ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတဲ့ ဒုက္ခသည်တွေ အနေနဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်ခံ ရတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို တရားစွဲဆိုလိုပါက အမှုဖွင့်ဆောင်ရွက်နိုင်ပြီး မြန်မာနိုင်ငံအစိုးရအနေနဲ့ ကူညီဆောင်ရွက်ပေးမယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးကပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ဒုက္ခသည်ပြန်လည် လက်ခံရေးအပိုင်းမှာ ဘင်္ဂလားဒေ့ရှ်ဘက်က ပူးဆောင်ရွက်မှု အားနည်းနေပြီး မြန်မာအစိုးရက ညှိနှိုင်းရေးအဖွဲ့ စေလွှတ်ထားတယ် လို့လည်းပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ VOA မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်း ပေးပို့ထားပါတယ်။
မြန်မာအစိုးရကလူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် ဘင်္ဂလားဒေ့ရှ် ကိုရောက်ရှိ နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အနေနဲ့ အမှုဖွင့်ဆောင်ရွက်နိုင်ပြီး အမှုဖွင့်တာတွေကိုလည်း မြန်မာအစိုးရက ကူညီ ပေးမယ်လို့ ဒီကနေ့ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားလိုက်တာပါ။
အမှုဖွင့်တဲ့သူတွေဟာ နေထိုင်တဲ့နေရာမှာ အမှုဖွင့်ရမှာ ဖြစ်ပြီး အစိုးရအနေနဲ့ ကျူးလွန်သူတွေကို စစ်ဆေးပြီး လိုအပ်သလို အရေးယူသွားမယ်လို့ ဝန်ကြီးက အခုလိုပြောပါတယ်။
"ဒါကအင်မတန်အရေးကြီးတယ်။ ဘာကြောင့်လည်းဆိုတော့ စွတ်စွဲမှုတွေမျိုးစုံရှိတယ်။ တခုခုဆိုလို့ရှိရင် အမှန် မှန်တော့ Individual အမှုဖွင့်ရမယ်။ စွတ်စွဲရမယ်။ ဒါပေမယ့်အဖွဲ့လိုက်နာမည်ပျက်တယ်။ တပ်မတော်က ဖြစ်တယ် ဘယ်သူကဘာဖြစ်တယ် အဖွဲ့လိုက်ကြီးကို စွတ်စွဲမှုတွေရှိတယ်။ အဖွဲ့လိုက်စွတ်စွဲတာထက် တကယ် ကျူးလွန်တဲ့သူသည် သူ့အပြစ်သူခံရမယ်။ ဒီဟာအရေးကြီးတယ်။ အဲ့အတွက်ကြောင့်မို့လို့ အဲ့လိုအမှုဖွင့်နိုင်အောင် ဘယ်သူက တရားစွဲချင်သလည်း စွဲပါ။ ဘယ်သူက သက်သေခံမလည်း ခံပါ။ ဒါတွေအတွက်ကို ဒီဘင်္ဂလားဒေ့ရှ့် ရောက်တဲ့သူတွေအကုန်လုံးမှာ ဒီအခွင့်ရေးရတယ်ဆိုပြီး ကြေငြာပြီးရင် ဖွင့်ချင်တဲ့သူဖွင့် စွဲချင်တဲ့သူစွဲ အဲ့အတွက်ကို မြန်မာနိုင်ငံကနေပြီးတော့ ဒီအစိုးရနေပြီးတော့ ဆောင်ရွက်ပေး မယ်။ အဲ့စနစ်ကို အဲ့ဒါကိုစမယ်။ အဲ့ဒါကိုအောင်မြင်ရင် သူ့တို့ဟာသူတို့ စွတ်စွဲမယ်။ စွတ်စွဲရင်စစ်ဆေးမယ်။ တကယ်ဟုတ်ရင် အရေးယူမယ်။"
တကယ်လို့ အမှုဖွင့်ဆောင်ရွက်ခဲ့မယ်ဆိုရင် သက်သေတွေကို အစိုးရက အကုန်ကျခံပြီး ခေါ်ယူပေးမှာဖြစ်သလို အခုလိုဆောင်ရွက်တာဟာ နိုင်ငံတကာရဲ့စွတ်စွဲချက်တွေကို တုန့်ပြန်နိုင်ဖို့ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒီအပြင်ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေး နဲ့ပတ်သက်လို့လည်း ဘင်္ဂလားဒေ့ရှ်ဘက်က မြန်မာဘက်ကို အဆောတလျင် ပြန်မပို့ချင်တဲ့ သဘောတွေရှိသလို ပူးပေါင်းဆောင်ရွက်မှုမရှိဘူး လို့လည်း ဝန်ကြီးကပြောပါတယ်။
"ဇန်နဝါရီ ၂၃ ၂၀၁၈ ကနေ ကျွန်တော်တို့အဆင်သင့်ဖြစ်တယ်။ သို့သော် တယောက်မှ မရောက်လာဘူး။ ဒါဟာ တဖက်နိုင်ငံကနေပြီးတော့ ဒီကိစ္စမှာ ပို့ချင်တဲ့ မရောက်စေချင်တဲ့ သဘောလည်းပါမယ်။ နောက် ဒီ Process ကို မစစေချင်တဲ့ သဘောလည်းပါမယ်။ ဒါဟာ သူတို့ရဲ့နိုင်ငံရေး အခြေအနေတွေ အကြောင်းကြောင်း ကြောင့် သူတို့ဖြစ်နေတဲ့ ကိစ္စတွေဖြစ်တယ်။ သူတို့က စဖို့အတွက်ကို တဖက်နိုင်ငံက အားကြိုးမာန်တက် သဘောတူညီ ချက်အတိုင်း မဆောင်ရွက်တာက တဖက်နိုင်ငံကဖြစ်ပါတယ်။ သို့သော် ကမ္ဘာ့အလယ်မှာ ကျွန်တော်တို့က မစသေးဘူး ကျွန်တော်တို့နိုင်ငံကို ဖိအားပေးရမယ်။ ဒါတွေပြန်လည်လက်ခံဖို့ ဖိအားပေးရမယ်ဆိုပြီးပဲ ပြောနေတယ်။ တကယ်တမ်းဆိုရင် ကျွန်တော်တို့က အဆင်သင့်ဖြစ်နေပြီ။ သူတို့ကပြန်လည်စဖို့အတွက် ပူးပေါင်းဆောင်ရွက်မှုမရှိတာ ဒီလိုပဲကျွန်တော်ကမြင်တယ်။"
ပြန်လည်လက်ခံရေးတွေ ဆောင်ရွက်နိုင်ဖို့ကိုလည်း နိုင်ငံခြားရေး အမြဲတမ်း အတွင်းဝန်ပါဝင်တဲ့ ညှိနှိုင်းရေးအဖွဲ့ကို ဘင်္ဂလားဒေ့ရှေ့်ကို စေလွှတ်ထားတယ်လို့လည်း ဆိုပါတယ်။
၂၀၁၇ ခုနှစ် သြဂုတ်လက စတင်ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည် မြောက်ပိုင်း တိုက်ခိုက်မှုတွေ အပြီးမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ဒုက္ခသည် ၇ သိန်းလောက် ထွက်ပြေးသွားခဲ့သလို ထောင်နဲ့ချီတဲ့ နေရပ်စွန့်စွာသူတွေဟာ တောင်ပြို လက်ဝဲမြို့အနီးက ၂ နှစ်နိုင်ငံ နယ်စပ်မျဉ်းမှာ နေထိုင်နေရတာတွေရှိပါတယ်။
မြန်မာအစိုးရဘက်ကတော့ တဖက်နိုင်ငံကို ထွက်ပြေးသွားသူတွေကို ပြန်လည် ဝင်ရောက်ဖို့ လက်ခံရေးစခန်း ၂ ခုကို တောင်ပြိုင်လက်ဝဲနဲ့ ငါးခူရတို့မှာ ဖွင့်လှစ်ထားခဲ့ပြီး အခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့ကတည်းက အဆင့်သင့် ရှိနေပြီ လို့ပြောကြားထားပါတယ်။
မြန်မာအစိုးရအနေနဲ့ ပြန်လည် ဝင်ရောက်လာသူတွေကို လက်ခံဖို့ အဆင်သင့်ရှိနေပေမယ့် လူ ၅ ဦးပါ မိသားစု တစုတည်းသာ တောင်ပြို လက်ဝဲမြို့ လက်ခံရေးစခန်းကနေ တင်ဆင့် မောင်တောမြို့ကို ပြန်လည် ရောက်ရှိ လာခဲ့ပါတယ်။
ပဋိပက္ခဖြစ်ပွားတုန်းက နေရပ်တိမ်းရှောင်တဲ့သူတွေအတွက် စစ်တွေမြို့မှာ ဒုက္ခသည် စခန်း ၂၀ ကျော် ဖွင့်လှစ်ထားခဲ့ပြီး ဒုက္ခသည် စခန်း ၃ ခုကို အပြီးပိတ်သိမ်းခဲ့ပြီး နောက်ထပ် ဒုက္ခသည်စခန်း ၄ ခုကိုတော့ ပိတ်အပြီး ပိတ်သိမ်းဖို့ ဆောင်ရွက်နေတယ်လို့လည်း ဝန်ကြီးကပြောကြားသွားပါတယ်။