{Zawgyi/Unicode}
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုးမြို့မှာ အင်္ဂါနေ့က ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း လက်နက်ကြီး ထိမှန်တာကြောင့် အသက်နှစ်နှစ်အရွယ် ကလေး ၂ ဦးအပါအဝင် အရပ်သား ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ လက်နက်ကြီးထိမှန်တဲ့ ကလေးတဦးက ဒဏ်ရာပြင်းထန်တာကြောင့် မူဆယ်ဆေးရုံပို့ဆောင်ထားပါတယ်။ ဒီအကြောင်း ရန်ကုန်ကသတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
မူဆယ်မြို့နယ် မုံးကိုးမြို့က စစ်ကောင်စီတပ်အခြေစိုက်တဲ့ ဗျူဟာကုန်းကို မနေ့နေ့ခင်း ၁၂ နာရီလောက် MNDAA ကိုးကန့်တပ်ဖွဲ့က လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ဒီတိုက်ပွဲဟာ ၁ နာရီကျော်လောက်ကြာမြင့်ပြီး နှစ်ဘက် လက်နက်ကြီးနဲ့ အပြန်အလှန်ပစ်ခတ်ရာမှာ မုံးကိုးမြို့ အစွန်က ကြံခင်းဘက်မှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
လက်နက်ကြီးပေါက်ကွဲတာကြောင့် အရပ်သား ၆ ဦး ထိခိုက်ခဲ့တယ်လို့ မုံးကိုး ဒေသခံတဦးက VOA ကို ပြောပါတယ်။
“ထိတာ ၆ ယောက်ပေါ့။ ကလေးက တယောက်ထိတာတွေ့တာ။ ဖော်ကြုံရွာသစ်ပေါ့။ စစ်ဗျူဟာကုန်းဘက်က လှမ်းထုလိုက်တာဗျ။”
မုံးကိုးဒေသဘက်က စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတဦးကလည်း အခုလို ပြောပါတယ်။
“ဗျူဟာကုန်းရဲ့ မြောက်ဘက်မှာ ကျတာပေါ့။ ရပ်ကွက် ၆ နဲ့ ဆက်သွားကြီးကိုးနော။ အဲဒီ ရွာက။ ရပ်ကွက် ၆ ရဲ့ တဆက်တည်းကြီးတော့မဟုတ်ဘူး။ ကြားမှာ ကြံခြံတခုလောက် အဲလို ခံသွားတာပေါ့။ အဲဒီဘက်မှာ အိမ်ခြေ ၁၀ အိမ်ကျော်ရှိတာ။ အဲဒီဘက် လက်နက်ကြီး ကျတယ် လို့ ပြောတာပဲ။ ၆ ယောက်လောက်လို့ ပြောနေတယ်။ ၄ ယောက်က နည်းနည်း စိုးရိမ်ရတာပေါ့။ ၃ နှစ်ကလေး တဦးပါတယ်တဲ့။ မုံးကိုးကနေ မူဆယ်ပို့လာပြီလို့ ပြောတယ်။ မူဆယ်ကနေ လားရှိုးထပ်ပို့မလား အဲဒါမျိုးပေါ့။”
အခြား မုံးကိုးမြို့ခံတဦးကတော့ လက်နက်ကြီးကျည်ထိသူတွေမှာ အသက် ၂ နှစ်ကျော် မိန်းကလေး ၂ ယောက်၊ ၂၅ နှစ် နဲ့ ၆၁ နှစ်အရွယ် အမျိုးသမီး ၂ ဦး၊ ၂၃ နှစ်နဲ့ ၆၃ နှစ်အရွယ် အမျိုးသား ၂ ဦးဖြစ်ကြောင်းနဲ့ ဦးခေါင်းကို ထိမှန်ထားတဲ့ အသက် ၂ နှစ် ၁၀ လအရွယ်မိန်းကလေးနဲ့ ၂ ဦးကို အင်္ဂါနေ့က မူဆယ်ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ကျန် ၃ ဦးကို မုံးကိုးဆေးရုံမှာ ကုသပေးနေကြောင်း ပြောပါတယ်။
ဒေသခံတွေက စစ်ဗျူဟာကုန်းဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးဖြစ်ကြောင်း ပြောဆိုပေမဲ့ သီးခြားအတည်ပြုချက်တော့ မရရှိပါဘူး။ မူဆယ်မြို့နယ် ကြူကုတ်(ပန်ဆိုင်း)၊ မုံးကိုးနဲ့ ဖောင်းဆိုင်ဒေသမှာ ဇူလိုင်လဆန်းပိုင်းကစတင်ပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာပါ။
ဒီတိုက်ပွဲကြောင့် ကြူကုတ်(ပန်ဆိုင်း)ဘက်မှာ ဒုက္ခသည် ၁,၄၀၀ ကျော်၊ မုံးကိုးဘက်မှာ ၇၀၀ ကျော်နဲ့ ဖောင်းဆိုင်ဘက်မှာ ၁၅၀ ကျော်လောက် တိမ်းရှောင်နေရသလို မုံးကိုးဘက်မှာ လက်နက်ကြီး ကျည်ထိမှန်တာကြောင့် ၅ ဦးနဲ့ မိုင်းနင်းမိတာကြောင့် ၂ ဦးသေဆုံးခဲ့ပြီး ဖြစ်ပါတယ်။
-----------
{Unicode}
မုံးကိုးတိုကျပှဲ အရပျသား ၆ ဦး ထိခိုကျဒဏျရာရ
#MNDAA #MyanmarViolence #ShanFighting #VOABurmese