သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“The Lady” ဇာတ်ကားမင်းသမီး Michelle Yeoh ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည်တွေနဲ့တွေ့ဆုံ


ရိုဟင်ဂျာဒုက္ခသည်တဦးနှင့် စကားပြောနေသည့် မင်းသမီး မီရှဲလ် ယို (ယာ) နှင့် မလေးရှားလေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Affandi။
ရိုဟင်ဂျာဒုက္ခသည်တဦးနှင့် စကားပြောနေသည့် မင်းသမီး မီရှဲလ် ယို (ယာ) နှင့် မလေးရှားလေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Affandi။

ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခြေအနေကိုကြည့်ပြီး သူ့အနေနဲ့ တုန်လှုပ်ဝမ်းနည်းမိကြောင်း UNDP ချစ်ကြည်ရေးသံတမန်၊ နာမည်ကြီး ဟောလီးဝုဒ်ရုပ်ရှင်မင်းသမီး မလေးရှားနိုင်ငံသူ Michelle Yeoh က ပြောပါတယ်။

မလေးရှား စစ်ဗိုလ်ချုပ်တဦး ဦးဆောင်တဲ့ မလေးရှားနိုင်ငံကိုယ်စားလှယ်အဖွဲ့နဲ့အတူ Michelle Yeoh ဟာ ဇန်နဝါရီလ ၂၇ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နယ်စပ် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုပြီး အကူအညီတွေ ပေးခဲ့ကြပါတယ်။

အေပီသတင်းကိုအခြေခံပြီး မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar က Kutupalong ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ မလေးရှားက ဆောက်လုပ်ပေး ထားတဲ့ ဆေးရုံကို မလေးရှားစစ်ဗိုလ်ချုပ် Tan Sri Raja Mohamed Affandi Raja Mohamed Noor နဲ့အတူ UNDP ကုလသမဂ္ဂဖွံဖြိုးရေးအစီအစဉ်ရဲ့ ချစ်ကြည်ရေးသံတမန် Michelle Yeoh တို့ သွားရောက်ကြည့်ရှုပြီး ကယ်ဆယ်ရေးပစ္စည်းတွေကိုလည်း အခြားဒုက္ခသည်စခန်းတွေမှာ ပေးဝေခဲ့ကြတာပါ။ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုရတဲ့ ရည်ရွယ်ချက်ကို Michelle Yeoh က အခုလို ပြောပြပါတယ်။

“ကျမတို့ ဒီကိုလာတာ သိပ်အရေးကြီးပါတယ်။ ဘာကြောင့်လည်းဆိုတော့ ရိုဟင်ဂျာတွေဟာ တကယ့်ကို စက်ဆုပ်ဖွယ်ကောင်းတဲ့ အခြေအနေတွေကို ကျော်ဖြတ်နေကြရပါတယ်။ ဒါဟာလည်း တကယ့်ကို ဝမ်းနည်းဖို့ ကောင်းပါတယ်။ ဒီလိုအခြေအနေမျိုး ဖြစ်ခွင့်မပြုသင့်ပါဘူး။ ဒုက္ခသည်တဦးချင်းစီဟာ လူ့အခွင့်အရေးနဲ့ ထိုက်တန်ပြီး သူတို့ကို အဲဒီအခွင့်အရေး ပေးသင့်ပါတယ်။”

ပြီးခဲ့တဲ့သြဂုတ်လကတည်းက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာလုံခြုံရေးတပ်တွေရဲ့ အင်အားသုံး နယ်မြေရှင်းလင်း စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၇၀၀,၀၀၀ သိန်းနီးပါး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတယ် လို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောထားပါတယ်။ ဒီအခြေအနေကို လူမျိုးစုအလိုက် ရှင်းလင်း ဖယ်ရှားမှုအဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားပါတယ်။

အခုလို လူသားဘေးဒုက္ခ အကြီးမားဆုံးရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာတွေအတွက် အကူအညီ မျှော်လင့်ချက်တွေ ပေးခြင်းအားဖြင့် ကောင်းမွန်တဲ့ကမ္ဘာကြီးဖြစ်လာအောင် ဝိုင်းဝန်းဆောင်ရွက်ဖို့ Michelle Yeoh ကပြောပါတယ်။

“ကျမတို့ ဂရုတစိုက်ရှိတာကြောင့် သူတို့မှာ မျှော်လင့်ချက်ရှိပါတယ်ဆိုတာ ရိုဟင်ဂျာဒုက္ခသည်တွေကို အကူအညီပေးဖို့ ဒီနေရာကို ရောက်လာသူတိုင်းက နည်းလမ်းရှာပြသရမှာဖြစ်ပါတယ်။ သူတို့ကို လျစ်လျူပြု မထားဘူးဆိုတာ ပြသခြင်းအားဖြင့် ဒီကမ္ဘာကြီးကို ပိုပြီးကောင်းတဲ့ နေရာဖြစ်အောင် ကျမတို့ ကူညီလုပ်ဆောင် နိုင်ပါတယ်။ ကျမတို့ မလေးရှားဝန်ကြီးချုပ် Najib Razak ရဲ့ အမှာစကားကလည်း ဒီအတိုင်းပါပဲ။ ပိုပြီး ကောင်းမွန်တဲ့ အနာဂတ်ကို ကျမတို့ အတူတကွဖန်တီးကြမယ်၊ ကျမတို့ရဲ့ လူသားမျိုးနွယ်တူ ရိုဟင်ဂျာတွေ အတွက်သာမက ပိုပြီးကောင်းမွန်တဲ့ ကမ္ဘာကြီးဖြစ်လာအောင် လုပ်ဆောင်ကြမယ်ဆိုတာပါပဲ။”

ဟောလီးဝုဒ် ရုပ်ရှင်မင်းသမီး Michelle Yeoh ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကြောင်းရိုက်ကူးပြီး ၂၀၁၁ ခုနှစ်ကထွက်တဲ့ The Lady ရုပ်ရှင်ဇာတ်ကားမှာ ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ သူကိုယ်တိုင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ပြည့်နှစ်မှာ တကြိမ်၊ ၂၀၁၆ ခုနှစ်မှာ တကြိမ် သွားရောက်တွေ့ဆုံခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG