ရွှေ့ပြောင်းအိမ်အကူလုပ်သားတွေ အလုပ်သမားအခွင့်အရေးနဲ့ အကာအကွယ်မရတာကြောင့် အရှေ့တောင်အာရှဒေသ လုပ်သားဈေးကွက်မှာ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမှုနဲ့ အဓမ္မ ခိုင်းစေခံရမှုတွေကို ဦးတည်သွားစေတယ်လို့ နိုင်ငံတကာ အလုပ်သမား အဖွဲ့ကြီး ILO က ပြောဆိုထားပါတယ်။ မလေးရှား၊ စင်္ကာပူနဲ့ ထိုင်းတို့မှာ သုတေသန ပြုလုပ်ထားတဲ့ ILO ရဲ့ အစီရင်ခံစာသစ်မှာတော့ မြန်မာရွှေ့ပြောင်းလုပ်သားတွေလည်း ဒီလိုအခြေအနေ ကြုံနေရကြောင်း ဖော်ပြထားတာပါ။ ဒီသီတင်းပတ် စီးပွားရေးအစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
အိမ်အကူလုပ်သားတွေဟာ အိမ်တွင်း အလုပ်အကိုင် ပေါင်းစုံကို လုပ်ကိုင်နေရပေမဲ့ သူတို့ရဲ့ လုပ်အားကိုတော့ အလုပ်ချိန်၊ လုပ်အားခတို့နဲ့ အသိအမှတ်ပြုခံရခြင်း မရှိဘူးလို့ ကုလသမဂ္ဂအဖွဲ့အစည်း တခုဖြစ်တဲ့ ILO နိုင်ငံတကာ အလုပ်သမားများအဖွဲ့ချုပ်က ပြောဆိုပြီး ပြောင်းလဲဖို့ လိုအပ်နေပြီလို့ ထောက်ပြလိုက်ပါတယ်။ နိုင်ငံတကာ အိမ်အကူ လုပ်သားများနေ့ ဖြစ်တဲ့ ဇွန်လ ၁၆ ရက်နေ့မှာတော့ ILO အဖွဲ့ကြီးရဲ့ ညွှန်ကြားရေးမှူးချုပ် Gilbert F. Houngbo က နိုင်ငံတွေ အနေနဲ့ ILO ရဲ့ အိမ်အကူ လုပ်သမားများ သဘောတူစာချုပ် အမှတ် ၁၈၉ အတည်ပြု လက်မှတ်ထိုးကြဖို့ တိုက်တွန်းပါတယ်။
“ အလုပ်သမားနဲ့ လူမှု ဖူလုံရေး ဥပဒေတွေထဲမှာ ဒါမှမဟုတ်လည်း မူဝါဒတွေထဲမှာ အိမ်အကူ လုပ်သားတွေ မကျန်ရစ်ရအောင် အသေအချာ ဆောင်ရွက်ကြဖို့ တိုက်တွန်းပါတယ်။ လူမှုအသိုင်းအဝိုင်းအတွင်း ပြုစု စောင့်ရှောက်မှု ပေးနေတဲ့ အခြေခံ အကျဆုံး လူပုဂ္ဂိုလ်တွေ အတွက် ဂုဏ်သိက္ခာနဲ့ အညီ အလုပ်အကိုင်ကောင်းတွေ မရှိဘူးဆိုရင် လူမှုရေး တရားမျှတမှုလည်း မရှိဘူး။ ”
အရှေ့တောင် အာရှ ဒေသတွင်းက အမျိုးသမီးတွေနဲ့ ရွှေ့ပြောင်းတွေ အများစု လုပ်ကိုင်ကြတဲ့ အိမ်အကူ အများစုကို ကျွမ်းကျင် လုပ်သားတွေ အဖြစ် မသတ်မှတ်ကြဘဲ အိမ်အကူ လုပ်ကိုင်ကြသူတွေဟာ ခံစားခွင့် ကောင်းကောင်းမရသလို လုပ်ခလစာလည်း နည်းပါးတယ်လို့ ILO ရဲ့ လေ့လာချက်က ဖော်ပြပါတယ်။ မလေးရှား၊ စင်္ကာပူနဲ့ ထိုင်းနိုင်ငံတို့မှာ စစ်တမ်း ကောက်ယူ ပြုစုခဲ့တဲ့ Skilled to Care, Forced to Work? ပြုစုစောင့်ရှောက်ရေး ကျွမ်းကျင်မှု၊ အဓမ္မ ခိုင်းစေခံနေရလား ဆိုတဲ့ အစီရင်ခံစာကို ကုလသမဂ္ဂ အဖွဲ့အစည်း ဖြစ်တဲ့ နိုင်ငံတကာ အလုပ်သမား အဖွဲ့ကြီး ILO က ထုတ်ပြန်ပါတယ်။ ရွှေ့ပြောင်း အိမ်အကူ လုပ်သားတွေကြားမှာ အဓမ္မခိုင်းစေခံရမှုနှုန်းဟာဆိုရင် မလေးရှားမှာ ၂၉ ရာခိုင်နှုန်း၊ စင်္ကာပူမှာ ၇ ရာခိုင်နှုန်းနဲ့ ထိုင်းမှာ ၄ ရာခိုင်နှုန်းလောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
စင်္ကာပူနဲ့ ထိုင်းနိုင်ငံတွင်း အိမ်အကူ လုပ်သားတွေကို စစ်တမ်း ကောက်ယူခဲ့ပေမဲ့ မလေးရှားနိုင်ငံတွင်းက မြန်မာ ရွှေ့ပြောင်းအိမ်အကူတွေကိုတော့ စစ်တမ်းမှာ ကောက်ယူနိုင်ခဲ့ခြင်း မရှိပါဘူး။ မလေးရှားနိုင်ငံမှာလည်း မြန်မာရွှေ့ပြောင်းတွေ အိမ်အကူလုပ်ငန်း ကဏ္ဍမှာ ဝင်ရောက် လုပ်ကိုင်နေကြတာပါ။ မလေးရှားက မြန်မာ အိမ်အကူ လုပ်သားတွေ အပါအဝင် ရွှေ့ပြောင်းလုပ်သားများ အရေး ဆောင်ရွက်နေတဲ့ မလေးရှား မြန်မာ ရွှေ့ပြောင်းလုပ်သားများ ကော်မတီရဲ့ ဥက္ကဋ္ဌ ဒေါ်သူဇာမောင်ကတော့ မြန်မာအိမ်အကူတွေက တခြားနိုင်ငံက ရွှေ့ပြောင်း အိမ်အကူတွေနဲ့ ယှဉ်ရင် လစာပိုပြီး နည်းတယ်လို့ ဗွီအိုအေကို ပြောပါတယ်။
ဒေါ်သူဇာမောင်။ ။လက်ရှိပေါက်နေတဲ့ပေါက်ဈေး ၂၀၀၀၊ ၂၃၀၀ (ရင်းဂစ်) ပေါက်တယ်။ ကျွန်မတို့ သိသလောက်ပေါ့လေ။ တလကိုပေါ့နော်။ အဲလိုမျိုး အဲဒီမှာ မြန်မာလုပ်သားအိမ်အကူဆိုလို့ရှိရင် ဘယ်တော့မှ အဲ့ဈေး ကျွန်မတို့ မကြားဖူးဘူး။ ကျွန်မတို့ ကူညီနေတဲ့အတောအတွင်းမှာ အများဆုံးရ ၁၅၀၀ (ရင်းဂစ်) ပဲ။ အခုအမျိုးသမီးတယောက်ဆိုရင် ကျွန်မမိတ်ဆွေတယောက်ပါပဲ။ သူ့ကို ကျွန်မ ကိုဗစ်ကာလမှာပဲ ထည့်ပေးထားတယ်။ ဒီအမျိုးသမီးက စဝင်ခါစ ၁၂၀၀နဲ့ဝင်သွားတယ်။ အခုအချိန်ထိ သူ ၁၅၀၀ပဲ ရှိသေးတယ်။ ၂ နှစ်ကျော်သွားပြီပေါ့။ အဲဒီအချိန်မှာ သူနဲ့အတူလုပ်နေတဲ့ အင်ဒိုနီးရှားအိမ်အကူရှိတယ်။ အဲဒီအင်ဒိုနီးရှားအိမ်အကူက တလကို ၂၅၀၀ ရတယ်ရှင့်။ အဲဒီတော့ ဘယ်လိုပြောမလဲ။ တကယ်တမ်း ဘာကွာလဲဆိုတော့ ဒီဘက်က မြန်မာအိမ်အကူက လူနာကိုကြည့်ရတာ ပိုတောင်ပိုသေးတယ်ပေါ့နော်။ ဒါပေမယ့် မလေးရှားအနေနဲ့ သူတို့လက်ခံထားတာက အင်ဒိုနီးရှားအိမ်အကူတွေဆိုရင် ဒီလောက်၊ မြန်မာအိမ်အကူတွေဆို ဒီလောက် အဲဒီလို ပုံသေနည်းတွေဖြစ်နေတာပေါ့လေ။"
သိင်္ဂီထိုက်။ ။ဟုတ်ကဲ့ရှင့်။ လုပ်ခလစာအပိုင်းမှာရော စက်ရုံမှာ လုပ်တဲ့လူတွေနဲ့ အိမ်အကူလုပ်တဲ့လူတွေနဲ့ ကွာခြားမှုရှိပါသလားရှင်။
ဒေါ်သူဇာမောင်။ ။ရှိတာပေါ့ရှင်။ ရှိတာပေါ့။ အိမ်အကူမှာ ကျွန်မအခုမြင်ရသလောက် ကျွန်မတို့ ကိုဗစ်ကာလမှာ အိမ်အကူပေါ့နော်။ နောက်ဆုံးအနေနဲ့ အိမ်အကူရှိရင် အိမ်အကူပဲလုပ်ပါတော့မယ်။ ကျွန်မအနေနဲ့.. ဒီအလုပ်ကိုမရရင် ဗမာပြည်ပြန်ရတော့မှာ။ ဗမာပြည်ပြန်ဖို့အတွကလည်း ကျွန်မတို့က အဆင်မပြေဘူး။ ဒါကြောင့် ရှိတဲ့အလုပ်လေးကိုရှာပေးပါ။ ဆိုပြီး ကျွန်မတို့ဆီကို job opportunity (အလုပ်အကိုင်အခွင့်အလမ်း) အနေနဲ့လာရှာတဲ့ အမျိုးသမီးတွေပေါ့နော်။ အမျိုးသမီးတွေရော အမျိုးသားတွေရောရှိတယ်။ ရှိတဲ့အခါကျ ကျွန်မတို့ကလည်း ချိတ်ပေးလိုက်တယ်။ ချိတ်ပေးလိုက်တဲ့အခါမှာ စက်ရုံတရုံမှာဆိုတာကကျတော့ သူ့ရဲ့ skill (ကျွမ်းကျင်မှု) အပေါ်မှာ မူတည်ပြီးတော့ စပြီးဝင်ပြီဆိုတာနဲ့ ဘယ်အချိန်ကနေ ဘယ်အချိန်ထိ အပိုင်းလေးရှိတာပေါ့နော်။ အိမ်အကူဆိုတာကျတော့ တခါတည်း သူ့ဆီကိုလိုက်သွားတယ်ဆိုရင်လေ မနက် ၈နာရီကနေ ညနေ ၅နာရီထိဆိုတာလည်း မဟုတ်ဘူး။ အိမ်မှာနေရတယ် သူတို့အခန်းပေးထားတယ်။ အဲဒီလိုပေါ့နော်။ အိမ်ရှင်နဲ့ ထပ်တူနေရတယ်။ ကလေးပါရင် ကလေးထိန်းရတယ်။ လူကြီးပါရင် လူကြီး။ သူတို့မှာ ဘယ်လိုပြောမလဲ။ အလုပ်လုပ်တဲ့အလုပ်ချိန်က တခြားစက်ရုံက အလုပ်ချိန်တွေထက်စာရင် ပိုများတယ်။ ဒါပေမယ့် ရတဲ့ငွေကျတော့ ကျွန်မသိသလောက် အခု ကျွန်မမှာရှိနေတဲ့ အတွေ့အကြုံအရ ကျွန်မတို့ အိမ်အကူလုပ်ငန်းကိုရှာပေးလိုက်တဲ့ အမျိုးသမီးအနေနဲ့ လုပ်ခလစာ ပထမဆုံးဝင်တဲ့အချိန်မှာ ၁၂၀၀ပဲရတယ်။ ဒါ ၂၀၂၁ခုနှစ်က ဝင်တာပေါ့နော်။ ၁၂၀၀ပဲရတယ်။ ရင်းဂစ် ၁၂၀၀ ပေါ့နော်။ အခုအချိန်မှာ ၂၀၂၃ မှာ သူ့ရဲ့လုပ်ခလစာ ရင်းဂစ် ၁၅၀၀ ပဲ ရတယ်။
နိုင်ငံတကာ အလုပ်သမား အဖွဲ့ကြီး ILO က ၂၀၁၁ ခုနှစ် ဇွန်လ ၁၆ ရက်နေ့မှာ ချမှတ်ခဲ့တဲ့ အမှတ် ၁၈၉ အိမ်အကူ လုပ်သားများဆိုင်ရာ သဘောတူစာချုပ်ဟာ ဆိုရင် အိမ်အကူ လုပ်သားတွေကိုလည်း တခြားသော အလုပ်တွေ နည်းတူ တန်းတူညီမျှ ကာကွယ်ပေးသင့်ကြောင့် အသိအမှတ်ပြုထားတာ ဖြစ်ပါတယ်။ အနိမ့်ဆုံး လုပ်ခလစာ၊ အမြင့်ဆုံး အလုပ်ချိန် သတ်မှတ်ချက်၊ အချိန်ပိုကြေး၊ အားလပ်ရက်၊ လူမှုဖူလုံရေး ခံစားခွင့်နဲ့ တခြားသော အကြောင်းအရာတွေ ပါဝင်ပါတယ်။ အိမ်အကူ လုပ်ငန်းဟာလည်း ဂုဏ်သိက္ခာရှိတဲ့ အလုပ်အကိုင် တခု ဖြစ်နိုင်တယ် ဖြစ်သင့်တယ်လို့လည်း ILO က ပြောဆိုထားပါတယ်။ ဒါကြောင့်လည်း အိမ်အကူ တွေရဲ့ အလုပ်ရှင်တွေနဲ့ အစိုးရတွေ အနေနဲ့ အိမ်အကူတွေရဲ့ စွမ်းဆောင်ရည်၊ မိသားစုတွေနဲ့ စီးပွားရေး အတွက် သူတို့ရဲ့ ပါဝင်ဆောင်ရွက်မှုတွေကို အသိအမှတ်ပြုကြဖို့လည်း ဇွန်လ ၁၆ ရက်နေ့မှာ ကျရောက်တဲ့ အိမ်အကူ လုပ်သားများနေ့မှာ ကုလသမဂ္ဂအဖွဲ့အစည်းဖြစ်တဲ့ နိုင်ငံတကာ အလုပ်သမားများ အဖွဲ့ချုပ် ILO က တိုက်တွန်းပါတယ်။