လပ်မှုကြီး လိုချင်နေတဲ့ ဆန္ဒပေါ့။ အခု ၂၃ နှစ် ကြာသွားတဲ့အခါ ပြည်သူလူထုကြီးမှာ လွတ်လပ်မှုကို လိုချင်နေတဲ့ ဆန္ဒက လျော့မသွားပါဘူး။ အတူတူပဲလို့ အခြေအနေနှစ်ရပ်ကို မြင်ပါတယ်။ လွတ်လပ်စွာ လုပ်ကိုင် စားသောက်ချင်တယ်၊ လွတ်လပ်စွာ ပြောဆိုချင်တယ်၊ လွတ်လပ်စွာ အသင်းအပင်းတွေ ဖွဲ့စည်းချင်တယ် ဆိုတဲ့ သူတို့ရဲ့ လွတ်လပ်မှုကို လိုလားနေတယ်။ ဒီလိုလားမှုကြီးက ဒီနေ့ ၈၈ ပြီးသွားတဲ့ ၂၃ နှစ်မှာ ဒီခံစားချက်တွေက ပိုပြီး ကြီးထွားလာတယ်လို့ပဲ ကျနော်မြင်တယ်။”
“ကျမစိတ်ထင်တော့ ကျမတို့ဆီမှာရှိတဲ့ ပြည်သူတွေက လူတွေဟာ ကိုယ့်ရဲ့ အခွင့်အရေးကို ကိုယ်တောင်းတတ်ရမယ် ဆိုတဲ့ အသိပညာရဖို့ အရမ်း လိုအပ်နေသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ မနက်ထမင်း၊ ညထမင်း မှန်ဖို့ မနည်းကြိုးစားနေရတယ်။ အခြေခံ စားဝတ်နေရေး ပြေလည်ဖို့ အရမ်း ကြိုးစားနေရတော့ ဒီဘက် ဗဟုသုတတွေ သူတို့မှာ အရမ်းနည်းတယ်။ ကိုယ့်ရဲ့ အခွင့်အရေးကို ကိုယ်ရအောင် ပြောတတ်ရမယ်၊ တောင်းတတ်ရမယ်ဆိုတဲ့ အသိပညာရဖို့ သူတို့မှာ အများကြီး လိုနေသေးတယ်လို့ ကျမထင်ပါတယ်။ အဲဒီတော့ ကျမတို့လို ဒီမိုကရေစီကို ကိုယ့်ဘာသာကိုယ် တာဝန်သိပြီး လှုပ်ရှားလာတဲ့ လူတွေက လူထုကို ဗဟုသုတ ပေးနိုင်ဖို့ အများကြီး လိုအပ်ပါတယ်။”
ဒီကနေ့ မြန်မာနိုင်ငံမှာ ကိုယ်ကျိုးစွန့်ပြီး ဒီမိုကရေစီရေးအတွက် လှုပ်ရှား ဆောင်ရွက်နေကြသူတွေ တော်တော်များများ ရှိကြပါတယ်။ ဒါပေမဲ့ မခင်မိုးအေး ပြောခဲ့သလို ပြည်သူအများစုက ကိုယ်လိုချင်တာကို တောင်းရဲ၊ တောင်းတတ်တဲ့ အချိန်ရောက်ဖို့ ဘယ်လောက်လိုနေသေးလဲ ဆိုတာကတော့ ဘယ်သူကများ တတ်အပ် ပြောနိုင်ပါမလဲ။