မေလ(၁)ရက်နေ့မှာ ကျရောက်တဲ့ မေဒေး၊ ကမ္ဘာ့အလုပ်သမားများနေ့မှာ လူတွေ စုဝေးချီတက်ကြမှာဖြစ်တဲ့အတွက် ကမ္ဘာ့မြို့ကြီးတွေမှာ ရဲလုံခြုံရေးတွေ တိုးချထားပြီး ဒရုန်းယာဉ်တွေကိုပါ အသုံးပြုထားပါတယ်။ မေဒေးနေ့ကို နိုင်ငံတော် အားလပ်ရက် အဖြစ်နိုင်ငံပေါင်း ၈၀ ကျော်မှာ သတ်မှတ်ထားပါတယ်။
အဝါရောင် ရောင်ပြန် အင်္ကျီဝတ်ပြီး အစိုးရ ဆန့်ကျင်ဆန္ဒပြပွဲတွေနဲ့ အကြမ်းဖက်မှုတွေပါ ရှိနေတဲ့ ပြင်သစ်နိုင်ငံမှာလည်း မြို့တော်ပါရီတဝိုက် ရဲအင်အား ၇၄၀၀ နဲ့ ဒါဇင်နဲ့ချီတဲ့ ဒရုန်းယာဉ် အသုံးပြုဖို့ စီစဉ်နေပါတယ်။ ပါရီနဲ့ နိုင်ငံတဝှမ်းက လမ်းမတွေပေါ်မှာ ဒီကနေ့ မေဒေးနေ့ အထိမ်းအမှတ် ချီတက်ကြတဲ့အခါ အဝါရောင် ရောင်ပြန် အင်္ကျီဝတ်တဲ့ ဆန္ဒပြသူတွေ၊ ယူနီယံလုပ်သားတွေနဲ့အစွန်းရောက် လှုပ်ရှားသူတွေပူးပေါင်းသွားနိုင်တဲ့ အန္တရာယ် ရှိတယ်လို့ ပြင်သစ်ပြည်ထဲရေးဝန်ကြီး Christophe Castaner ကပြောပါတယ်။ လုံခြုံရေး တိုးမြှင့်ချထားတာဟာ ဆန္ဒပြသူတွေကို အကာအကွယ်ပေးဖို့ သာမက ပါရီမြို့ ကို အဓိကရုဏ်းမြို့တော် ဖြစ်အောင်လုပ်ဖို့ဆိုတဲ့ လူမှုကွန်ယက်တွေပေါ်က လှုံ့ဆော် စည်းရုံးနေတဲ့အပေါ် ကာကွယ်ဖို့ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ဂျာမဏီနိုင်ငံမှာလည်း လူတွေဆန္ဒထုတ်ဖော်ဖို့ “1 May Revolutionaries” အဖွဲ့က သီတင်းပတ်နဲ့ချီု တိုက်တွန်းနေသလို မြို့တော် ဘာလင်မှာတော့ လုံခြုံရေးအင်အား ၅၅၀၀ ထိချထားတာပါ။
အင်ဒိုနီးရှားနိုင်ငံ၊ မြို့တော် ဂျကာတာမှာလည်း လူ ၄၀၀၀၀ လောက် လမ်းပေါ်ထွက် ဆန္ဒပြမယ်လို့ ခန့်မှန်းထားတဲ့အတွက် လုံခြုံရေးတွေ တိုးမြှင့်ထားတယ်လို့ ရဲဌာန ပြောခွင့်ရသူက ဆိုပါတယ်။
ဒါ့အပြင် မေဒေးဆန္ဒပြပွဲတွေ နှစ်နဲ့ချီကျင်းပလာတဲ့ တူရကီနိုင်ငံ အီစတန်ဘူလ်မြို့ Taksim ရင်ပြင်ကိုလည်း ရဲတို့က အကာအရံတွေချပြီး ပိတ်ဆို့ထားပါတယ်။ ဒီရင်ပြင်မှာ ၁၉၇၇ ခုနှစ်က ဆန္ဒပြသူတွေထဲ ဘေးအဆောက်အဦးတခုကနေ သေနတ်နဲ့ပစ်ခဲ့တဲ့အတွက် လူ ၃၄ ဦးသေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့ပေမယ့် လက်သည်မပေါ်ခဲ့ပါဘူး။ အီရန်နိုင်ငံမှာလည်း ချီတက်ပွဲလုပ်ဖို့ စီစဉ်တဲ့ လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၁၂ ဦးကို တာဝန်ရှိသူတွေ ဖမ်းဆီးလိုက်ကြောင်း ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။