သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လောက်ကိုင်မြို့ကို MNDAA ထိန်းချုပ်


ယခင်မှတ်တမ်းရုပ်ပုံ | ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော်လောက်ကိုင် (စက်တင်ဘာ ၈၊ ၂၀၀၉)
ယခင်မှတ်တမ်းရုပ်ပုံ | ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော်လောက်ကိုင် (စက်တင်ဘာ ၈၊ ၂၀၀၉)

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့တော် လောက်ကိုင်မှာ အခြေစိုက်တဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ- လောက်ကိုင်)နဲ့ ပူးပေါင်းတပ်တွေဟာ ကိုးကန့်တပ် MNDAA နဲ့ ညှိနှိုင်းပြီး ဆုတ်ခွာသွားတာကြောင့် လောက်ကိုင်မြို့ကို MNDAA က ထိန်းချုပ်လိုက်ပြီ ဖြစ်ပါတယ်။ အဓိကက ရိက္ခာပြတ်လပ်တာကြောင့် ဖြစ်ပါတယ်။ တဆက်တည်းမှာပဲ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအတွင်းမှာရှိတဲ့ ဟိုပန်နဲ့ ပန်လုံဒေသက စစ်ကောင်စီတပ်တွေကိုလည်း ရုတ်သိမ်းသွားပြီး မဟာမိတ်တပ်တွေ ဝင်ရောက်လာနေပါတယ်။ ရှမ်းမြောက်ဒေသရဲ့ နောက်ဆုံးအခြေအနေ သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ကိုးကန့် MNDAA တပ်က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၄ရက်မှာ လောက်ကိုင်ကို သိမ်းယူမယ်လို့ ကြေညာပြီးနောက် ဒီဇင်ဘာ တတိယပတ်လောက်မှာ လောက်ကိုင်မြို့ကို ဝိုင်းပတ် ပိတ်ဆို့ တိုက်ခိုက်ခဲ့တာပါ။ ဇန်နဝါရီလ ၄ရက်နေ့ညမှာ လောက်ကိုင် ဒကစနဲ့ ပူးပေါင်းတပ်တွေအားလုံး ဆုတ်ခွာသွားတာဖြစ်ကြောင်း MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ နီးစပ်သူတဦးက VOA ကို ပြောပါတယ်။

“ ကိုးကန့် လောက်ကိုင်ဘက်မှာရှိတဲ့ ဒကစ ရော၊ အဲဒီရှိတဲ့ တပ်အားလုံး ဆုတ်လိုက်ပြီ။ မနေ့က ည၊ ည ၁၀နာရီလောက်။ အဲဒီထဲမှာရှိတဲ့ လောက်ကိုင် ဒကစလည်း ပါတယ်။ တပ်မ ၅၅ လည်း ပါတယ်။ စကခ ၁၄ ပါတယ်။ စကခ ၁၆ ပါတယ်။ စကခ ၁၂ ပါတယ်။ အဲဒါ အားလုံး ထွက်လိုက်ပြီ။ သူတို့ ညှိနှိုင်းပြီးမှ ကိုးကန့်က ထွက်ခွင့် ပေးတာလေ။ ”

လောက်ကိုင်က ထွက်သွားသူတွေမှာ အရာရှိနဲ့ အခြားအဆင့် ၂၂၈ယောက်၊ စစ်သည် ၂,၁၀၀ကျော် နဲ့ တပ်အိမ်ထောင်သည်မိသားစုဝင် ၁၅၀၀ကျော်တို့ ပါဝင်ပြီး သူတို့ကို "ဝ"ဒေသကတဆင့် ထွက်ခွာခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ လောက်ကိုင် ဒကစနဲ့ ပူးပေါင်းတပ်တွေ အခုလို လောက်ကိုင်က ဆုတ်ခွာရတာဟာ အဓိက ရိက္ခာ ပြတ်လပ်တာကြောင့်ဖြစ်တယ်လို့လည်း ဆက်ပြောပါတယ်။

“ အဓိက ရိက္ခာမရှိတော့ဘူး လောက်ကိုင်က၊ ဆန်တွေ မရှိတော့ဘူးလေ။ ကွမ်းလုံပျက်ပြီးမှာ ချင်းရွှေဟော်ဂိတ်က ကားလမ်းပျက်ပြီ။ နောက်ပြီးမှ ရန်လုံကျိုင်း ဂိတ်ပေါက်တခုပဲ ကျန်တယ်မဟုတ်လား။ အဲဒီဂိတ်ကလည်း လွန်ခဲ့တဲ့ လဝက်လောက်က ကိုးကန့်တပ်တွေ ဝင်သိမ်းလိုက်ပြီလေ။ ဝင်သိမ်းလိုက်ပြီဆိုတော့ စားစရာတွေလည်း မရှိတော့ဘူး။ အဲဒါနဲ့ လောက်ကိုင်က ဆန်ပြတ်ပြီလေ။”

လောက်ကိုင်ကနေ လားရှိုးဘက်ကဆက်သွယ်တဲ့ လမ်းမကြီးပေါ်က ချင်းရွှေဟော်ကို MNDAA က ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂၇ရက်နေ့ ၁၀၂၇ စစ်ဆင်ရေး စစ ချင်းမှာ သိမ်းယူခဲ့တာပါ။ ကွမ်းလုံမြို့ကိုတော့ နိုဝင်ဘာလ ၁၂ရက်နေ့မှာ သိမ်းယူခဲ့ပြီး လောက်ကိုင်မြို့ ရဲ့တရုတ်ပြည်ထွက်ပေါက်ဖြစ်တဲ့ ရန်လုံကျိုင်းဂိတ်ကိုတော့ ဒီဇင်ဘာ ၁၈ရက်မှာ သိမ်းယူခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ မနက် အစောပိုင်းမှာတော့ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဟိုပန်မြို့ကို ညီနောင် မဟာမိတ်တပ်တွေ ဝင်ရောက်လာကြောင်း ရှမ်းမြောက်ဒေသခံတဦးက ပြောပါတယ်။

“ ဟိုပန်ဘက်ကတော့ ၂နာရီလို့ ပြောတာလား၊ ၃နာရီလို့ ပြောတာလား၊ ဒီမနက် ဝင်လာပြီတဲ့။ အခုက မဟာမိတ် ၃ဖွဲ့က ဟိုပန်ဘက်ကို ရောက်နေပြီ။ သိမ်းထားပြီးပြီ ဆိုတဲ့သဘောပေါ့။ ”

ဟိုပန်နဲ့ ပန်လုံက စစ်ကောင်စီတပ်တွေ ရုတ်သိမ်း သွားပြီ ဖြစ်ကြောင်းနဲ့ ဟိုပန်မြို့အတွင်းကို ညီနောင်မဟာမိတ်အဖွဲ့တွေနဲ့အတူ UWSA ၀ တပ်ဖွဲ့များ ဝင်ရောက် တပ်စွဲနေရာယူထားပြီ ဖြစ်ကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဟိုပန်မြို့ဟာ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရဲ့ မြို့တော်ဖြစ်ပါတယ်။ ပန်လုံမြို့ကတော့ ဟိုပန်မြို့နယ်မှာရှိပြီး မိုင်းမောမြို့နယ်အစပ်မှာ တည်ရှိတာပါ။

ဒီနေ့ မနက် ၅နာရီခွဲခန့်မှာ မိုးမိတ်မြို့နယ်ရှိ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) ၂၁နဲ့ ခလရ ၂၂၃ တို့ အခြေစိုက်ထားတဲ့ ဆင်ကင် ခေါ် ကျန်ကန် တပ်စခန်းကို သိမ်းယူလိုက်ကြောင်း PSLF/TNLA က သတင်း ထုတ်ပြန်ထားပါတယ်။ ဆင်ကင်စခန်းကို ဒီလ ၃ရက်နေ့က စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်၊ ကွတ်ခိုင်၊ သိန္နီနဲ့ ကျောက်မဲမြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ညီနောင်မဟာမိတ် ၃ဖွဲ့ကတော့ လောက်ကိုင်၊ ဟိုပန်နဲ့ ပန်လုံကို သိမ်းယူတယ်ဆိုတာကို အတည်ပြုထုတ်ပြန်ကြေညာတာတော့ မရှိသေးသလို စစ်ကောင်စီဘက်ကလည်း ရှမ်းမြောက်ဒေသ သတင်းနဲ့ ပတ်သက်လို့ ထုတ်ပြန်တာကိုတော့ မတွေ့ ရပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG