မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ် ပျဥ်းကတိုးကုန်းကျေးရွာအုပ်စု ကျောက်တန်းလေးရွာနားမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေ ဇူလိုင်လ ၂၃ ရက်နေ့က တိုက်ပွဲတွေဖြစ်ခဲ့တာမှာ စစ်ကောင်စီရဲ့တပ်မ ၄၄ က လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့် ဒေသခံ ကျေးရွာ ၃ ရွာက ကျေးရွာသား ၇ ဦးသေဆုံးခဲ့ပါတယ်။ ဒီသတင်းကိုဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ် ပျဥ်းကတိုးကုန်းကျေးရွာအုပ်စု ကျောက်တန်းလေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေ ဇူလိုင်လ ၂၃ ရက်နေ့က တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပြီးနောက် အဲဒီမနက်ပိုင်းမှာပဲ စစ်ကောင်စီတပ်ကပစ်လိုက်တဲ့ လက်နက်ကြီး ကျည်တွေ ကျောက်တန်းလေးကျေးရွာထဲကိုကျပြီး ဒေသခံရွာသား ၇ ဦးသေဆုံးပြီး နောက်ထပ် ၇ ဦးက ပြင်းထန်ဒဏ်ရာတွေရခဲ့တယ်လို့ ဒေသခံတဦးက အခုလိုပြောပြပါတယ်။
“၉ နာရီနဲ့ ၃၈ မိနစ်လောက်မှာ ကျောက်တန်းလေးရွာဘက်မှာ တိုက်ပွဲ အနည်းငယ်ဖြစ်ခဲ့တယ်။ တပ်မ ၄၄ ကနေ ဟောင်ဝစ်ဇာတွေနဲ့လှမ်းပစ်တာ၊ ထိတွေ့တိုက်ပွဲဖြစ်လို့ လှမ်းပစ်တာ။ ပျဉ်းကတိုးကုန်းရွာဘက်ကို ကျတယ်။ ကျိုက်ထို သိမ်ဇရပ်ဘက်မှာ အဲဒီမှာ အရပ်သားတွေသေတယ်။ သေတာ ၇ ယောက်သေတယ်။ ဒဏ်ရာရသူတွေက ၇ ယောက်၊ သေဆုံးတာက ၇ ယောက်သေတယ်၊ ဒဏ်ရာရသူလည်း ၇ ယောက်။ သေဆုံးတာလည်း ၇ ယောက်ပဲ။”
သေဆုံးသူတွေကတော့ ကျောက်တန်းလေးကျေးရွာသားတွေအပါအဝင် သက်ကယ်ကုန်း၊ ကုန်းဘိုစတဲ့ရွာသားတွေဖြစ်ကြပြီး လက်နက်ကြီးတွေနဲ့ မကြာခဏပစ်ခတ်မှုတွေကြောင့် အနီးနားက အင်းဂဘို၊ ကမ်းနီ၊ ပိန္နဲကုန်းစတဲ့ကျေးရွာသားတွေလည်း ထွက်ပြေးနေရပါတယ်။ အဲဒီဒေသဟာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် တပ်မဟာ ၁ ထိန်းချုပ်နယ်မြေတွေထဲမှာရှိပြီး တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတာကြောင့် ဒေသခံတွေ အမြဲလို အိုးအိမ်စွန့်ခွါပြီးထွက်ပြေးနေရပါတယ်။ စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဖြစ်တိုင်း အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးပစ်ခတ်ခဲ့တယ်လို့လည်း ကရင်လူ့အခွင့်ရေးအဖွဲ့အစည်းတွေက ပြောပါတယ်ရှင်။
Forum