သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွတ်ခိုင်အခြေစိုက် စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရ


ကိုးကန့်(MNDAA)မှ စစ်မြေပြင်တွင်သိမ်းဆည်းရရှိသောပစ္စည်းများ (ဇွန်၊၂၀၂၃)
ကိုးကန့်(MNDAA)မှ စစ်မြေပြင်တွင်သိမ်းဆည်းရရှိသောပစ္စည်းများ (ဇွန်၊၂၀၂၃)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့က စစ်ကောင်စီတပ်စခန်းကို ယမန်နေ့ညက KIA ကချင်တပ်ဖွဲ့က သွားရောက် ပစ်ခတ်ခဲ့ပြီး နာရီဝက်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒီရက်ပိုင်းတွေအတွင်း ကွတ်ခိုင်မြို့နယ်အတွင်းမှာ နေ့စဉ်ဆိုသလို တိုက်ပွဲဖြစ်ပွားနေပြီး ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့အကြားမှာ စစ်ရေး တင်းမာမှုတွေ ရှိနေပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။

ကွတ်ခိုင်မြို့အတွင်း ပစ်ခတ်တိုက်ခိုက်မှုဟာ တနင်္ဂနွေနေ့ည ၉နာရီ ဝန်းကျင်လောက်မှာဖြစ်ပွားခဲ့တာပါ။ ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဒေသခံတဦးက VOA ကို အခုလို ပြောပါတယ်။

“မနေ့က တပ်ထဲကို လာပစ်ကြတာလေ။ ၈နာရီခွဲလောက် ရှိမှာပေါ့။ ဟုတ်တယ်။ ဗျူဟာကုန်းဘက်မှာ။ နာရီဝက်လောက်တော့ ကြာမယ်ထင်တယ်။ အထိအခိုက်တော့ ဘာမှ မကြားမိဘူး။ အပျက်အဆီးလည်း ဘာမှ မကြားမိဘူးဗျ။”

အခြားဒေသခံတဦးကလည်း ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

“မနေ့က ညပိုင်းဖြစ်တာ။ ၈နာရီခွဲကျော်ကျော် ၉နာရီ မတ်တင်းလောက်၊ အဲလောက်လောက် အချိန်မှာ ဖြစ်တာ။ ဒီ တိုးဂိတ်ဘက်တွေ ၊ ၂၄၂ဘက်တွေ အဲဒီဘက်ဖြစ်တယ်။ သူတို့က ဗျူဟာကုန်းတို့၊ ၄၅တို့၊ ၂၄၁၊ ၂၄၂ တို့ ၊ အမြှောက်တပ်တို့က တဆက်တည်းရှိတာကိုး။ နာရီဝက်လောက်တော့ ကြာမယ်။ သူက လက်နက်အသေးတွေ ဘာတွေ တောက်လျောက်ပစ်။ ပြီးရင် အကြီးတွေက ပြန်ပစ်။ ပစ်ပြီးတော့ ခြားလိုက်၊ ပြန်ပစ်လိုက်၊ အဲလိုမျိုးပဲ။ ပြီးတော့ ငြိမ်သွားတာပဲ။”

ဒေသခံတွေကတော့ လာရောက်ပစ်ခတ်တဲ့အဖွဲ့ဟာ KIA ဖြစ်တယ်လို့ ပြောဆိုသလို ဒေသတွင်း သတင်းမီဒီယာတွေကလည်း KIA က လာရောက် တိုက်ခိုက်တာဖြစ်ကြောင်း ဖော်ပြကြပါတယ်။

ဒီရက်ပိုင်းအတွင်း ကွတ်ခိုင်မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲငယ်တွေ မကြာခဏ ဖြစ်နေကြောင်းလည်း အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။

“မနေ့ကလည်းဖြစ်တယ်။ တမြန်နေ့ကလည်းဖြစ်တယ်။ ဟိုးအရင်ရက် တရက်လည်း ဖြစ်တော့လေ၊ နေ့တိုင်းလိုလိုဖြစ်နေတော့ အထူးအဆန်းကြီးတော့ မဟုတ်တော့ဘူးလေနော်။ ဒါပေမဲ့ အဲလိုမျိုး အကြာကြီးဖြစ်တာ မရှိဘူးလေနော။ တခါတလေဆို ၁၀မိနစ်၊ ၁၅မိနစ်ဖြစ်လိုက်၊ လက်နက်ကြီးပစ်လိုက်။ သူက တပ်ထဲကနေပြီးတော့ ပုံမှန် တရက်ကိုတော့ အနည်းဆုံး ၂ကြိမ်၊ ၃ကြိမ်တော့ ပစ်နေကြတာ။”

ဒီလ ၁၁ရက်နေ့ မနက်ပိုင်းက ကွတ်ခိုင်မြို့နယ် လွယ်ဆိုင်ကုန်းနဲ့ ၉ရက်နေ့ကတော့ ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ရွာနဲ့ နောင်ဆွေရွာကြားမှာ စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲဖြစ်ခဲ့ကြောင်း ကချင်သတင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။

ကွတ်ခိုင်မြို့တိုက်ပွဲနဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ KIA ပြန်ကြားရေးတာဝန်ခံကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီလ ၁၁ရက်နေ့က လားရှိုးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်အကြား တိုက်ပွဲဖြစ်ပွားကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

MNDAA ရဲ့ ပြန်ကြားရေးအဖွဲ့ဝင် ကိုရန်နိုင်က ဒီသတင်းကို မကြားသိရသေးကြောင်း ပြောဆိုပြီး လက်ရှိမှာတော့ ကိုးကန့်ဒေသ တာရွှေထန်ဘက်မှာ စစ်ကောင်စီဘက်က တပ်အင်အားတိုးချထားပြီး နှစ်ဘက် စစ်ရေးတင်းမာမှုတွေ ရှိနေကြောင်း ပြောပါတယ်။

“ ၅ရက်နေ့အထိ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ၅ရက်နေ့ နောက်ပိုင်းကတော့ တိုက်ပွဲက မရှိ သလောက် ဖြစ်သွားပါတယ်ခင်ဗျ။ တိုက်ပွဲက ငြိမ်နေပြီးတော့မှ အင်အားတွေ တိုးနေတာပေါ့နော။ ကိုးကန့် တာရွှေထန်ဘက်ကို တိုးတာပါဗျ။ သိထားသလောက်တော့ အစီး ၂၀ကျော်ကျော်လောက်ရှိတယ်။ စစ်ရေးကတော့ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ကတော့ ရန်သူ့ရဲ့ ထိုးစစ်ဆင်မှုကို သတိထားနေနေရတဲ့ အခြေနေပါဗျ။ ”

ဒီလ ၁ရက်နေ့က MNDAA ကိုးကန့်၊ TNLA တအန်း(ပလောင်)နဲ့ AA ရခိုင်အဖွဲ့တွေပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့မှာ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို တရုတ်အစိုးရက ကမကထပြုပြီး ၃ရက်ဆွေးနွေးဖို့ ရည်ရွယ်ထားပေမဲ့ ဒုတိယနေ့မှာ ရပ်နားခဲ့ပါတယ်။ တချိန်တည်းမှာပဲ စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ၅ရက်နေ့မှာ MNDAA တပ်ဖွဲ့က လားရှိုးမြို့အတွင်း ထိ ဝင်ရောက်တိုက်ခိုက်တာတွေ ဖြစ်ခဲ့ပါတယ်။ ရှမ်းမြောက်ဒေသ တိုက်ပွဲသတင်းနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG