(Zawgyi/Unicode)
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ထဲက ကျေးတချို့ရွာတွေကို စစ်တပ်က ဝင်ရောက်နယ်မြေရှင်းလင်းရေးလုပ်နေတာမှာ ရွာသားတချို့ ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်တွေ ဝင်လာလို့ ထွက်ပြေးနေကြရတဲ့ ရွာသားတွေဟာလည်း နေရပ် မပြန်ရဲကြသေးဘဲ ဒုက္ခရောက်နေကြပါတယ်။ ဒီကြောင်း ရန်ကုန်ကလာတဲ့ သတင်း မဆုမွန်ပြောပြပါမယ်။
တန့်ဆည်မြို့နယ်ထဲက ကျေးရွာတချို့မှာ ဒေသခံကာကွယ်ရေး PDF အဖွဲ့တွေ လှုပ်ရှားနေနိုင်တယ်ဆိုတဲ့ သံသယနဲ့ စစ်တပ်က ဝင်ရှာနေတာလို့ ဒေသခံတွေက ပြောပါတယ်။ အခုနောက်ဆုံး တောင်ချောင်း၊ နကူး၊ လိပ်ခြံ၊ ရွာသစ်ကုန်း၊ မုန်တိုင်ကျဉ်း၊ ဆင်သင် စတဲ့ ကျေးရွာတွေဘက် စစ်တပ်ကဝင်ရှာပြီး ရွာသားတချို့ကို ဖမ်းဆီးခဲ့တဲ့အတွက် ထောင်နဲ့ချီတဲ့ ရွာသားတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
သြဂုတ်လ ၂၉ ရက် ညနေပိုင်းကလည်း လိပ်ခြံရွာထဲမှာ စစ်တပ်အင်အား ၈၀ လောက်ဝင်လာပြီး ဒေသခံတွေကို ဖမ်းခေါ်သွားတယ်လို့ ကိုယ်တိုင်ထွက်ပြေးနေရသူ လိပ်ခြံရွာခံတဦးက ဗွီအေအိုကို ပြောပါတယ်။
“ဝင်ဝင်ချင်းတော့ သူတို့ဖမ်းကြတာပေါ့ဗျ၊ ရွာထဲမှာရှိတဲ့လူကြီးတွေ မပြေးနိုင်မလွှားနိုင်တဲ့လူတွေ ကျနော်တို့ ကယ်ထုတ်ရတဲ့ အနေအထားမျိုးမှာ ကျနော်တို့ ရွာထဲမှာ နောက်မနက်ခင်းလိုက်လာမှ ကျနော်တို့ ဦးမြင့်အောင်ဆိုသူကို အဲ့မှာ သူတို့လက်ကောက်ကို ရိုက်ချိုးပြီးတော့ာ ခေါင်းကို သေနတ်နဲ့ ပစ်သွားတယ်ပေါ့ဗျာ၊ တယောက်တော့ ဆုံးရှုံးမှုရှိတယ်ပေါ့ ၁၂ ယောက်ကတော့ ကျနော်တို့ အဖမ်းခံထားရတယ်ဗျ။”
လက်ရှိထွက်ပြေးနေရသူ လူဦးရေ ၂,၅၀၀ လောက် ရှိပြီး တောတောင်ထဲမှာ ဖြစ်သလို စားသောက်နေထိုင်နေကြရတယ်လို့လည်း ပြောပါတယ်။
“(စစ်ကောင်စီတပ်) ရွာထဲမှာ ၂၀ လောက် အရင်ဝင်ပြီးတော့ အဲ့မှာ သူတို့ အရပ်ဝတ်တွေနဲ့ အရင်ဝင်တာပေ့ါဗျ ပြီးတော့မှာ သူတို့အဲ့မှာ နောက်က ၇၀၊ ၈၀ လောက် နောက်ထပ် ထပ်ဝင်လာတယ်၊ ကျနော်တု့ိဆီဝင်လာတော့ ကျနော်တို့ဒေသ ပတ်ဝန်းကျင်မှာရှိတဲ့ နှစ်ရွာ သုံးရွာလောက် အဲ့လိုပဲ ကျနော်တို့လာတော့ အဲ့လိုပဲ ထွက်ပြေးကြတယ်ဗျ၊ ခန့်မှန်းခြေ လူစာရင်းကတော့ လူဦးရေ ၂,၅၀၀၊ ၃,၀၀၀ ဝန်းကျင် ၂,၅၀၀ လောက်တော့ ရှိမယ်ဗျ၊ ဒုက္ခတွေရောက်ကြတယ်ဗျ ဘာလဲဆိုတော့ တချို့လည်း ကိုယ်နီးစပ်ရာ ရွာလေးတွေမှာ အဲ့လိုကပ်ကြတဲ့ သူတွေလည်းရှိတယ် ပြီးတော့ အခုတောတောင်ထဲမှာရှိတဲ့ အနေအထားမှာ ကိုယ်ဟာ့ကိုယ် ဖြစ်သလိုလေးတွေနဲ့ အဲ့လိုနေထိုင်စားသောက်ရတာလေးတော့ ရှိတယ်ပေါ့ဗျ အခုချိန်ထိပေါ့။”
စစ်တပ်ပြန်ထွက်သွားတဲ့ ရွာတချို့က ရွာသားတွေ နေရပ်ပြန်သူရှိပေမဲ့ လိပ်ခြံရွာကတော့ ရွာသားတွေကတော့ မပြန်ကြသေးဘူးလို့ ရေရှင်ရွာခံတဦးက ပြောပါတယ်။
“ဖမ်းထားတဲ့သူ ၁၂ ယောက်က လိပ်ခြံကရှိတယ်လေ။ အဲ့ဒါ ဘယ်လိုအဖြေမှန်းမသိလို့ လိပ်ခြံအဖွဲ့က မပြန်သေးဘူး ကျနော်တို့ ကျန်တဲ့ နကူးတို့ တောင်ချောင်းတို့ပြန်သွားကြပြီ၊ လိပ်ခြံအဖွဲ့က ၁၂ ယောက် ဖမ်းခံထားတာ ဘာမှန်းမသိညာမှန်းမသိနဲ့ (အသက်) ၅၀ ကျော်က လေးယောက် ကျန်တာကတော့ ၃၀ ကျော် ၂၀ ကျော်ပေါ့ဗျာ ကလေး နှစ်ယောက် ပြီးတော့ စိတ်ဝေဒနာရှင် နှစ်ယောက် ပါသွားသေးတယ်။”
စစ်တပ်ကိုကြောက်လန့်လို့ ထွတ်ပြေးပုန်းရှောင်တဲ့အထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကလေးငယ်တွေ နောက်ပြီး အသက် ၈၀၊ ၉၀ ကျော်အရွယ် အဖိုးအဖွားတွေလည်း ထွက်ပြေးနေရပါတယ်။ ထွက်ပြေးနေကြရသူတွေဟာ ဖျားနားနေကြသူလည်း ပါတယ်လို့ ပရဟိတကူညီပေးနေရသူက ပြောပြပါတယ်။
“RPG လိပ်ခြံရွာကို ပစ်လိုက်တာလေ ပစ်တော့ လိပ်ခြံရွာက ထွက်ပြေးလာတာ ကျနော်တို့ ပရဟိတကားတွေ ဝိုင်းဝန်းပြီး အားလုံးစစ်ပြေးဒုက္ခသည်တွေကို နေရာချပေးထားတာ၊ ဘာမှတိုက်ပွဲမဖြစ်ဘူး ဘာမှမဖြစ်ဘူး (စစ်ကောင်စီ) သူတို့ဝင်ဝင် ပစ်ပစ်ပြီးတော့ လုပ်တာ အဲ့လိုပဲဖြစ်တာ ဘာမှတိုက်ပွဲမရှိဘူး PDF တွေလည်း မရှိဘူး။ သူတို့အထင်နဲ့ စွတ်ပြီးပစ်တာ။ ကျနော်တို့ ဒီစားဝတ်နေရေးနဲ့ ကျန်းမာရေး တချို့လည်း ဝမ်းလျှောတာတွေ ဖျားနာတာတွေ ပါတယ်ပေါ့လေ ဒါတော့ ကျနော်တို့ ပရဟိတအသင်းတိုင်းကနေပြီး အတတ်နိုင်ဆုံး ပြေလည်အောင် ဟိုဘက်လှမ်း ဒီဘက်လှမ်းဆက် ကူညီထောက်ပံ့ထားတာပေ့ါ ပြေးတဲအထဲ ကလေးတွေရော ဗိုက်ကြီးသည်မတွေရော ကျောင်းသားတွေရော အဖိုးကြီး ၇၀ ကျော် ၈၀ ကျော်ပါတယ် ၉၀ ကျော် ၅ ဦး ၆ ဦးလောက်ပါတယ်။”
စစ်ကိုင်းတိုင်းထဲက ဒေသတချို့မှာ စစ်တပ်နဲ့ PDF အဖွဲ့တွေကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိပေမဲ့ အခုစစ်တပ်ဝင်ရှာနေတဲ့ တန့်ဆည်ဘက်မှာတော့ တိုက်ပွဲမရှိပါဘူး။ ဒါပေမဲ့ PDF တွေ လှုပ်ရှားနေနိုင်တယ်ဆိုတဲ့ သံသယနဲ့ စစ်တပ်က လက်နက်အင်အားအပြည့်နဲ့ တရွာဝင် တရွာထွက် တောနင်းရှာဖွေ ဖမ်းဆီးတာတွေ လုပ်နေတာလို့ ထွက်ပြေးပုန်းရှောင်နေရတဲ့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ ခုလိုရွာတွေဝင်ရောက်ရှာဖွေမှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ပြောဆိုတာမရှိသေးပါဘူး။
..................................................................................................
(Unicode)