ဂျပန်နိုင်ငံ၊ ချီဘမြို့ မှာ ကျင်းပခဲ့တဲ့ ၆၄ ကြိမ်မြောက် နိုင်ငံတကာ သင်္ချာ အိုလံပစ် ပြိုင်ပွဲမှာ မြန်မာ ပြိုင်ပွဲဝင် ကျောင်းသူ ကျောင်းသား ၂ ယောက် ဟာ ဂုဏ်ပြုလက်မှတ် (Honorable Mention) ရကြပြီး၊ နိုင်ငံပေါင်း ၁၁၂ နိုင်ငံ ဝင်ရောက်ယှဥ်ပြိုင်ရာမှာ အဆင့် ၈၈ ချိတ်ခဲ့တယ်လို့ ပြိုင်ပွဲဝင် အသင်းခေါင်းဆောင် က ဗွီအိုအေ ကို ပြောပါတယ်။ ဂုဏ်ပြုလက်မှတ်ဆုရတဲ့ မြန်မာ ကျောင်းသူ ကျောင်းသား ၂ ယောက်ကတော့ မောင်စိုးသွေးကို နဲ့ မဆုဝတ်ရည်လင်း တို့ ဖြစ်ကြပါတယ်။ ဒီ ပြိုင်ပွဲ ကို ဇူလိုင် ၂ ရက်ကနေ ၁၃ ရက်နေ့အထိ ကျင်းပခဲ့တာပါ။
ဒီ သင်္ချာအိုလံပစ် ပြိုင်ပွဲ ကို ရိုမေးနီးယားနိုင်ငံမှာ နိုင်ငံ ၇ နိုင်ငံနဲ့ ၁၉၅၉ က စခဲ့တာ ဖြစ်ပေမဲ့၊ ကမ္ဘာ့ အထီးကျန် မြန်မာနိုင်ငံဟာ နောင် နှစ်ပေါင်း ၅၄ နှစ်လောက်မှ ဒီလို ပြိုင်ပွဲရှိပါလားဆိုတာ စသိခဲ့တာပါ။ ၅၇ နှစ်အကြာ ၂၀၁၆ မှ စတင် ဝင်ရောက်ယှဥ်ပြိုင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီ ပြိုင်ပွဲအကြောင်း ကို အသင်းခေါင်းဆောင် အငြိမ်းစား ပါမောက္ခ ဦး စောဝင်းမောင် က ခုလို ဗွီအိုအေ ကို ပြောပါတယ်။
“ သူက စာမေးပွဲက ၂ ရက်ဖြေရတယ်။ ပထမတရက်မှာ ၃ ပုဒ် ဖြေရတယ်၊ ဒုတိယတရက်မှာ ၃ ပုဒ် ဖြေရတယ်။ ၃ ပုဒ်ထဲကို ၄ နာရီခွဲကြာတယ်။ နောက်တခါ ဒုတိယနေ့မှာလည်း ၃ ပုဒ်၊ ၄ နာရီခွဲပဲ။ ဒုတိယနေ့မှာ မေးတဲ့မေးခွန်းက ခက်တယ်။ ပထမနေ့မေးခွန်းထက် ပိုခက်တယ်ပေါ့လေ။ ပထမနေ့က နည်းနည်းလေးလွယ်တယ်။ ဒုတိယနေ့က ပိုခက်တယ်။ ပထမနေ့မှာ မေးတဲ့ ၃ ပုဒ်မှာလည် နံပါတ်၁၊ နံပါတ် ၂၊ နံပါတ်၃ ဆိုလို့ရှိရင်လည်း easy-medium-hard အလွယ်၊ အသင့်၊ ခက် ဆိုပြီးစီထားတယ်။ နောက်ဆုံးပိတ် နံပါတ် ၆ ကတော့။ တပုဒ်ကို ၇ မှတ်ပဲ ပေးတယ်။ အဲဒီမှာ အမှတ် ၁ မှတ်ရဖို့ကို တော်တော်လေးခက်တယ်ပေါ့၊ "
ဆုပေးပုံကိုလည်း ခုလို ဆက်ပြောပြပါတယ်။
“ မေးတဲ့ topic (ခေါင်းစဥ်)က အဓိက ၄ ခုရှိတယ်။ Algebra ၊ နောက် Geometry၊ Permutation combination နဲ့ Number theory ဆိုပြီးအကြောင်းအရာ ၄ခုရှိတယ်။ အကြောင်းအရာ တခုစီ၊ တခုစီ ပေါ့လေ။ တနေ့ထဲမှာ အကြောင်းအရာ၂ ခုမမေးဘူး။ ဆုပေးတဲ့အခါမှာ ၅၀ ရာခိုင်နှုန်း မကျော်ရဘူး။ ဥပမာ၊ ကျောင်းသား ၆ ရာဖြေတယ်ဆိုရင် ဆုပေးတဲ့အရေအတွက်က ၃ ရာမကျော်ရဘူး။ ၃ ရာအောက်ဖြစ်ရမယ်။ နောက်တခါ ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ် ကို ၁:၂: ၃ အဲဒီလိုပေးရတယ်။ ရွှေတံဆိပ်က ၁ ယောက်၊ ငွေတံဆိပ်က ၂ ယောက်၊ ကြေးတံဆိပ်က ၃ ယောက်။ အဲတာမျိုးဖြစ်ရမယ်။ နောက်တခုက ဘာလဲဆိုတော့ ပုစ္ဆာတွေက ခက်တဲ့အတွက်ကြောင့်မို့လို့ တပုဒ်ကို မှန်အောင်တွက်နိုင်ဖို့က တော်တော်ခက်တယ်။ သူက ၇ မှတ်ပဲပေးတာ။ အဲဒီ ၇ မှတ်ရဖို့ဆိုတာ တကယ်လို့ကျောင်းသူ၊ ကျောင်း သားတယော်က ၇ မှတ်အပြည့်ရတယ်ဆိုလို့ရှိရင် အဲတာ Certificate ပေးတယ်။ Honorable Mention လို့ခေါ်တယ်။ ဆုလက်မှတ်ပေးတယ်။ ဒါက ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်မဟုတ်သေးဘူး။ ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်တွေက total marks နဲ့ပေးတာ။ ဆိုတော့ စုစုပေါင်း ၆ ပုဒ်ကို ၇ မှတ်စီနဲ့ဆိုတော့ ၄၂ မှတ်ရှိတယ်။ ၄၂ မှတ်မှာ ငွေတံဆိပ်ဆိုလို့ရှိရင် ဖြေတဲ့ကျောင်းသူ ကျောင်းသားဘယ်လောက်၊ ရွှေတံဆိပ်က ဘယ်လောက်ဆိုပြီးသတ်မှတ်တာရှိတယ်။ ဒီနှစ်ရွှေတံဆိပ်က ၃၂ မှတ်ရမှ ရွှေတံဆိပ်ပေးတာ။ ငွေတံဆိပ်၊ ကြေးတံဆိပ်ကျတော့ သူကတော့ total marks နဲ့ပေးတာပါ့လေ။ Honorable Mention ကတော့ တပုဒ်အပြည့်မှန်တယ်ဆိုရင် ရတယ်၊ သူက Certificate ပဲ။ သူက Medal (ဆု) မပေးဘူးပေါ့။ တံဆိပ်တော့ မပေးဘူး “"
ဒီ ပြိုင်ပွဲမှာ တရုတ်နိုင်ငံကအမှတ်ပေါင်း ၂၄၀ နဲ့နံပတ် ၁ စွဲခဲ့ပြီး၊ အမေရိကန် ကတော့ ၂၂၂ မှတ်နဲ့ ဒုတိယရပါတယ်။ ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းမှာဝင်ကြတဲ့ တိုင်းပြည်တွေကိုအဆင့်အစဥ်အတိုင်း ပြောရရင် တောင်ကိုရီးယား၊ ရိုမေးနီးယား၊ ကနေဒါ၊ ဂျပန်၊ ဗီယက်နမ်၊ တူရကီ၊ အိန္ဒိယ နဲ့ ထိုင်ဝမ်တို့ ဖြစ်ကြပါတယ်။ တရုတ် ကျောင်းသား ၂ ယောက်၊ တောင်ကိုရီးယား၊ အမေရိကန် နဲ့ ရိုမေးနီးယား ကျောင်းသား တစ်ယောက်စီပေါင်း ၅ ယောက်ကပူးတွဲပထမနေရာရရှိသွားကြပါတယ်။
အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာတော့ ဗီယက်နမ် က အဆင့် ၇ နဲ့ ထိပ်ဆုံးမှာ ရှိနေပြီး၊ စင်္ကာပူက အဆင့် ၁၂၊ ထိုင်းက အဆင့် ၁၉၊ ဖိလစ်ပိုင်က ၂၆၊ အင်ဒိုနီးရှား ၃၉၊ မလေးရှား ၄၄ တို့ ဖြစ်ကြပါတယ်။ ဘရူးနိုင်း၊ ကမ္ဘောဒီးယား၊ လာအို တို့ကိုတော့ ဝင်ပြိုင်တဲ့ စာရင်း မှာ မတွေ့ရပါဘူး။
ဒီပြိုင်ပွဲဝင်ဖြစ်ခဲ့ပုံကိုတစ်ပုဒ်အမှတ်ပြည့်ရပြီးဂုဏ်ပြုလက်မှတ်ရရှိခဲ့သူ၊ ရန်ကုန်မြို့ကဟင်္သာ အင်တာ နေရှင်နယ် ကျောင်းသူမဆုဝတ်ရည်လင်းကအခုလို ပြောပြပါတယ်။
“ သမီးမှာ အကိုတယောက်ရှိတယ်။ သူက ဟိုး အရင်နှစ်တွေကတည်းက ဒီပွဲကို ဝင်ပြိုင်ခဲ့ဖူးပြီးတော့ သူက အဲဒီစာမေးပွဲကို အရမ်းစိတ်ဝင်စားနေတော့ သူ့ဆီက influence (လွှမ်းမိုးမှု)တွေလည်းရတယ်၊ ပြီးတော့ သူက သင်္ချာတွေလည်းတွက်နေတယ်ဆိုတော့ သူ့ဖက်ကလည်း ဘယ်လိုတွေလေ့ကျင့်ရမယ်ဆိုပြီးတော့ အဲလိုမျိုး ကူညီတာတွေရှိတယ်ပေါ့။ အဲဒီတော့လည်း ဘာမှအခက်အခဲမရှိဘူးဆိုပြီးတော့ပဲ teen selection test မှာ ဒီနှစ်ဝင်ပြိုင်လိုက်တယ်။ ဝင်ပြိုင်လိုက်ပြီးတော့ ရွေးချယ်ခံလိုက်ရတယ်ဆိုတော့လည်း အကောင်းဆုံးဆက်ကြိုးစားပြီးတော့ သွားလိုက်တာပါ”
ပြိုင်ပွဲ အတွေ့အကြုံကိုလည်း ခုလို ဆက်ပြောပြပါတယ်။
“ နံပါတ် ဝမ်း ပုစ္ဆာကိုဖတ်လိုက်တော့၊ သမီးအမှတ်ပြည့်ရတဲ့အပုဒ်ပေါ့နော်။ အဲ့ဒီအပုဒ်ကိုဖတ်လိုက်တော့ ကိုယ့်ဟာကိုယ် အဲဒီအပုဒ်က partial (အမှတ်တစိတ်တပိုင်း) ရမယ်လို့ထင်လိုက်တယ်၊ အမှတ်ပြည့်ရမယ် လို့တော့ မထင်ထားဘူး။ ဒါပေမယ့် partial ရမယ်လို့ထင်ပြီးစတွက်လိုက်တယ်။ အမှတ်ပြည့်ရတဲ့ အပုဒ်တောင် ၃ နာရီလောက် အချိန်ယူလိုက်ရတယ်။ “
လက်ရှိ အသက်အရွယ်နဲ့ အတန်းအရ မောင်စိုးသွေးကိုရော မဆုဝတ်ရည်လင်းပါ အင်္ဂလန်မှာ ကျင်းပမယ့် ၆၅ ကြိမ်မြောက်နဲ့ ဩစတြေးလျ နိုင်ငံမှာကျင်းပမယ့် ၆၆ ကြိမ်မြောက် ပြိုင်ပွဲတွေကို ဆက်လက် ပြိုင်ပွဲဝင်နိုင်ကြဦးမယ်လို့ ပြောပါတယ်။ ခုလိုပညာရပ် အိုလံပစ် ပြိုင်ပွဲကိုဝင်တဲ့အခါ နိုင်ငံတော်က သိရှိအားပေးတာ အလွန်နည်းခဲ့ပြီး၊ သင်္ချာအသင်းနဲ့ မိဘတွေက ကိုယ့်စားရိတ်နဲ့ကိုယ် ပြိုင်ပွဲအတွက် ပံ့ပိုးခဲ့ကြရတာ ဖြစ်ပါတယ်။သင်္ချာအသင်းဟာ ဘာသာရပ်အိုလံပစ် ပြိုင်ပွဲတွေမှာ မြန်မာနိုင်ငံ က ဝင်ရောက်ယှဥ်ပြိုင်နိုင်တဲ့ တစ်ခုတည်းသော ဘာသာရပ် အသင်းဖြစ်ပါတယ်။