ဗြိတိန်နိုင်ငံမှာနေထိုင်နေတဲ့ ရုရှားသူလျှိူဟောင်းတယောက်နဲ့ သူ့ရဲ့သမီးတို့ကို ရုရှားအစိုးရက အာရုံကြောထိခိုက်စေတဲ့အဆိပ်နဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံက ရုရှားသံတမန် ၁၀၀ ကျော်ကို နိုင်ငံထဲကနေ နှင်ထုတ်လိုက်ကြပါတယ်။ စစ်အေးစစ်ကာလနောက်ပိုင်း နိုင်ငံတွေစုပေါင်းပြီး ရုရှားသံတမန်တွေကို နှင်ထုတ်တဲ့အရေအတွက်ဟာ ဒီတခါ အများဆုံးဖြစ်ပါတယ်။ အဲဒီထဲမှာ အမေရိကန်ထဲကနေ နှင်ထုတ်ခံရသူက ၆၀ ပါဝင်ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က စုစည်းတင်ပြပါမယ်။
ဗြိတိန်နိုင်ငံ Salisbury မြို့မှာ ရုရှားသူလျှိုဟောင်း Sergei Skripal နဲ့ သမီးဖြစ်သူတို့ကို ရုရှားလုပ် စစ်သုံးအဆင့်ရှိတဲ့ အာရုံကြောထိခိုက်စေတဲ့အဆိပ်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဗြိတိန်အစိုးရက ပြောကြားခဲ့ပြီးနောက် ဒီလုပ်ရပ်ကို တုံ့ပြန်တဲ့အနေနဲ့ ဥရောပနိုင်ငံတွေအပြင် အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့စုပေါင်းပြီး သူတို့နိုင်ငံတွေထဲမှာရှိနေတဲ့ ရုရှားသံတမန် စုစုပေါင်း ၁၀၀ ကျော်ကို နိုင်ငံထဲကနေ နှင်ထုတ်မယ်လို့ ကြေညာခဲ့ကြပါတယ်။ အဲဒီတိုက်ခိုက်မှုကို ရုရှားသမ္မတ Vladimir Putin ကိုယ်တိုင်ညွှန်ကြားခဲ့တာလို့ ဗြိတိန်အစိုးရက စွပ်စွဲထားပါတယ်။ ရုရှားဖက်ကတော့ ဒီစွပ်စွဲမှုတွေကို ငြင်းဆန်ပါတယ်။ NATO အဖွဲ့ဝင်နိုင်ငံတနိုင်ငံရဲ့ မြေပေါ်မှာ ရုရှားကအဆိပ်နဲ့တိုက်ခိုက်ခဲ့တဲ့အတွက် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ၁၅ နိုင်ငံအပြင် ယူကရိန်း။ အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့က နှင်ထုတ်လိုက်တဲ့ ရုရှားသံတမန်အရေအတွက်ဟာ စစ်အေးစစ်ကာလနောက်ပိုင်းမှာ အများဆုံးဖြစ်ပါတယ်။ ရုရှားတို့ရဲ့ လုပ်ရပ်ကို လက်မခံနိုင်ဘူးဆိုတာကို နိုင်ငံတွေစုပေါင်းပြီး ပြတ်ပြတ်သားသားပြသလိုက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် Theresa May ကတနင်္လာနေ့က ဗြိတိန်ပါလီမာန်မှာ ပြောကြားခဲ့ပါတယ်။
"နိုင်ငံပေါင်း ၁၈ နိုင်ငံက သူတို့နိုင်ငံတွေထဲမှာရှိနေတဲ့ ရုရှားထောက်လှမ်းရေးအရာရှိ ၁၀၀ ကျော်ကို နိုင်ငံထဲကနေ နှင်ထုတ်မယ်ဆိုတာကို ဒီကနေ့ ကြေညာခဲ့ကြပါတယ်။ အဲဒီထဲမှာ EU အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံအပြင် အမေရိကန်ပြည်ထောင်စု။ ကနေဒါနဲ့ ယူကရိန်းနိုင်ငံတို့ပါဝင်ကြပါတယ်။ ဒါဟာ ရုရှားထောက်လှမ်းရေးအရာရှိတွေကို နိုင်ငံတွေစုပေါင်း နှင်ထုတ်တဲ့အရေအတွက် သမိုင်းမှာ အများဆုံးဖြစ်ပါတယ်။ အဆိပ်နဲ့ တိုက်ခိုက်မှုဖြစ်ခဲ့ပြီး လွန်ခဲ့တဲ့ ၃ ပါတ်အတွင်း EU မြောက်အမေရိကနဲ့ NATO အပြင်တခြားမိတ်ဆွေနိုင်ငံတွေ မဟာမိတ်နိုင်ငံတွေက ဗြိတိန်နဲ့ အင်မတန် စည်းလုံးညီညွတ်မှုရှိတယ်ဆိုတာ တေ့ွခဲ့ရပါတယ်။ ရုရှားနိုင်ငံက နိုင်ငံတကာဥပဒေတွေကို မထီမဲ့မြင်လုပ်တာ ကျွန်မတို့တန်ဖိုးထားတဲ့အရာတွေကို လျှော့တွက်ဖို့ကြိုးစားနေတာကို ဆက်ပြီးသည်း မခံတော့ဘူးဆိုတာကို စုပေါင်းပြသလိုက်တာဖြစ်ပါတယ်။"
ဗြိတိန်က အစောပိုင်းကနှင်ထုတ်ခဲ့တဲ့ ရုရှား ၂၃ ယောက်အပြင် ထပ်ပြီးနှင်ထုတ်မယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီ ၂၃ ယောက်ကို နှင်ထုတ်ခဲ့တုန်းက ရုရှားမှာရှိတဲ့ British Council လုပ်ငန်းအားလုံးကို ရုရှားက ရပ်ဆိုင်းစေခဲ့ပါတယ်။ ရုရှားသံတမန်စုစုပေါင်း ၁၀၀ ကျော်ကိုနှင်ထုတ်မယ်လို့ တနင်္လာနေ့က ကြေညာခဲ့တဲ့ထဲမှာ အမေရိကန်က အရေအတွက် အများဆုံးဖြစ်ပါတယ်။ ဝါရှင်တန် ရုရှားသံရုံးက သံတမန် ၄၈ ယောက်နဲ့ New York မြို့က ကုလသမဂ္ဂဌာနချူပ်မှာ တာဝန်ထမ်းနေကြသူ ၁၂ ယောက်ကို နှင်ထုတ်ဖို့နဲ့ Seattle မြို့မှာရှိတဲ့ ရုရှားကောင်စစ်ဝန်ရုံးုကိုလည်း April လ ၂ ရက်နေ့မတိုင်ခင် ပိတ်ရမယ်လို့ သမ္မတ Trump ကကြေငြာခဲ့ပါတယ်။ ကုလသမဂ္ဂရုံးမှာ တာဝန်ထမ်းနေသူ ၁၂ ယောက်ဟာ အမေရိကန်နိုင်ငံထဲမှာ ရှိနေတာကို အခွင့်ကောင်းယူပြီး ထောက်လှမ်းရေးလုပ်ရပ်တွေကို လုပ်နေကြတယ်လို့ အမေရိကန်အစိုးရက ပြောကြားခဲ့ပါတယ်။ ဗြိတိန်နိုင်ငံထဲမှာ ရုရှားက ဓါတုလက်နက်နဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် မဟာမိတ်နိုင်ငံတွေ မိတ်ဆွေနိုင်ငံတွေနဲ့ အမေရိကန်က အတူပူးပေါင်းဆောင်ရွက်လိုက်တာဖြစ်တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရသူတယောက်ဖြစ်တဲ့ Raj Shah ကတနင်္လာနေ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ခုလိုဆောင်ရွက်လိုက်တဲ့အတွက် အမေရိကန်ပြည်ထောင်စုအတွက် ပိုပြီးလုံခြုံသွားစေတယ်လို့ ခုလိုဆိုပါတယ်။
"ဒီကနေ့ဆောင်ရွက်ချက်တွေကြောင့် အမေရိကန်တွေအပေါ် ရုရှားတို့ထောက်လှမ်းနိုင်စွမ်း။ လှို့ဝှက်လုပ်ငန်းတွေလုပ်ပြီး အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးကို ရုရှားတို့ ခြိမ်းခြောက်နိုင်စွမ်းကို လျော့သွားတဲ့အတွက် အမေရိကန်ပြည်ထောင်စုကို ပိုပြီးလုံခြုံသွားစေပါတယ်။ ဆောင်ရွက်မှုတိုင်းမှာ အကျိုးဆက်ရှိတယ်ဆိုတာကို အမေရိကန်နဲ့ ကမ္ဘာတဝန်းက မဟာမိတ်တွေ မိတ်ဆွေတွေက ဒီဆောင်ရွက်မှုတွေနဲ့ရှင်းရှင်းပြသလိုက်တာဖြစ်ပါတယ်။ ရုရှားနဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်နိုင်ရေးပူးပေါင်းဆောင်ရွက်ဖို့ ကျွန်တော်တို့ဖက်က အသင့်ရှိပါတယ်။ ဒါပေမဲ့ ရုရှားအစိုးရဖက်က အပြုအမှုတွေပြောင်းလဲတော့မှ ဖြစ်နိုင်မှာပါ။"
စစ်အေးစစ်ကာလ ၁၉၈၆ ခုနှစ်ကသမ္မတဟောင်း Ronald Reagan လက်ထက်တုန်းက ရုရှား ၅၅ ယောက်ကို နိုင်ငံထဲက နှင်ထုတ်ခဲ့ပြီးထဲကဆိုရင် အခုအရေအတွက်ဟာ အများဆုံးဖြစ်ပါတယ်။ အခုလုပ်ရပ်ဟာ အမေရိကန်နဲ့ ရုရှားကြား သံတမန်ဆက်ဆံရေးကို ဖျက်ဆီးလိုက်တာပဲလို့ အမေရိကန်ဆိုင်ရာ ရုရှားသံအမတ်ကြီး Anatoly Antonov ကတော့ တုံ့ပြန်ခဲ့ပါတယ်။
"ဒီကနေ့အမေရိကန်ပြည်ထောင်စုလုပ်လိုက်တဲ့ လုပ်ရပ်က တည်းတည်းလေးကျန်နေတဲ့ အမေရိကန်နဲ့ ရုရှားဆက်ဆက်ရေးကို ဖျက်ဆီးလိုက်တာဖြစ်ပါတယ်။ အမေရိကန် ရုရှားဆက်ဆံရေးပျက်အောင်လုပ်တဲ့အတွက် အမေရိကန်မှာ အပြည့်အဝတာဝန်ရှိပါတယ်။"
ခုလိုနိုင်ငံအများအပြားက ရုရှားသံတမန်တွေကို နှင်ထုတ်ခဲ့တာနဲ့ပါတ်သက်လို့ ရုရှားအစိုးရဖက်က ဘယ်လိုတုံ့ပြန်မလဲဆိုတာ လောလောဆယ် အတိအကျ မသိရသေးပါဘူး။ ဒါပေမဲ့ အခုလို မဟာမိတ်နိုင်ငံတွေဖက်က စုပေါင်းတုံ့ပြန်ခဲ့တာဟာ ရုရှားအစိုးရအတွက် အတော်ကြီးထိခိုက်စေတယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။