သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ၂၀၂၄ အလားအလာ


မမြသဇင်အောင်နှင့် အယ်ဒီတာ ဦးကျော်ဇံသာ (အယ်ဒီတာနဲ့ ဆွေးနွေးခန်း - ဇန်နဝါရီ ၃၁၊ ၂၀၂၄)
မမြသဇင်အောင်နှင့် အယ်ဒီတာ ဦးကျော်ဇံသာ (အယ်ဒီတာနဲ့ ဆွေးနွေးခန်း - ဇန်နဝါရီ ၃၁၊ ၂၀၂၄)

စစ်ကောင်စီရဲ့ အရေးနိမ့်မှုတွေ အဘက်ဘက်မှာ တွေ့မြင်လာရပေမဲ့၊ တကယ်လက်တွေ့မှာ စစ်တပ်ပြိုကွဲရင်ကော ကောင်းမွန်တဲ့ အစိုးရတရပ် ပေါ်ထွက်လာနိုင်ခြေ ရှိပါသလား။ ၂၀၂၄ မြန်မာ့အရေးအလားအလာနဲ့ ပတ်သက်ပြီး ဦးကျော်ဇံသာကို မမြသဇင်အောင် မေးမြန်းဆွေးနွေးထားပါတယ်။

မ‌မြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာရှင်။ အခုဆိုရင် အာဏာသိမ်းတာဟာ လေးနှစ်တာကာလထဲ ရောက်ပြီပေါ့။ အခု ၂၀၂၄ မှာကော အခြေအနေတွေက ဒီလိုပဲ ဆက်ပြီးတော့ ဖြစ်နေအုံးမှာပါလား။ ဘယ်လောက်ထိ တာရှည်မယ်လို့ ထင်ပါသလဲ။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ အာဏာသိမ်းတာ အခုဆိုရင် တတိယအကြိမ် ဆိုကြပါစို့။ ပထမအကြိမ် ၁၉၆၂ ခုနှစ်မှာသိမ်းတာ ဘယ်လောက်ကြာခဲ့သလဲဆိုရင် ၈၈ အထိဆိုတော့ ၂၆ နှစ် ကြာခဲ့တယ်။ ၈၈ မှာ ထပ်သိမ်းတယ်။ အဲဒါ ၂၀၀၈ မှာ ဖွဲ့စည်းပုံ ရေးဆွဲပြီးတော့ ၂၀၁၁ မှာမှ ဦးသိန်းစိန်က ၂၀၀၈ ဖွဲ့စည်းပုံအရ သမ္မတလုပ်တယ်ဆိုတော့ နှစ်ပေါင်း ၂၀ ကျော်ကြာတယ်ဆိုတော့ ပထမအကြိမ် အာဏာသိမ်းခဲ့တာ နှစ်ပေါင်း ၂၀ ကျော်မှ အပြောင်းအလဲ ဖြစ်လာခဲ့တယ်ဆိုတော့ အခုက ၄ နှစ်ပဲ ကြာသေးတယ်ဆိုတော့ သိပ်မကြာသေးဘူးလို့ စိတ်မကောင်းစွာနဲ့ စပြောရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခြေအနေခြင်းမတူပါဘူး။ အခုအခြေအနေက တနေ့ထက်တနေ့တောင် မတူနိုင်အောင် ပြောင်းလဲနေတဲ့ အခြေအနေ ရှိပါတယ်။ ဒါဟာ အများကြီး မြန်မြန်ဆန်ဆန် ပြောင်းလဲသွားနိုင်တယ်လို့တော့ ယူဆရပါတယ်။ သို့သော်လဲပဲ အဲဒီလောက်မြန်ဆန်တဲ့ အပြောင်းအလဲက ၂၀၂၄ အတွင်းမှာ ဖြစ်လာနိုင်ပါ့မလားဆိုတာတော့ သံသယ ရှိကြပါတယ်။ သို့သော်လဲ အရင်လောက် မကြာတော့ဘူးဆိုတာကတော့ သေချာပြောနိုင်တယ်လို့ ယူဆမိပါတယ်။

မေး ။ ။ နောက်တခုက တိုက်ပွဲတွေ အခြေအနေပါ။ ရှမ်းမြောက်မှာ တရုတ်က အပစ်ရပ်ရေး၊ ကြားဝင်စေ့စပ်ပေးခဲ့သလိုပဲ၊ ရခိုင်ဘက်မှာလည်း တရုတ်က ဒီလိုကြာဝင်စေ့စပ်ဖို့ ကြိုးပမ်းနေတယ်ဆိုပြီးတော့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ တရုတ်သံအမတ်က တနင်္ဂနွေက ပြောပါတယ်။ ဒီအပေါ်ကော ဘယ်လိုမြင်မိပါသလဲ။

ဖြေ ။ ။ မှန်ပါတယ်။ ပထမဦးဆုံး အဲဒီသတင်းကို ဖတ်ပြီးတော့ စမ်းစစ်မိတာက ဘင်္ဂလားဒေ့ရှ် သတင်းဌာနဘက်ကတင်းတဲ့ သတင်းမှာ တရုတ်သံအမတ်က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးကို တွေ့ပြီးတော့ ဘာပြောသလဲဆိုရင် ဘင်္ဂလားဒေ့ရှ်မှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် ရခိုင်ဘက်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကို ငါတို့ကြားဝင်စေ့စပ်ပေးနေတယ်ဆိုတဲ့ ပြောပုံပြောနည်း။ အဲဒီတော့ ရခိုင်ဘက်မှာရှိနေတဲ့ လူတွေတောင် နေလို့မရဘူး။ တိုင်းပြည်ကနေ ထွက်ပြေးနေရတယ်။ အဲဒီမှာ ဆီစျေး၊ ဆန်စျေးတွေလည်း သတင်းထဲမှာ တွေ့ပါလိမ့်မယ်။ လေယာဉ်လက်မှတ် ရခိုင်ကို တစ်သိန်းဆိုလား မသိဘူး - အခုဆိုရင် ဆယ်သိန်းအထိ ညာရောင်းနေတဲ့လူလည်း ရှိနေတယ်ဆိုပြီး ဒီနေ့မနက်မှာပဲ ကျနော် တွေ့တယ်။ ဆိုတော့ အဲဒီလိုအခြေအနေမှာ ဟိုဘက်ကို ထွက်ပြေးနေတဲ့ ဒုက္ခသည်တွေ ပြန်လာနိင်ဖို့အရေး ဖြစ်ပါ့မလား။ တရုတ်ပြောတဲ့စကား ဘယ်လောက်လက်တွေ့ကျမလဲ။ အဲဒါတခုကို ကျနော် စဉ်းစားမိတယ်။ နောက်ပြီးတော့ ရခိုင်ဘက်က အခြေအနေက တကယ်တမ်း တရုတ်က အဓိကထားတာ သူတို့အကျိုးစီးပွား။ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ အများကြီးရှိတယ်။ အဲဒီ စီမံကိန်းတွေကို ကာကွယ်ဖို့အတွက်သာ လုပ်ချင်တယ်။ ဘင်္ဂလားဒေ့ရှ်ကိုသွားပြီး စည်းရုံးလိုက်တာက ခင်များတို့ ဒုက္ခသည်တွေအတွက်ပြောတာကို သိပ်တော့ယုံကြည်လောက်စရာ၊ အားထားလောက်စရာ မဟုတ်တဲ့ တရုတ်ရဲ့စကားလို့ ကျနော် သုံးသပ်မိတယ်။ နောက်တခုက အခြေအနေခြင်း မတူဘူး။ ရှမ်းမြောက်မှာ စေ့စပ်သလောက်၊ ရခိုင်ကိစ္စမှာ စေ့စပ်ဖို့ အင်မတန်ခက်ခဲပါလိမ့်မယ်။ ရခိုင်မှာ တရုတ်အကျိုးစီးပွားတခုတည်းရှိတာ မဟုတ်ဘူး။ ရှမ်းမြောက်မှာတော့ အဲဒီလို ပြောလို့ရတယ်။ အိန္ဒိယနိုင်ငံရဲ့ အကျိုးစီးပွားလည်း ရှိတယ်။ နောက်ပြီး ဘင်္ဂလားပင်လယ်နဲ့ အိန္ဒိယသမုဒ္ဒရာနဲ့ ပတ်သက်တဲ့ နိုင်ငံတကာတွေရဲ့ အကျိုးစီးပွား၊ သူတို့အမြင်လည်း ရှိတယ်ဆိုတော့ တရုတ်ကို စေ့စပ်ရတာ သိပ်ခက်ခဲလိမ့်မယ်လို့၊ လက်ဝင်လိမ့်မယ်လို့ ထင်ပါတယ်။ AA ကလည်း ရှမ်း‌မြောက်ကအဖွဲ့တွေ အလျှော့ပေးသလောက် တရုတ်စေ့စပ်မှုကို ခေါင်းညိတ်လိမ့်မယ် မဟုတ်ဘူး။ ‌နောက်တခုက ရှမ်းမြောက်မှာ စေ့စပ်ပေးခဲ့တာဟာ ရှမ်းမြောက်အဖွဲ့တွေက နယ်‌မြေတွေ အပိုင်စီးနဲ့ အနိုင်နဲ့ပိုင်တယ်လို့ ပြောနိုင်တယ်။ ရှမ်းမြောက်က သူတို့လိုချင်တဲ့ နယ်‌မြေတွေကို ရခဲ့တယ်။ ရခိုင်မှာ AA က ဘယ်အထိ ဘယ်လိုသတ်မှတ်မလဲဆိုတာလည်း မသိရသေးဘူးဆို‌တော့ တရုတ်ရဲ့ ‌ကြားဝင်စေ့စပ်မှုက အခုထိ လွယ်ကူလိမ့်မယ်မဟုတ်ဘူးလို့ ထင်ပါတယ်။

မေး ။ ။ နောက်တခါ တနင်္လာနေ့က အာဆီယံဥက္ကဋ္ဌ လာအိုက‌နေ ကျင်းပတဲ့ အာဆီယံနိုင်ငံ‌ခြားရေးဝန်ကြီးများ အစည်းအ‌ဝေးမှာ မြန်မာဘက်က နိုင်ငံ‌ခြား‌ရေးဌာနက အကြီးတန်းအရာရှိတဦး တက်ရောက်ခဲ့ပါတယ်။ ဒါဟာ သုံးနှစ်အတွင်းမှာ ပထမဦးဆုံး မြန်မာဘက်က စပြီးတော့ ပြန်တက်တာ‌ပေါ့။ ဒီတော့ စစ်‌ကောင်စီကို အသိအမှတ်ပြုလာတယ်ဆိုတဲ့ သဘောပါလား။

ဖြေ ။ ။ ပထမတုန်းကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် တက်ပြီး‌တော့ မူ ၅ ချက်ကို လက်ခံခဲ့တယ်။ တိုင်း‌ပြည်‌ပြန်ရောက်တော့ ‌ငြင်းလိုက်တယ်။ ဆက်ဆံရေး တင်းမာလာတယ်။ စစ်ကောင်စီကိုယ်စားလှယ်၊ နိုင်ငံ့ကိုယ်စားလှယ်ကို လက်မခံခဲ့ဘူး။ အခုလက်ခံလာတယ်ဆိုတာက အာဆီယံဘက်ကလည်း စဉ်းစားမယ်ဆိုရင် ခေါင်းဆောင်မှုအပြောင်းအလဲ လာအိုနိုင်ငံ ဖြစ်သွားတဲ့အတွက်ကြောင့် အိမ်ရှင်ဥက္ကဋ္ဌရဲ့ သဘောတူညီချက်အရ အဓိကအားဖြင့် ဆုံးဖြတ်တာ ဖြစ်နိုင်သလို၊ စစ်ကောင်စီဘက်ကလည်း ဒီအချိန်မှာ‌တော့ အာဆီယံကို ချဉ်းကပ်ပါလိမ့်မယ်။ ဘာ‌ကြောင့်လဲဆိုတော့ သူတို့နဲ့ ထိတွေ့မှု ဆွေးနွေးမှု‌တွေမှာ အလုပ်သဘောရှိနေတော့ ငါတို့လိုက်နာဖို့ ‌ကြိုးစားပါမယ်။ ဒါကလည်း စစ်ကောင်စီရဲ့ ထွက်‌ပေါက်များစွာ ‌ကြိုးပမ်းတဲ့အထဲက တခုသောထွက်ပေါက် ဖြစ်ပါလိမ့်မယ်။ အဲဒါ‌‌ကြောင့် သူတို့နှစ်ဘက်စလုံး ညှိပြီးတော့ လုပ်ပါတယ်လို့ ထင်ပါတယ်။ သို့သော်လဲပဲ ဘယ်အထိ ခရီးရောက်မလဲဆိုတာကို ပြောလို့မရပါဘူး။ တက်‌တော့တက်မယ်၊ ဟိုဘက်က လက်ခံတယ်လို့ပြောတယ်။ သို့သော် ဘယ်လောက်အထိ ညှိနှိုင်းနိုင်ကြမလဲ။ စိတ်ရင်း‌စေတနာမှန်နဲ့ နိုင်ငံရေးဆန္ဒစစ်မှန်စွာ စစ်ကောင်စီမှာ ရှိမှသာလျှင် ဒီကိစ္စ‌ပြေလည်မှာ ဖြစ်ပါတယ်။ အာဆီယံလည်း သူတို့ညာတိုင်းကျမယ့် အဖွဲ့ မဟုတ်ပါဘူး။ တချို့ကျွမ်းကျင်တဲ့ သံတမန်‌တွေများစွာ ရှိပါတယ်။

မေး ။ ။ အဲဒီတော့ ခုခံတွန်းလှန်‌ရေးဘက်က ၂၀၂၄ အလားအလာကို‌ကော ဘယ်လိုသုံးသပ်နိုင်ပါသလဲ။

ဖြေ ။ ။ နှစ်ခုက စစ်ရေးအောင်‌မြင်မှုကတော့ ဆက်တိုက်ရ‌နေမှာပဲ။ လက်နက်အင်အား ပိုကောင်းလာမယ်။ လက်နက်အင်အားဆိုတာ သူများပေးလို့မဟုတ်ဘူး။ စစ်‌ကောင်စီရဲ့ လက်နက်ချတဲ့ လက်နက်တွေက အများအပြားပဲ။ ကျ‌နော်တို့ သာမန်လူမျက်စိနဲ့ ကြည့်ရတာတောင် အများ‌ကြီးပဲ။ တကယ့်အရေးကြီးတွေ လက်နက်‌တွေတောင် အများကြီးရလိုက်တာဆိုသလို၊ ပြည်သူလူထုရဲ့ ထောက်ခံမှုကလည်း သူတို့ဘက်ကို ပိုပါလာမယ်။ နယ်‌‌မြေ‌တွေ သူတို့ပိုပြီးတော့ ထိန်းချုပ်လာနိုင်မယ်ဆိုတော့ ဒါဟာ လက်တွေ့ပိုင်းပေါ့။ ဒါပေမဲ့ နိုင်ငံရေးအရ ဘယ်လောက် စည်းလုံးညီညွှတ်မှု ရှိသလဲ။ အဓိကအကျဆုံး‌ဖြစ်တဲ့ NUG နဲ့ ကျန်တဲ့အဖွဲ့အစည်းတွေ၊ ကျန်တဲ့အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားအဖွဲ့‌ကြား၊ နိုင်ငံရေး သဘေတူညီမှုက အင်မတန် ရှင်းလင်းပြတ်သားပြီးတော့ ရှင်းလင်းငြိမ်းချမ်းတဲ့ သဘောတူညီမှုဖြစ်ဖို့ လိုအပ်ပါတယ်။ သို့မဟုတ်ရင် ပြဿနာ ရှိနေမှာ။ နောက်တခုက တိုင်းရင်းသားတွေနဲ့ NUG ကြားမှာအပြင်၊ PDF အဖွဲ့တချို့လုပ်ရပ်တချို့ဟာ လွန်လွန်ကျူးကျူး ‌တွေ့ရပါတယ်။ တချို့တိုင်းရင်းသားတပ်မှာ အရပ်သားတွေကို သံသယနဲ့ ဖမ်းဆီးသတ်တာတွေ ဘယ်လိုဖြစ်ပါတယ်။ သူတို့က NUG ကို တိုင်ထားတယ်ဆိုတာမျိုး။ အဲဒါကို NUG က ကိုင်တွယ်‌ဖြေရှင်းနိုင်မလား။ ထိန်းနိုင်မလား။ အဲဒါလဲ အရေးကြီးပါတယ်ဆိုတော့၊ ပြန်‌‌ပြောရရင် နှစ်ပိုင်းရှိတယ်။ စစ်ရေးအားဖြင့် သူတို့အလေးသာတယ်။ လူထုထောက်ခံမှု ပိုရလာမယ်။ နယ်မြေတွေ ပိုသိမ်းပိုက်လာနိုင်မယ်။ သို့သော်လဲပဲ တချိန်တည်းမှာ သူတို့သည် အချင်းချင်းညီညွှတ်ပြီးတော့ အနာဂတ်ကို တည်ဆောက်နိုင်ဖို့၊ ဘယ်လောက်ထိ နိုင်ငံရေး ရည်ရွယ်ချက် ပြတ်ပြတ်သားသား ရှိသလဲဆိုတာ အရေးကြီးပါတယ်။ နိုင်ငံတကာကလည်း ဒါကို အဓိကစောင့်ကြည့်နေတယ်လို့ ကျနော် ထင်ပါတယ်။

မေး ။ ။ အခု ၂၀၂၄ ဆိုရင် အာဏာသိမ်းတာ လေးနှစ်တာကာလထဲ ရောက်ပြီ‌ပေါ့။ အဲဒီမှာ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး အဘက်ဘက်က ယိုယွင်းကျဆင်းနေပါတယ်။ ဒီအပေါ်မှာ ပြည်သူလူထုရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ ပြည်သူလူထုက‌တော့ ‌ငြိမ်းချမ်းရေး လိုချင်တဲ့ သဘောထား ရှိပါတယ်။ သူတို့က ‌ငြိမ်းငြိမ်းချမ်းချမ်း နေချင်တယ်။ အဓိက သူတို့ဘဝက အတော်နစ်နာလှပြီ။ အဲဒါပါပဲ သဘောထားကတော့။ ငြိမ်းချမ်းပါစေလို့ လူထုကတော့ ဆုတောင်းမှာပဲ။ အခုဆို ‌နေလို့မရတဲ့ ‌နေရာတွေက အများကြီး ဖြစ်နေပြီ။ ရန်ကုန်မြို့ပေါ်မှာတော့ ဘာမှမဖြစ်ဘူးဆိုပြီ ပြောပြီးတော့ ‌နေ‌နေကြတာတွေ့တယ်။ ‌နေပြည်တော်မှာလည်း အခမ်းအနား‌တွေ၊ အစည်းအဝေး‌တွေလုပ်။ တလောတုန်းက ပုသိမ်ကိုလည်း သွားပြီးတော့ ဗိုလ်ချုပ်မှူး‌ကြီးမင်းအောင်လှိုင်က အခမ်းအနားတွေလုပ်ပြီး၊ ဘာလုပ်မယ် ညာလုပ်မယ်ဆိုတာ‌တွေ ‌ပြောတယ်။ ငြိမ်တဲ့နေရာတွေကို ပတ်‌ပြီးတော့ သွားတာတော့ ဟုတ်တာ‌ပေါ့၊ ဒါပေမဲ့ ကျန်တဲ့‌နေရာတွေမှာ နေလို့မရ‌အောင် ဖြစ်နေတယ်ဆိုတော့ ပြည်သူ‌တွေက‌တော့ ငြိမ်းချမ်း‌ရေးကို အထူးတမ်းတနေမှာ ဖြစ်ပါတယ်။ မမြသဇင် မေးတဲ့ထဲမှာ နိုင်ငံရေး အ‌‌ခြေအနေကတော့ ကျနော် မထင်ဘူး၊ နိုင်ငံရေးအားဖြင့်တော့ စစ်ကောင်စီက နိုင်ငံ‌ရေးအားဖြင့် ‌ဖြေရှင်းသင့်တဲ့ဆိုပြီး ကြီးကြီးကျယ်ကျယ် ‌ပြောခဲ့တယ်။ သူတို့ကိုယ်တိုင် မ‌ဖြေရှင်းဘဲနဲ့ အာဏာသိမ်းဖြေရှင်းခဲ့တာ နိုင်ငံရေးမှ မဟုတ်တာ။ အဲဒါကို ဘယ်လိုလုပ်နိုင်မှာလဲ။ အဲဒါ သိပ်အရေးကြီးတယ်။ ‌နောက် ရွေး‌ကောက်ပွဲလုပ်မယ်။ သန်‌ခေါင်းစာရင်းကောက်မယ်။ အစတုန်းက ‌ရွေး‌ကောက်ပွဲ မလုပ်ဘဲနဲ့ အရေးပေါ်အ‌ခြေအနေ တိုးချဲ့လာတုန်းက ‌ပြောတာက တိုင်း‌ပြည်အခြေအ‌နေဟာ ပုံမှန်မ‌ဖြစ်‌သေးလို့ပါဆိုတော့ အခု ပုံမှန်ဖြစ်သလား။ ပုံမှန်မ‌ဖြစ်တဲ့ဘက်ကို ပိုရွေ့သွားတယ်။ ပုံမှန်မဖြစ်‌ခြင်းက ပိုများလာတယ်။ ပိုပြီး‌အခြေအနေ ဆိုးလာတယ်။ အဲဒီအ‌ခြေအ‌နေမှာ ရွေး‌ကောက်ပွဲ ‌ကောက်ခါငင်ခါ လုပ်လို့ကလည်း ဘာမှအဓိပ္ပါယ်ရှိမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ သူတို့ လက်သိပ်ထိုးတဲ့ နိုင်ငံအချို့ အသိမှတ်‌ပြုကောင်း‌ပြုမယ်။ ဒါပေမဲ့ ‌ပြည်သူလူထု လက်ခံနိုင်တဲ့ ငြိမ်းချမ်းရေးကို ဖော်‌ဆောင်ပေးနိုင်တဲ့ ရွေးကောက်ပွဲရလဒ်မျိုးက ‌ဒီအချိန်မှာ ‌ပေါ်ထွက်လာမှာ မဟုတ်ပါဘူး။

မေး ။ ။ ဒီလိုအ‌ခြေအ‌နေတွေကြားကနေ အပြောင်းအလဲတွေ ဖြစ်ဖို့က ဘာတွေလုပ်ဆောင်နိုင်ပါသလဲ။

ဖြေ ။ ။ အဲဒါ သိပ်ခက်တဲ့မေးခွန်းပါပဲ။ အပြောင်းအလဲတွေဖြစ်ဖို့ လူတိုင်းကြိုးပမ်း‌နေကြတာပဲ။ အခုန အဓိကလုပ်နေတာ - စစ်ကောင်စီရဲ့ လိုချင်တဲ့အ‌ပြောင်းအလဲကတော့ ထွက်‌ပေါက်ရရှိရေးပေါ့။ စောစောကပြောတဲ့ အာဆီယံအစည်းအ‌ဝေး တက်ပြမယ်။ ပူးပေါင်းဆောင်ရွက်မယ်။ ငါတို့အဆင်သင့်ဖြစ်ပြီးဆိုတာ လုပ်မယ်။ ရွေး‌ကောက်ပွဲလုပ်မယ်ဆိုပြီး ပြောမယ်။ ဒါက စစ်ကောင်စီရဲ့ထွက်‌‌ပေါက်ပေါ့။ နောက်တနည်းကတော့ သူတို့ဟာ အသွင်‌ပြောင်းမယ်ပေါ့။ အရင်အစိုးရတွေ လက်ထက်‌တွေကလည်း စစ်တပ်ကနေ ‌နေ‌ပြီး‌တော့ ‌ဘောင်ဘီချွတ်ပြီး ပုဆိုးဝတ်ပြီး ‌ခေါင်းပေါင်း‌ပေါင်းလိုက်တာ အရပ်သားအစိုးရ ‌ဖြစ်တယ်ဆိုတာကို ‌နောက်‌ကြတယ် - ဗိုလ်ချုပ်‌ကြီးနေဝင်းက ဦးနေဝင်းကို အာဏာလွှဲအပ်နေတယ်။ အဲဒီလိုပုံစံမျိုးတွေ ဖြစ်ကောင်းဖြစ်လာလိမ့်မယ်။ ဗိုလ်ချုပ်မှူး‌ကြီးမင်းအောင်လှိုင်ကလည်း ုဦးမင်းအောင်လှိုင် လုပ်ကောင်းလုပ်ပြီး‌တော့ လုပ်နိုင်တယ်။ ဒါပေမဲ့ စစ်အာဏာကြီးစိုးမှုက ဘယ်တုန်းမှ လျော့မသွားပါဘူး။ ဆိုတော့ အ‌ပြောင်းအလဲ ‌ဖြစ်လာဖို့က သူတို့လုပ်ဆောင်မှု ဘယ်‌လောက်ထိ လျော့လာမလဲဆိုတာ မဖြစ်နိုင်ပါဘူး။ ‌ပြည်သူလူထု ကြိုးပမ်းမှုတော့ တဖြည်းဖြည်းအရှိန်တက်လာတယ်။ အဲဒါကြောင့်လည်း ကျနော် စောစောက ပြောခဲ့တယ် - ၆၂ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက် လူထုတုံ့ပြန်မှု မရှိခဲ့ဘူး။ ကြာခဲ့တယ်။ ၈၈ အာဏာသိမ်းပြီးနောက် လူထုတုံ့ပြန်မှု တော်‌တော်များပါတယ်။ အခု ၂၀၂၁ အာဏာသိမ်း‌ပြီးနောက် လူထုတုံ့ပြန်မှုက မကြုံစဘူး၊ လုံးဝအံ့ဩသင့်လောက်စရာ ဖြစ်ပါတယ်ဆိုတော့ သိပ်မကြာနိုင်ဘူး။ ဒီဘက်က ကြိုးပမ်းမှုက ပိုထိရောက်လိမ့်မယ်လို့ ထင်ပါတယ်။ သို့‌သော်လဲ ဘယ်လောက်ထိ‌ကြာအုံးမလဲ ဆိုတာကတော့ ပြောရခက်ပါတယ်။ နိုင်ငံတခုရဲ့ အပြောင်းအလဲ ‌ဖြစ်ဖို့ဆိုတာ နိုင်ငံရေးသိပ္ပံပညာရှင်တွေ ပြောသလို State ဲ ပြောင်းဖို့ဆိုတာ ရထားလမ်း‌ပေါ်မှာ ရထားတစီး သွား‌နေသလိုပဲ၊ ရထားမောင်းတဲ့လူပြောင်းလို့ ဗိုလ်ချုပ်မှူး‌ကြီးမင်းအောင်လှိုင် မောင်းနေတာကို ခင်များဖယ်လိုက်၊ နောက်တယောက် တက်မောင်းလည်း ဒီလမ်းကြောင်းသွားနေမှာပဲဆိုရင် ဒီအတိုင်းပဲ အဲဒီ Structure ကို ‌ပြောင်း‌ပြီးတော့ လုပ်ရမှာ ဖြစ်ပါတယ်။ အဲဒီလောက်ထိ ဖြစ်လာမယ့် အပြောင်းအလဲကိုတော့ ကျနော်တို့ စောင့်ကကြည့်ရမှာ ဖြစ်ပါတယ်။

မေး ။ ။ ဒီတော့ စစ်တပ်အနေနဲ့ ပြိုလဲနိုင်ခြေ မရှိဘူးဆိုပြီး‌တော့ တချို့ကတော့ သုံးသပ်ပါတယ်။ အဲဒီတော့ ရှေ့ဆက် စစ်တပ်ရဲ့အနေအထား ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ စစ်တပ်ပြိုလဲရင်လည်း ကျနော်ထင်တယ် အစားထိုးနိုင်မယ့်၊ စုစည်းနိုင်မယ့် နေရာကို လူတွေက‌ကြည့်နေကြမှာ။ ဆိုတော့ စစ်တပ်က မတိုက်နိုင်တော့ဘူး။ တိုက်နိုင်တဲ့အင်အား မရှိတော့ဘူးဆိုရင် စစ်တပ်ကတော့ ဆုတ်ယုတ်သွားမယ်။ ဒါပေမဲ့ စစ်တပ်ဆိုတာတော့ လိုအုံးမှာပေါ့။ အခု တော်လှန်ရေးအင်အားစုတွေဘက်က မျှော်မှန်းနေတာ အဲဒီစစ်တပ်ကို လုံးဝထားပြီးတော့ အခု တော်လှန်ရေးအင်အားစုတွေနဲ့ ဖက်ဒရယ်တပ်မတော်ဆိုပြီး ပြန်လည်ဖွဲ့စည်းနေတယ် ဘာညာ‌ပြောကြတယ်။ လက်တွေ့‌ဖြစ်လာနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ တပ်မ‌တော်တခု ထူထောင်ဖို့ဆိုတာ အင်မတန် ခဲယဉ်းခက်ခဲ၊ ပြောသလောက် မလွယ်တဲ့ကိစ္စ ဖြစ်ပါတယ်။ စစ်တပ်ကို အစာထိုးဖို့ဆိုတာ။ ‌နောက် နိုင်ငံရေးအားဖြင့် ပြည်သူကတော့ စောစောကပြောခဲ့သလိုပဲ ငြိမ်းချမ်းပြီ‌တော့ ဦးဆောင်မှုပေးနိုင်မယ့် မှန်မှန်ကန်ကန် သင့်မြတ်တဲ့ ဦးဆောင်မှုကို မျှော်လင့်နေရတဲ့ - ဘယ်သူကို အစားထိုး‌မျှော်လင့်‌နေရမလဲ။ NUG လက်ညှိုးထိုးပြီးတော့ သူတို့က မျှော်လင့်လောက်ပြီလားဆိုရင် လူတချို့ကပြောတယ် - မဖြစ်နိုင်သေးဘူးလို့ ပြောရမှာပဲ။ သူတို့လည်း ကြိုးစားနေရတယ်ဆိုတာကို သူတို့ခေါင်းဆောင်ပိုင်းတွေ အများကြီးလုပ်နေတာ တွေ့ရပါတယ်။ သို့ပေမဲ့ လက်တွေ့မှာ သူတို့မှာ မဖြစ်နိုင်တဲ့ အခက်အခဲတွေ အများကြီးရှိနေတယ်။ ဒါကို ပြည်သူကလည်း နားလည်ဖို့လိုတယ်။ သိပ်ပြီးတော့ အခုနပြောခဲ့သလိုပဲ လူထုကတော့ ဆန့်ကျင်မှု ပိုများလာတယ်။ တဖြည်းဖြည်းတော့ ပြောင်းလာလိမ့်မယ်။ သို့ပေမဲ့ စစ်တပ်ရေးရာနဲ့ ပတ်သက်တဲ့ သုံးသပ်သူတချို့ကလည်း စစ်တပ်ရုတ်တရက် ပြိုလဲဖို့ လိုတယ်လို့ ပြောနေကြတာဟာ False Hope မှားယွင်းတဲ့‌မျှော်လင့်ချက်တွေ ပေးနေတာ။ ကိုယ့်ဘက်ကသာ ပိုပြီးနစ်နာနိုင်တဲ့ အဲဒီလောက်လဲ လွယ်လင့်တကူ မတွက်ကြနဲ့။ စစ်တပ်ကိုလည်း လျှော့မတွက်ကြနဲ့ ကိုယ့်ဘက်က ညီညွှတ်ဖို့လိုတယ်ဆိုတာကို အမြဲတမ်းသတိပေးနေကြပါတယ်။ အဲဒီဘက်ကိုလည်း နားထောင်စဉ်းစားဖို့ လိုတယ်လို့ပဲ ထင်ပါတယ်။

မမြသဇင်အောင် ။ ။ အခုလိုဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဦးကျော်ဇံသာရှင့်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG