Mexico နိုင်ငံမှာ ပျောက်ဆုံးနေတဲ့ ကျောင်းသား ၄၃ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ရာဇဝတ်ဂိုဏ်းသားအဖြစ် မသကာၤသူတွေက ဝန်ခံပြောတယ်လို့ Mexico အစိုးရက ထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံတောင်ပိုင်း Guerrero ပြည်နယ်မှာ September လ ၂၆ ရက်နေ့က ရဲကဖမ်းဆီးသွားပြီး ရာဇဝတ်ဂိုဏ်းလက်ကိုအပ်ခဲ့တယ်လို့ ဆိုပါတယ်။ အထောက်အထားတွေကလည်း ကျောင်းသားတွေ အသတ်ခံရရတယ်လို့ ညွှန်ပြနေကြောင်း ရှေ့နေ့ချုပ်က ပြောပါတယ်။
အမှိုက်တွေ စွန့်ပစ်ထားတဲ့နေရာကို ရောက်လာချိန်မှာ တချို့တွေက သေဆုံးနေပြီးဖြစ်ကြောင်း အဖမ်းခံထားရတဲ့ မသင်္ကာသူတွေက ပြောတယ်လို့ ဆိုပါတယ်။ အသက်ရှင်နေသူတွေကိုလည်း သတ်ပစ်ခဲ့ပြီး အမှိုက်တွေပစ်ထားတဲ့နေရာမှာ အလောင်းတွေကို မီးအကြာကြီးရှို့ခဲ့တယ်လို့ ဂိုဏ်းသားတွေက ပြောပါတယ်။
အခုလို အစိုးရက သတင်းထုတ်ပြန်ပြောကြားခဲ့ပေမယ့် Argentina က သီးခြားလွတ်လပ်တဲ့ မှုခင်းစစ်ကျွမ်းကျင်သူတွေရဲ့ရလဒ် အတည်ပြုချက်မရသရွေ့ သူတို့သားတွေ အသတ်ခံရတယ်ဆိုတာ လက်မခံဘူးလို့ မိဘတချို့က ပြောကြပါတယ်။
ကျောင်းသားတွေ ဖမ်းဆီးခံသွားရတာနဲ့ ပတ်သက်လို့ ရာဇဝတ်ဂိုဏ်းသားတွေ၊ ရဲအရာရှိတွေအပြင် ရာထူးကဖယ်ရှားခံရတဲ့ မြို့တော်ဝန်နဲ့ သူ့ရဲ့ ဇနီးသည်တို့အပါအဝင် အများအပြားကို ရဲက ဖမ်းဆီးခဲ့ပါတယ်။