သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ ရွှေနဲ့ ဒေါ်လာအဂတိအမှု အပြီးသတ်လျှေက်လဲ 


ဒေါ်အောင်ဆန်းစုကြည် (ယခင်ပုံဟောင်း)
ဒေါ်အောင်ဆန်းစုကြည် (ယခင်ပုံဟောင်း)

[[Zawgyi/Unicode]]

NLD အစိုးရလက်ထက် ရန်ကုန်တိုင်းဝန်ကြီးချုပ် လာဘ်ထိုးတဲ့ ရွှေနဲ့ ဒေါ်လာငွေတွေ ရယူတယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက တရားစွဲထားတဲ့ အဂတိလိုက်စားမှုအတွက် ဒီနေ့ဖေဖော်ဝါရီ ၂၅ ရက်မှာ နှစ်ဘက်အပြီးသတ်လျှောက်လဲ တင်ပြခဲ့ကြပါတယ်။ ဒီအမှုကို စွဲချက်တင်သင့် မသင့် ရှေ့တပတ်ရုံးချိန်းကျရင် ဆုံးဖြတ်ဖို့ရှိနေပါတယ်။ လက်ရှိ အမှုပေါင်း ၁၃ မှုနဲ့ ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုတွေအတွက် ကြားနာစစ်ဆေးမယ့်ရက်တွေကို အထူးတရားရုံးက ပြောင်းလဲသတ်မှတ်လိုက်တယ်လို့လည်း စုံစမ်းသိရပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို မခင်ဖြူထွေးကတင်ပြပေးထားပါတယ်။

NLD အစိုးရလက်ထက်မှာ ရန်ကုန်တိုင်းထဲက လုပ်ငန်းဆောင်ရွက်မှုတွေ ထောက်ခံပေးဖို့နဲ့ ကာကွယ်ပေးဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပေးတဲ့ ဒေါ်လာငွေ ၆ သိန်းနဲ့ အခေါက်ရွှေ ၇ ပိဿာ လက်ခံရယူတယ်လို့ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုနဲ့ တရားစွဲထားတဲ့အမှုအတွက် နေပြည်တော် အထူးတရားရုံးမှာ ဒီနေ့ ၂ ဘက် အပြီးသတ် လျှောက်လဲချက်တွေတင်ပြခဲ့ကြပါတယ်။ ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ရွှေနဲ့ဒေါ်လာတွေ ပေးခဲ့ရတယ်လို့ ပြောဆိုခဲ့ပေမယ့် တကယ်ပေးခဲ့တယ်ဆိုတာကို ဦးဖြိုးမင်းသိန်းကိုယ်တိုင်ကရော တရားလိုပြသက်သေကပါ ခိုင်ခိုင်မာမာ သက်သေပြနိုင်ခဲ့ခြင်း မရှိ တဲ့အချက်ကို ဒေါ်အောင်ဆန်းစုကြည်ဘက်က ရှေ့နေတွေက တင်ပြခဲ့တယ်လို့ စုံစမ်းသိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က လက်ခံယူတယ်ဆိုတဲ့ စွပ်စွဲချက်သာရှိပြီး စစ်အာဏာသိမ်း တဲ့နေ့က ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီး သူ့ပိုင်ဆိုင်မှုတွေကို ထိန်းသိမ်းစဉ်က အဲဒီရွှေနဲ့ ဒေါ်လာတွေ စာရင်းလည်းမပါဘူးဆိုတဲ့ အချက်ကို ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေဘက်က တရားရုံးမှာ တင်ပြခဲ့ကြပါတယ်။

ဒီနေ့ကြားနာပွဲမှာ ဒီအမှုအတွက် နှစ်ဘက်လုံးက အပြီးသတ်လျှောက်လဲခဲ့ကြပြီးဖြစ်လို့ ရှေ့သီတင်းပတ်ရုံးချိန်းကျရင် အမှုကို စွဲချက်တင်သင့် မသင့် ဆုံးဖြတ်ဖို့ရှိနေပါတယ်။

နေပြည်တော်မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် မြေနေရာနှစ်ခုရယူမှု၊ နေအိမ်ဆောက် မှုတွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်၊ NLD အစိုးရသမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ ၃ ယောက်အပေါ် တရားစွဲထားတဲ့ အမှု ၄ ခုအတွက်လည်း ဒီနေ့ ကြားနာဖို့ ရုံးချိန်းပေးထားခဲ့တာပါ။ ဒါပေမဲ့ ဒီအမှုတွေအတွက် တရားလို စစ်ကောင်စီဘက်က သက်သေထွက်ဆိုမယ့် နေပြည်တော် စည်ပင်သာယာရေးကော်မတီက အရာရှိ ဒေါက်တာပွင့်သန္တာကျော် သင်တန်းရှိလို့ မလာနိုင်တဲ့အတွက် မကြားနာနိုင်ခဲ့ပါဘူး။ နောက်တခေါက် ရုံးချိန်းကျရင် ဒေါက်တာပွင့်သန္တာကျော်အပြင် နောက်ထပ် လိုပြသက်သေတဦးဖြစ်တဲ့ ရန်ကုန် စည်ပင်သာယာရေး ကော်မတီအရာရှိ ဦးအောင်မျိုးဦး တို့ကိုပါ စစ်ဆေးမယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အဂတိလိုက်စားမှုတွေကို အရင်က သောကြာနေ့တိုင်းမှာ ပုံမှန်စစ်ဆေးနေပေမယ့် ရှေ့သီတင်းပတ်ကစပြီး ရက်တွေ ပြောင်းလဲ ကြားနာဖို့ လည်း နေပြည်တော်အထူးတရားရုံး တရားသူကြီးက ရက်ချိန်တွေပေးခဲ့ပါတယ်။ ဒါကြောင့် ဦးဖြိုမင်းသိန်းဆီက ရွှေနဲ့ဒေါ်လာတွေယူတယ်ဆိုတဲ့ အမှုအပါအဝင် နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် မြေနဲ့အဆောက်အဦးတွေ ရယူခဲ့မှုနဲ့ဆိုင်တဲ့ အဂတိအမှု ၅ မှုကို တနင်္လာနေ့တိုင်းမှာ ကြားနာမှာဖြစ်ပါတယ်။ ရဟတ်ယာဉ် ငှားရမ်းမှု၊ ဝယ်ယူမှုနဲ့ဆိုင်တဲ့ အဂတိလိုက်စားမှု ၅ မှုကိုတော့ အပတ်စဉ် အင်္ဂါနေ့တိုင်းမှာ ကြားနာသွားမှာဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်လို့ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၀-က နဲ့ တရားစွဲခံထားရတဲ့ အမှုကိုတော့ သောကြာနေ့တိုင်း ကြားနာသွားမှာဖြစ်ပါတယ်။
စီးပွားရေးပညာရှင် Sean Turneall နဲ့အတူ တရားစွဲခံထားရတဲ့ နိုင်ငံတော်လျို့ဝှက်အက်ဥပဒေ ချိုးဖောက်မှုကိုတော့ အရင်အတိုင်း ကြာသပတေးနေ့မှာ ဆက်လက် ကြားနာသွားမယ်လို့ သိရပါတယ်။

အမှုပေါင်း ၁၃ မှုနဲ့ လက်ရှိရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေကို တပတ်မှာ ၄ ရက် ပြောင်းလဲကြားနာဖို့ တရားသူကြီးက ပြောင်းလဲ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် စီးပွားရေးသမားမောင်ဝိတ်ဆီကနေ ဒေါ်လာ ငါးသိန်းခွဲကို ၂၀၁၉ နဲ့၂၀၂၀ ပြည့်နှစ်အတွင်း ၄ ကြိမ်ခွဲ လက်ခံရယူခဲ့တယ်ဆိုပြီး တရားစွဲထားတဲ့ အဂတိအမှုကတော့ ခုချိန်ထိ နေပြည်တော်အထူးတရားရုံးကို မရောက်လာသေးတဲ့အတွက် ဒီအမှုကိုဘယ်နေ့ စ စစ်မလဲ ဆိုတာမသိရသေးပါဘူး။

ဒီကနေ့ ရုံးချိန်းလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကောင်းမွန်တယ်လို့ စုံစမ်းသိရပါတယ်။ စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် လောလောဆယ်အထိ အမှုပေါင်း ၁၈ မှုနဲ့ တရားစွဲခဲ့ပြီး ၅ မှုအတွက် ထောင်ဒဏ် ၆ နှစ် ပြစ်ဒဏ်ချမှတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]










=================

XS
SM
MD
LG