သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွတ်စလင်ဒေသခံ လူငယ် ၂ ဦး သေဆုံးမှု မြန်မာစစ်တပ် ပြန်စုံစမ်းစစ်ဆေး


နေပြည်တော် စစ်သမိုင်းပြတိုက်မှာ ပြုလုပ်တဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲ။ (အောက်တိုဘာ ၂၄၊ ၂၀၂၀)
နေပြည်တော် စစ်သမိုင်းပြတိုက်မှာ ပြုလုပ်တဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲ။ (အောက်တိုဘာ ၂၄၊ ၂၀၂၀)

(Zawgyi / Unicode)

အောက်တိုဘာ ၅ ရက်နေ့တုန်းက ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ပြင်ရှည် (မွတ်စလင်) ကျေးရွာက လူငယ်လေးနှစ်ဦး သေဆုံးတာနဲ့ပတ်သက်လို့ တပ်မတော်ဘက်က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် စုစည်းတင်ပြထားပါတယ်။

သေဆုံးခဲ့တဲ့ လူငယ်နှစ်ဦး အပါအဝင် လူ ၁၅ ဦးလောက်ကို တပ်မတော်က ခေါ်ဆောင်သွားပြီး AA နဲ့ဖြစ်ကြတဲ့ တိုက်ပွဲအတွင်း သေဆုံးခဲ့တာလို့ ဒေသခံကျေးရွာတွေက ပြောဆိုခဲ့ကြပေမယ့် ဒါဟာ သူတို့လက်ချက်ကြောင့် မဟုတ်ဘူးလို့ တပ်မတော်ဘက်က ငြင်းဆန်ထားတာပါ။ ဒါပေမယ့် ဒီဖြစ်စဉ်ကို တပ်မတော်ဘက်က ပြန်လည်စုံစမ်းမှုတွေ လုပ်နေတယ်လို့ မြန်မာစစ်တပ် ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

“ဘူးသီးတောင်ဒေသမှာရှိတဲ့ မွတ်စလင်ကျေးရွာတခုမှာ ဖြစ်ပျက်ခဲ့တာရှိတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ သတင်းထုတ်ပြန်ပြီး ဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့အနေနဲ့ သေဆုံးသွားတဲ့သူ နှစ်ယောက်ရှိတယ်။ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရသူတယောက် ရှိတယ်။ ဒီဟာနဲ့ပတ်သက်လို့ ချို့ယွင်းချက် အားနည်းချက်ရှိရင် သိနိုင်အောင်လို့ ဘယ်လိုပဲပြောပြော စုံစမ်းစစ်ဆေးမှုတွေကို အဲဒီကနေ စပြီးလုပ်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု လုပ်နေတယ်ဆိုတာကို ကျနော်တို့ ထုတ်ပြန်ပြီးသားလည်း ဖြစ်ပါတယ်။”

စုံစမ်းစစ်ဆေးမှု အသေးစိတ်ကိုတော့ ပြောဆိုတာမရှိပါဘူး။

ဘူးသီးတောင်မြို့နယ် စံညှင်းဝေကျေးရွာအုပ်စု ပြင်ရှည် (မွတ်စလင်) ကျေးရွာဘက်မှာ အောက်တိုဘာ ၅ ရက်နေ့တုန်းက အခုလို မွတ်စလင်လူငယ်နှစ်ဦး အသတ်ခံရပြီး တဦးဒဏ်ရာရခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ ဒါဟာ AA ရခိုင်လက်နက်ကိုင်အဖွဲ့လက်ချက် ဖြစ်တယ်လို့ မြန်မာစစ်တပ်ဘက်က ဗွီအိုအေကို ပြောခဲ့ဖူးပါတယ်။

သေဆုံးသူအလောင်းနဲ့ ဒဏ်ရာရသူကို တပ်မတော်က ရွာကို သယ်ဆောင်လာတယ်လို့ တပ်မတော်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“သေဆုံးသွားတဲ့သူကို ကျနော်တို့က ရွာမှာ အလောင်းကသယ်တယ်။ ထိခိုက်ဒဏ်ရာရရှိသူကိုတော့ တပ်မတော်ဆေးရုံမှာ ကုသပေးတယ်။ အဲဒီ ထိခိုက်ဒဏ်ရာရသူ ကိုယ်တိုင်ကလည်း သူတို့ ဘယ်သူဆိုတာ ပြောထားပါတယ်။”

ပြင်ရှည် (မွတ်စလင်) ကျေးရွာ ကလေးငယ်နှစ်ဦး သေဆုံးမှုနဲ့ပတ်သက်လို့ တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ကနေ နှစ်ဖက် အပြန်အလှန် စွပ်စွဲထားကြပါတယ်။

ဒါပေမယ့် ဒေသခံရွာသားတွေကတော့ AA အဖွဲ့ကနေ လုပ်ဆောင်တာမဟုတ်ဘဲ မြန်မာစစ်တပ်ဘက်က ရွာသားတွေကို အထမ်းသမားအဖြစ် ခေါ်ဆောင်သွားရာမှာ တိုက်ပွဲအတွင်း ကြားညပ်သေဆုံးတာလို့ ပြင်ရှည်ကျေးရွာသားတဦးက ပြောပါတယ်။

“AA ကပစ်တာ မဟုတ်ဘူး။ သူတို့ကို ပေါ်တာဆွဲသွားတာ ၁၅ ယောက်ပေါ့။ စစ်တပ်တွေ ပေါ်တာဆွဲတာပါ။ ဒီဟာခေါ်ပြီးတော့ နှစ်ဖက်ပစ်တာမှာ သေသွားတာပါ။ သူတို့လွှတ်လိုက်တာ မဟုတ်ဘူး။ ကိုယ့်ဟာကို ပြေးပြီး ပြန်လာခဲ့တာ။ ကျနော်တို့ သေသွားတဲ့ကလေးတွေကို ရွာကနေ သွားပြီးတော့ ယူလာတယ်။ ရွာကိုယူလာပြီးတော့ မြေမြှုပ်လိုက်တာပါ။”

မြန်မာစစ်တပ်ကနေ အထမ်းသမားအဖြစ် ခေါ်ဆောင်သွားစဉ် တိုက်ပွဲအတွင်း ရွာသားတွေသေဆုံးမှုနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဒိုစ် မူဟာမက် (ခ) ဦးအေးဝင်းက အခုလိုပြောပါတယ်။

“ရွာသားတွေကလည်း အဲဒီလိုမျိုး ကျေနာ့်ဆီ သတင်းပို့တယ်။ စစ်တပ်ကခေါ်သွားပြီးတော့ အဲဒီလို ပေါ်တာဆွဲပြီးတော့ ရွာသားတွေကို ဓားစာခံလုပ်တဲ့သဘော ရှိတယ်လေ။ ဒီဟာတွေတော့ မလုပ်သင့်တဲ့အလုပ်ပါ။ ကြားထဲမှာ ဒီလိုလုပ်တယ်ဆိုတော့ နိုင်ငံတော်အတွက် တော်တော်လေး ဆုံးရှုံးမှုတခုပဲ။ ဒါ ICJ ရုံး အထောက်ထားဖြစ်သွားပြီး အဲဒီလိုမျိုး ပြောချင်တယ်။”

ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ဂမ်ဘီယာနိုင်ငံကနေ မြန်မာအစိုးရအနေနဲ့ ဂျီနိုဆိုက် လူမျိုးတုံးသတ်ဖြတ်မှု ဟန့်တားရေး သဘောတူစာချုပ်ကို ချိုးဖောက်တယ်ဆိုပြီး စာမျက်နှာ ၅၀၀ ရှိတဲ့ အချက်အလက် အပြည့်အစုံ တင်ပြချက်ကို နိုင်ငံတကာတရားရုံး ICJ ကို တင်သွင်းထားတာ ဖြစ်ပါတယ်။

ကလေးငယ်နှစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်လို့ ဒီကိစ္စရပ်ကို စုံစမ်းစစ်ဆေးမှုတွေ လျှင်မြန်စွာလုပ်ဆောင်ဖို့ အောက်တိုဘာ ၁၄ ရက်နေ့က ကုလသမဂ္ဂ ဦးဆောင်တဲ့ နိုင်ငံအဆင့် စောင့်ကြည့်ရေးနှင့် အစီရင်ခံရေး အထူးတာဝန်အဖွဲ့ (CTFMR) က တိုက်တွန်းထားပါတယ်။

ဒီလဆန်းမှာပဲ ဘူးသီးတောင်မြို့နယ်တွင်း တိုက်ပွဲတွေကြား ကလေးငယ် ၂ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်အတွက် ထိတ်လန့်တုန်လှုပ်မိကြောင်းလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက အောက်တိုဘာ ၁၄ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံမှာ ဒီနှစ် ၂၀၂၀ ပြည့် ပထမ ၃ လအတွင်း ကလေးငယ် ၁၀၀ ကျော် သေကျေဒဏ်ရာရခဲ့တာဟာ ပြီးခဲ့တဲ့နှစ် တနှစ်လုံးရဲ့ ထက်ဝက်ကျော် ရှိနေတဲ့အကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက အောက်တိုဘာ ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)


















XS
SM
MD
LG