ဝါခေါင်လပြည့်နေ့ကျရောက်တိုင်း နှစ်စဉ်ကျင်းပမြဲမွန်ပြည်သစ်ပါတီရဲ့တော်လှန်ရေးနေ့စစ်ရေးပြအခန်းအနားကို ဒီနှစ်မှာ မြန်မာ့တပ်မတော်ကနေ ပထမဆုံးအကြိမ်တားမြစ်ပိတ်ပင်ခဲ့တာပါ။ လက်ရှိထိုင်းမြန်မာနယ်စပ်ဘုရားသုံးဆူမြို့နယ်ဘက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့အရိပ်လက္ခဏာရှိနေပေမဲ့ မွန်ပြည်သစ်ပါတီအနေနဲ့ အခမ်းအနားကိုဆက်လက်ကျင်းပသွားမယ်လို့ တာဝန်ရှိသူတွေကဆိုပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက်နိုင်ကွန်းအိမ်ကနေ သတင်းပေးပို့ထား ပါတယ်။
ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့နယ် ဗလဲ့ဒွန်ဖိုက်ကျေးရွာမှာ မနက်ဖြန်မှာကျင်းပမဲ့ မွန်ပြည်သစ်ပါတီရဲ့ အနှစ်(၇၀)ပြည့် တော်လှန်ရေးနေ့ အခမ်းအနားကို မြန်မာတပ်မတော်ကနေပိတ်ပင်ခဲ့တဲ့အခြေအနေကိုတော့ ဗဟိုကော်မီတီဝင်နိုင်အောင်မငေး က အခုလို ပြော ပါတယ်။
"(၃)ရက်နေ့ကစပြီးတော့ တပ်မတော်က ကျွန်တော်တို့ မွန်ပြည်သစ်ပါတီဗလဲဒွန်ဖိုက်မှာရှိတဲ့တပ်ရင်းအမှတ်(၅)နေရာမှာ နှစ်စဉ်နှစ်တိုင်းလုပ်တဲ့ တော်လှန်ရေးနေ့စစ်ရေးပြအခမ်း အနားကို ကျင်းပခွင့်မပြုဘူးလို့ကန့်ကွက်စာ တစောင်ထုတ်လာတယ်။ ကျွန်တော်တို့က ဘယ်လိုဘဲဖြစ်ဖြစ်ပေါ့နော်။ ဒီကန့်ကွက်စာထုတ်တာ ပိတ်ပင်တာ အင်အားနဲ့လာပြီးနှောက်ယှက်မယ် ပစ်ခတ်မှုဖြစ်ရင်တော့ ကျွန်တော်တို့ရှေ့ဆက်မှာ ယုံကြည်မှုတစုံတရာတော့ပျက်သွားမယ်လို့ကျွန်တော်တို့စိုးရိမ်တယ်။"
ဒီနှစ် အနှစ်(၇၀)ပြည့်တော်လှန်ရေးနေ့အခမ်းအနားကျင်းပမှုကို ပိတ်ပင်ခဲ့သလို ဘုရားသုံးဆူဘက်မှာ မြန်မာ့တပ်မတော် ကနေ စစ်ရေးပြင်ဆင်မှုတွေရှိနေတယ်လို့ မွန်ပြည်သစ်ပါတီဘုရားသုံးဆူမြို့နယ် တာဝန်ရှိသူတဦးကမွန်ဘာသာနဲ့ အခုလို ပြောပါတယ်။
"အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကနေ ညွှန်ကြားချက်ပေးလာတယ်။ ကျွန်တော်ပါတီက နှစ်ခရိုင် သုံးခရိုင်ကိုလဲပိတ်ပင်ထားတယ်။ ဘုရားသုံးဆူဒေသဘက်မှာတော့ တပ်မတော်ခလရ(၉၇)ကနေ ကျွန်တော်တို့ရှိရာဘက်ကို စစ်ကြောင်းနဲ့ရောက်လာပြီးတော့ ပြန်လှည့်သွားတယ်။ ခလရ(၂၈၃)ကတော့ ကြုံကွီးလမ်းဝမှာနေရာအသင့်ယူထားတယ်။ ကျွန်တော်တို့အခန်းအနားကို အနှောက် ယှက်ပေးမဲ့အနေအထားတွေ့ရတယ်။ ကျွန်တော်တို့ကတော့တော်လှန်ရေးနေ့အခန်းအနားကိုတော့ ဆက်လက်လုပ်ဆောင် သွားဖို့ အထက်လူကြီးတွေကဆုံးဖြတ်ပြီးသားပါ။"
လက်ရှိဘုရားသုံးဆူဒေသ ဗလဲ့ဒွန်ဖိုက်စခမ်းမှာ မွန်တော်လှန်ရေးအခန်းအနားကျင်းပမှာဖြစ်သလို မြန်မာ့တပ်မတော်အနေနဲ့ ဗလဲ့ဒွန်ဖိုက်ရွာနဲ့ခြေလျင်ခရီး(၄)နာရီအကွာ ကြုံကွီးရွာဘက်မှာအသင့်နေရာယူထားပြီးဖြစ်တဲ့အတွက် နှစ်ဖက်စစ်ရေးတင်းမာ မဲ့ အရိပ်လက္ခဏာရှိနေပါတယ်။
အလားတူမွန်ပြည်သစ်ပါတီ၊ ထားဝယ်ခရိုင်ဘက်မှာ တော်လှန်ရေးနေ့အခမ်းအနားမကျင်းပဖို့နဲ့ ကျင်းပမယ်ဆိုရင် စစ်တပ်နဲ့ အရေးယူသွားမယ်လို့ ဒေသခံ မြန်မာ့တပ်မတော်ကနေ သက်ဆိုင်ရာရေးမြို့ဆက်ဆံရေးရုံးကိုအကြောင်းကြားလာတယ်လို့ ထားဝယ်ခရိုင်ကော်မီတီဝင်တဦးကပြောပါတယ်။
တပ်မတော်ကနေ မွန်ပြည်သစ်ပါတီ အခမ်းအနားပိတ်ပင်မှုကို မြန်မာငြိမ်းချမ်းရေးကော်မရှင်တာဝန်ရှိသူတွေထံ တင်ပြထား ပေမဲ့တစုံတရာအကြောင်းပြန်လာတာမရှိဘူးလို့မွန်ပြည်သစ်ပါတီ ဗဟိုကော်မီတီဝင်နိုင်အောင်မငေးက အခုလို ဆက်ပြော ပါတယ်။
"ဒီ(၅)ရက်နေ့မနက်စောစောမှာ မွန်ပြည်သစ်ပါတီကိစ္စအခြေအနေကိုကျွန်တော်တို့ ဗိုလ်ချုပ်ကြီးခင်ဇော်ဦးကိုပြောတယ်။ ဒီအခြေ အနေမှာဒီလိုဖြစ်တယ်။ အဲတာဗိုလ်ချုပ်ကြီးဝိုင်းကူပြောပေးပါလို့ကျွန်တော်ပြောထားတယ်။ ဒါပေမဲ့ ဒီကနေ့အထိပြေလည်မှု မရှိသေးဘူးပေါ့နော်။"
ပြီးခဲ့တဲ့သြဂုတ်(၄)ရက်နေ့မှာ ဦးခင်ဇော်ဦးခေါင်းဆောင်တဲ့ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နဲ့ အပစ်ရပ်NCAလက်မှတ်မရေးထိုး နိုင်သေးတဲ့ UNFCခေါ်ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကိုယ်စား လှယ်အဖွဲ့ တို့ NCAလက်မှတ်ရေးထိုးနိုင်ရေးအတွက် ထိုင်းနိုင်ငံမှာအကြိုညှိနှိုင်းဆွေးနွေးနေဆဲကာလမှာဘဲ မွန်ပြည်သစ်ပါတီ တော်လှန်ရေးနေ့အခန်းအနားကိုပိတ်ပင်လာတာပါ။
မွန်ပြည်သစ်ပါတီရဲ့ မွန်တော်လှန်ရေးအခန်းအနားကို ၎င်းတို့တပ်တည်ရာ သထုံခရိုင် မော်လမြိုင်ခရိုင် ထားဝယ်ခရိုင်နဲ့ ဗဟို ဝန်းကျင်ဒေသတွေမှာ စစ်ရေးပြအခန်းအနားတွေနဲ့နှစ်စဉ်ကျင်းပနေခဲ့တာပါ။
ဒီနှစ်မှာမှထူးထူးခြားခြားပိတ်ပင်လာတာဟာ NCAအပစ်ရပ်လက်မှတ်မရေးထိုးနိုင်သေးတဲ့မွန်ပြည်သစ်ပါတီအပေါ်ဖိအားပေးတဲ့ လုပ်ရပ်တခုလို့ မွန်နိုင်ငံရေးလေ့လာသုံးသပ်သူ နိုင်မင်းမင်းနွယ်ကရှုမြင်နေပါတယ်။
"မွန်ပြည်သစ်ပါတီကိုလက်မှတ်ထိုးဖို့အတွက် အစိုးရဘက်ကလဲကမ်းလှမ်းချက်တွေ လှုပ်ရှားဆောင်ရွက်မှုတွေ အများကြီးရှိခဲ့ တယ်။ မွန်ပြည်သစ်ပါတီလုပ်ဆောင်တဲ့ နိုင်င့ရေးနဲ့ဆိုင်သော သူ့ပါတီနဲ့ဆိုင်တဲ့ လုပ်ငန်းဆောင်တာတွေပေါ့ဗျာ။ မွန်အမျိုးသား နေ့တို့လိုမျိုး မွန်တော်လှန်ရေးနေ့တို့လိုမျိုး လူထုနဲ့နွယ်ပြီးလုပ်ရတဲ့ပွဲတွေကျတော့ သူတို့ကလိုက်ချောခဲ့တာတောက်လျောက် အစိုးရအဆက်ဆက်ပေါ့နော်။ ဗိုလ်ချုပ်ခင်ညွန့်ခေတ်ကတည်းက ၁၉၉၅ အပစ်ရပ်ကာလတုန်းကလဲ လုပ်ဆောင်ခွင့်ရခဲ့တယ်။ ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရမှာလဲ ဒီအတိုင်းဘဲ။ အခုဒီအစိုးရလက်ထက်မှကျတယ်ဆိုရင် အစိုးရက တစုံတရာတားဆီးပိတ်ပင်ခြင်း တစုံတရာမတွေ့ရဘဲနဲ့စစ်တပ်ဘက်က တားဆီးပိတ်ပင်ခြင်းဖြစ်တဲ့အခါကျတော့ စစ်တပ်ဖိအားပေးတဲ့အနေနဲ့ဘဲ ကျွန်တော်တို့ နိုင်ငံရေးးလေ့လာသူအနေနဲ့မြင်ပါတယ်။"
လက်ရှိဘုရားသုံးဆူဒေသမှာ မွန်ပြည်သစ်ပါတီနဲ့တပ်မတော်တို့အကြားတိုက်ပွဲဖြစ်ပွါးတာမရှိသေးပေမဲ့ အသင့်နေရာယူ စစ်ရေးအသွင်ဆောင်နေတဲ့လက္ခဏာကြောင့် ဒေသခံတွေအနေနဲ့ တိုက်ပွဲဖြစ်ပွါးမှာကိုစိုးရိမ်နေကြပါတယ်။
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ(၁၂)ရက်နေ့တုန်းကလဲ ဘုရားသုံးဆူဒေသက မွန်ပြည်သစ်ပါတီရဲ့ (၇၀)ကြိမ်မြောက်မွန်အမျိုးသားနေ့မှာ စစ်ရေးပြအခန်းအနားမလုပ်ဆောင်ဖို့ မြန်မာ့တပ်မတော်ကနေ ညွှန်ကြားချက်ပေးလာတဲ့အပေါ် မွန်ပြည်သစ်ဘက်က လက် မခံပယ်ချလိုက်တဲ့အတွက် မွန်ပြည်သစ်ပါတီရဲ့ အကောက်ခွန်ဂိတ်စခမ်း(၃)ခုကိုမြန်မာ့တပ်မတော်ကနေ သိမ်းပိုက်ခဲ့ပါတယ်။