ရခိုင်ပြည်နယ်တွင်း မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့အကြား နှစ်ဖက် တိုက်ပွဲတွေကြောင့် ဒေသတွင်း လုံခြုံရေး စစ်ဆေးမှုတွေနဲ့ တင်းကျပ်ထားတဲ့ကြားကပဲ မင်းပြားမြို့နယ်၊ ကျောက်ခုတ်ကျေးရွာ ဥက္ကဌ ဖေဖေါ်ဝါရီ(၁၂)နေ့ညဘက်မှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရပါတယ်။ ဒီလိုပစ်ခတ်လုပ်ကြံခံရမှုနဲ့ပက်သက်ပြီး လူမှုကူညီရေးလုပ်ဆောင်နေတဲ့ မင်းပြားမြို့ နယ် ကျန်းရိပ်ကရုဏာဖောင်ဒေးရှင်း တာဝန်ခံ ဦးသိန်းထွန်းကို ဗွီအိုအေသတင်းထောက်နိုင်ကွန်းအိန်က ဆက်သွယ် မေးမြန်းရာမှာ အခုလိုစတင်ပြောဆိုပါတယ်။
ဖြေ။ ။ ဒီမင်းပြားမြို့နယ် ကျောက်ခုတ်ကျေးရွာ။ ရွာဥက္ကဌဘဲသူက။ မင်းပြားရဲ့တောင်ဖက်ပေါ့။ သူ့နာမယ်က မောင် ကျော်တဲ့။ ဖြစ်စဉ်က မနေ့ည(၈)နာရီကျော်ကျော်လောက်ပြောတယ်အဲဒီရွာသားတွေကတော့။ (၈)နာရီခွဲလောက်မှာ ရွာသားတယောက်နဲ့သူနဲ့က အိမ်ထဲမှာစကားပြောနေကြတာပေါ့။ အဲဒီအချိန်မှာ လူနှစ်ယောက်ပါတယ်လို့ ပြော တယ်။ နောက်ကတယောက် ရှေ့ကတယောက်ပါတယ်လို့ပြောတယ်။ ရှေ့ကလူပမျက်နှာကို ရုပ်ဖျက်ထားတယ်။ ဟိုဟာက သူ့ကိုဖယ်ခိုင်းပြီးတော့ ဟိုလူကိုလိုက်ပစ်တာ။ သူ့အိမ်ခန်းမှာပေါ့ပစ်တာ။ (၄)ချက်ပါခင်ဗျာ။ အဲဒီနေရာ မှာဘဲပွဲချင်းပြီးဆုံးသွားတယ်။”
မေး။ ။ ဟုတ်ကဲ့ ဦးမောင်ကျော်ကို ဘယ်အဖွဲ့အစည်းကနေ ဘာကြောင်းကြောင့်အခုလိုလုပ်ကြံရသလဲဆိုတာ ဘယ်လိုသိရှိထားသလဲခင်ဗျ။
ဖြေ။ ။ အဲတာတော့မသိဘူးခင်ဗျ။ ဘာကြောင့်လဲပစ်တယ်။ ဘာကြောင့်လုပ်ကြံခံရတယ်ဆိုတာ ကျွန်တော်တို့လဲ မသိဘူးခင်ဗျ။ ဘယ်အဖွဲ့အစည်းက ဘယ်သူဘယ်ဝါလာပစ်တာ ဆိုတာမသိရဘူးလေ။”
မေး။ ။ ကာယကံရှင်မိသားစုတွေကကော ဒီပစ်ခတ်သူ ဒီဖြစ်စဉ်ကို ဘယ်လိုပြောဆိုပါသလဲခင်ဗျ။
ဖြေ။ ။ သူ့သမိးလေးကတော့ ပစ်တဲ့လူကိုတော့မြင်လိုက်တာပေါ့နော်။ ဒါပေမဲ့မျက်နှာစုတ်(မက်နှာဖုံး)နဲ့ဆိုတော့ သူကမှန်းမရဘူးလေ။ သူ့သမီးက အသက်က(၈)နှစ်သမီးလေးရှိတာ။”
မေး။ ။ ဒီ ပစ်ခတ်လုပ်ကြံခံရတဲ့ဖြစ်စဉ်မှာ အာဏာပိုင်တွေကကော ဘယ်လိုအရေးယူဆောင်ရွက်မှုတွေရှိပါသလဲ။
ဖြေ။ ။ အာဏာပိုင်တွေက မနက်က ရဲတွေကနေပြီးတော့ အဲဒီရွာကို ညတွင်းချင်းဘဲသွားပြီးတော့ အဲဒီအလောင်းကို စစ်ဆေးတယ်ခင်ဗျ။ ဒီနေ့မနက်(၁၁)နာရီလောက်မှ မင်းပြားကိုရောက်တယ်ခင်ဗျ။ ဒီအာဏာပိုင်တွေက သုံးသပ်ချက် မျိုးတော့မပေးသေးဘူးခင်ဗျ။ သူတို့ကတရားခံကို လိုက်စုံစမ်းတုံးဘဲရှိသေးတယ်။”
မေး။ ။ သေဆုံးသူဦးမောင်ကျော်က နိုင်ငံရေးပါတီ ဒါမှမဟုတ် တခြား လက်ကိုင်အဖွဲ့ အစည်းတွေနဲ့ ဆက်နွယ်မှုရှိပါ သလားခင်ဗျ။
ဖြေ။ ။ သူက ပါတီဝင်လို့မကြားမိဘူးအဲတာတော့။ သူ့မှာတော့ စီးပွါးရေးတွေ လယ်တွေ ဘာတွေလဲရှိမှာပေါ့။”
မေး။ ။ ဟုတ်ကဲ့ လက်ရှိရခိုင်ပြည်နယ်အတွင်းမှာပေါ့နော်။ အစိုးရတပ်မတော်နဲ့ ရခိုင်တပ်မတော်AAတို့အကြားဖြစ် ပွါးနေဆဲ စစ်ရေးတင်းမာမှုကြောင့်ပေါ့နော် ပြည်သူတွေအနေနဲ့လုံခြုံမှုအားနဲလာနေတဲ့အခြေအနေမှာရှိနေတယ်လို့ ပြောဆို နေကြတာပေါ့နော်။ ဆိုတော့ကာ ဒီလိုဖြစ်ပွါးနေတဲ့တိုက်ပွဲတွေအပေါ် ဘယ်လိုအမြင်ရှိပါသလဲခင်ဗျ။
ဖြေ။ ။ နှစ်ဖက်ဖြစ်နေတဲ့ဟာကျတော့ ပြည်သူတွေကနဲနဲစိုးရိမ်ကြတာပေါ့နော်။ စစ်ပွဲတွေဘာတွေရပ်ပြီးတော့ စစ်ပြေး ဒုက္ခသည်တွေလဲတော်တော် များများဖြစ်နေကြတယ်ဆိုတော့ ပြည်သူတွေအနေနဲ့စိတ်မကောင်းဖြစ်တာကလွှဲပြီး ဘာမှ တော့မတတ်နိုင်သေးဘူးခင်ဗျ။ ငြိမ်းချမ်းတာဘဲလိုလားနေကြတာပေါ့။”
မင်းပြားမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ဇန်ဝါရီ(၂၂)ရက်နေ့ က ပန်းမြောင်းကျေးရွာသား တဦးကို အမည်မသိသေနတ် သမားတဦးက လုပ်ကြံ သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်ရှိခဲ့သလို ယနေ့အထိလက်သည်မဖေါ်ထုတ်နိုင်သေးပါဘူး။ ဒါ့အပြင် ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ကိုဖမ်းဆီးတာ နိုင်ငံရေးပါတီဝင်တွေကိုလုပ်ကြံမှုတွေကလဲ ဖြစ်ပွါးနေတာကြောင့် ရခိုင်ပြည်နယ်အတွင်းလုံခြုံရေးအခြေအနေအားနည်းနေဆဲဖြစ်ပါတယ်။