အမေရိကန် သမ္မတ Donald Trump နဲ့ အိန္ဒိယ ဝန်ကြီးချုပ် နရိန္ဒြာမိုဒီတို့ အင်ဒိုပစိဖိတ် ဒေသ လုံခြုံရေးနဲ့ ကြွယ်ဝတိုးတက်ရေး အတွက် အတူတကွ ဆောင်ရွက်ကြဖို့ ကတိပြု ဆွေးနွေးခဲ့ကြတဲ့ အထဲမှာ မြန်မာ့အရေးကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ပါတယ်။
အမေရိကန်နဲ့ အိန္ဒိယ ခေါင်းဆောင် နှစ်ဦးတို့ မနေ့ ကြာသပတေးနေ့က တယ်လီဖုန်းဆက်သွယ် ဆွေးနွေးခဲ့ကြတဲ့ အကြောင်း အမေရိကန် သမ္မတ အိမ်ဖြူတော်က ပြောဆိုထားတာပါ။ ဆွေးနွေးမှု အတွင်း မြန်မာနိုင်ငံ အပေါ် အမြင်တွေကို ခေါင်းဆောင် နှစ်ဦး ဖလှယ်ခဲ့ကြသလို ရိုဟင်ဂျာ ဒုက္ခသည် ပဋိပက္ခကို ဖြေရှင်းနိုင်ရေး နည်းလမ်းတွေကိုလည်း ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေ နောက်ပိုင်း ဘင်္ဂလားဒေရှ့်ကို လူပေါင်း သိန်းချီ ထွက်ပြေးရတဲ့ ကိစ္စဟာ လူမျိုးစု အလိုက် ရှင်းလင်းမှု ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောဆိုထားပြီး မြန်မာ စစ်တပ်ရဲ့ တာဝန်ရှိသူတွေကို ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားတာပါ။ အိန္ဒိယ နိုင်ငံကတော့ ရိုဟင်ဂျာ ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း မဲခွဲခဲ့စဉ်မှာတော့ ကြားနေမဲပေးခဲ့တာပါ။ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံကြား အပြုသဘောဆောင် ဆွေးနွေး အဖြေရှာကြဖို့ကိုဘဲ အဲဒီအချိန်က ကုလဆိုင်ရာ အိန္ဒိယ ကိုယ်စားလှယ်က တိုက်တွန်းခဲ့တာပါ။