သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးကျောက်ဝိုင်း ကျောက်ဝယ်ရောင်းလုပ်သူ ၄၀၀ ခန့်ဖမ်းဆီးခံရ


မန္တလေးကျောက်ဝိုင်း
မန္တလေးကျောက်ဝိုင်း

[[Zawgyi/Unicode]]

မန္တလေးမှာ အွန်လိုင်းကနေတိုက်ရိုက် ကျောက်အရောင်းအဝယ်လုပ်သူ ၄၀၀ လောက်ကို စစ်ကောင်စီကဖမ်းဆီးထိမ်းသိမ်းခဲ့ပါတယ်။ လူစု အရောင်းအဝယ် လုပ်နေတဲ့ ၂ နေရာကို တနင်္လာနေ့က ဝင်ရောက်ဖမ်းဆီးခဲ့တာမှာ အယောက် ၄၀၀ လောက်ဖမ်းဆီးခံရတာလို့ ကျောက်ပွဲစားတွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

တရုတ်နိုင်ငံက Message အပြန်အလှန်ပို့သူတွေအသုံးများတဲ့ Wechat လူမှုကွန် ယက် Mobile app ကိုသုံးပြီး အွန်လိုင်းကနေ ကျောက်စိမ်းအရောင်းဝယ်လုပ်နေတဲ့ ၂ နေရာကို ဒီဇင်ဘာ ၂၀ ရက် တနင်္လာနေ့ မနက်ပိုင်းမှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ အင်အားအမြောက်အများနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့မှုအတွင်း ရာနဲ့ချီဖမ်းဆီးခံခဲ့ရပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ မြန်မာနိုင်ငံသားတွေသာမက တရုတ်လူမျိုးတွေလည်းပါပါတယ်။ သူတို့ကို မန္တလေး အိုးဘိုထောင်မှာ ဖမ်းဆီးစစ်ဆေးနေပြီးဒီကနေ့ ဒီဇင်ဘာ ၂၁ ရက်အထိ ပြန်လည် လွတ်မြောက်လာသူ မရှိသေးဘူးလို့ ကျောက်ပွဲစားတယောက်က ပြောပြပါတယ်။

“မနေ့က ၂ ခုပေါင်းကို အားလုံးပေါင်း ၄၀၀ နီးပါးလောက် ပါတယ်ခင်ဗျ။ အဲ့ဒါတော့ ဗမာကုန်သည်ပွဲစားလေးတွေ များတာပေါ့။ အဓိက အများဆုံးမိတာ ပွဲစားတွေ အများဆုံးမိတာ။ ဒီနေ့တော့ လွှတ်ပေးမယ်လို့ အသံကြားတယ်။ အခုထိတော့ လွတ်လာတဲ့ အသံတော့ မကြားသေးဘူး။”

ကျောက်ပွဲစားတွေဟာ တရုတ်နိုင်ငံဘက်က ဝယ်သူတွေကို Wechat mobile app ပေါ်ကတဆင့် ကျောက်တွေကို အရောင်းအဝယ်လုပ်လေ့ရှိပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျောက်ပွဲစားအများစုဟာ ကျောက်ဝိုင်းတွေကို မသွားကြတော့ဘဲ နီးစပ်ရာ လူစုဝေးပြီး အွန်လိုင်းကနေ အရောင်းအဝယ်လုပ်နေကြတာဖြစ်ပါတယ်။ အဲဒီလိုရောင်းဝယ်နေတဲ့ ကျောက်ပွဲစားတွေကိုရော အဝယ်ဒိုင်တွေကိုပါ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

“အာဏာမသိမ်းခင် ကိုဗစ်ကာလတုန်းကလည်း အပြင်မှာပဲပေါ့၊ အခုလို Wechat တွေပေါ့။ ကိုယ့်အိမ်မှာ ကိုယ်ခေါ်ပြီး ရောင်းကြတာ ရှိတာပေါ့။ အရင်အစိုးရလက်ထက်တုန်းက ဖမ်းဆီးတာ ဘာညာမရှိဘူး။ သတိပေးခြင်းဘာခြင်းပဲ ရှိတာလေ။ အပြင်မှာမလုပ်ဖို့ လိုက်လံအော်တာတော့ရှိတယ်။ ဒီလိုမျိုးအကြမ်းဖက် ဖမ်းတဲ့အဆင့်တော့မရှိဘူး။ ဒီတော်လှန်ရေးကြတော့ အကုန်လုံးက ဝိုင်းထဲမဝင်ဘဲ Boycott လုပ်ထားတဲ့သဘောမျိုးနဲ့ အပြင်မှာပဲ လုပ်ကြတာကို။ ကောင်စီကို အခွန် မပေးချင်လို့ ဘယ်သူမှ ဝိုင်းထဲဝင်ပြီး မလုပ်ကြဘူးလေ။ သူတို့က ဝိုင်းထဲဝင်ခိုင်းတာလေ။ ဝိုင်းထဲဝင်ရင် အခွန်ဘာညာရတာကို။ အခုကျတော့ ကျောက်သမား အများစုက ပြည်သူအများစုက Boycott လုပ်တော့ မဝင်ကြဘူး။ ဝိုင်းထဲကို အများစုမဝင်ကြဘူး။ အဲ့တော့ ဝိုင်းထဲမှာရှိတဲ့ အခန်းပိုင်ရှင်အများစုက ကိုယ့်အိမ်မှာကိုယ် လုပ်ကြတာပေါ့။ ကိုယ့်ကုန်သည်ကိုယ်ခေါ်ပြီး ဖွင့်ကြတော့ သူတို့မှာ မျက်စိစပါးမွှေးစူးပြီးတော့ နေပြည်တော်ကနေ ဆင်းဖမ်းတယ်လို့ ကြားတယ်။”

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ၈၄ လမ်း ၄၃-၄၄ လမ်းနဲ့ ၈၉ လမ်း ၁၅-၁၆ ကြားမှာ ကျောက်ဝိုင်းပြင်ပ အရောင်းအဝယ်လုပ်နေသူတွေကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။ ဖမ်းဆီးထားသူတွေကို အိုးဘိုထောင် မှာ ထိန်းသိမ်းထားပြီး ငွေနဲ့ရွေးဖို့ဆိုတဲ့ ပြောတာတွေရှိပေမယ့် ဒါနဲ့ပတ်သက်လို့ ဗွီအိုအေက သီးခြားအတည်ပြုချက်တော့မရပါဘူး။ နေပြည်တော်မှာ ပုလဲအတွဲနဲ့ ကျောက်စိမ်းအတွဲတွေကို ပြသရောင်းချပွဲ လုပ်နေချိန်မှာပဲ ခုလို မန္တလေးက ကျောက်မျက်အထည်တွေရောင်းတဲ့ ကျောက်ပွဲစားတွေကို စစ်တပ်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေးခက်ခဲနေချိန်မှာ အခုလိုအဖမ်းအဆီးလုပ်တာဟာ ကျောက်အရောင်းအဝယ် လုပ်သူတွေအတွက် ခက်ခဲစေတယ်လို့ ကျောက်အရောင်အဝယ်လုပ်နေသူ ကိုအောင်အောင်က ပြောပါတယ်။

“NLD အစိုးရခေတ်မှာ ၁ နှစ်ကျော်လောက် လုပ်ငန်းက ရပ်ထားရတယ်။ ပြီးတော့မှ ဒီဘက် ၂၀၂၁ ရောက်တော့ အာဏာသိမ်းလည်းသိမ်းလိုက်ကော လုပ်ငန်းတွေက ထပ်ပြီးတော့ ရပ်ရပြန်ကော။ အဲ့ဒီလို ရပ်နေတဲ့အချိန်လေးမှာ ရတဲ့အချိန်လေး ထွက်လာပြီးတော့ စားဝတ်နေရေးအတွက် လုပ်ကြ၊ အန္တရာယ်တွေ ရှောင်ကြနဲ့ အခု စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ် တတိယလှိုင်းဆိုတော့ လူတွေ တော်တော်ထိကြတယ်။ အပြင်မထွက်ရဲသလောက်ကို ဖြစ်ကုန်တာ။ အဲ့တော့ ကိုဗစ် ပြသာနာကိုလည်း ရှောင်ရတယ်။ အာဏာသိမ်းတဲ့ အန္တရာယ်ကိုလည်း ရှောင်နေတဲ့ကြားကနေ လူတွေက စီးပွားရေးကြပ်တည်းလာတော့ ဘာပဲပြောပြော ဒီနေရာလေးမှာတော့ လုပ်လို့ရသေးတယ်ဆိုတဲ့ အဲဒီအသိစိတ်နဲ့ မထွက်ချင်ပဲလည်း ထွက်လာရတယ်။ အခုလိုပုံစံမျိုးတွေ ဆောင်ရွက်လိုက်တာဆိုတော့ ဒါကပိုခက် သွားတယ်ခင်ဗျ။ စားဝတ်နေရေးအတွက် ၂ နှစ်လောက် ဒုက္ခခံပြီး ရပ်တည်ရတာဖြစ်တဲ့အတွက် မဖြစ်မနေသွားနေရတာ ဘယ်သူမှ ပျော်လို့သွားနေရတာတော့မဟုတ်ဘူး။ ဒီလိုဆောင်ရွက်တယ်ဆိုတာ ပြည်သူကို ဒုက္ခထပ်ပေးတယ်လို့ပဲမြင်တယ်။”

မန္တလေး ကျောက်ဝိုင်းဟာ မန္တလေးမြို့ရဲ့ အဓိက ဝင်ငွေရရှိတဲ့နေရာ တနေရာဖြစ်ပြီး ကျောက်တွေကို တရုတ်ပြည်နဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး အရောင်းအဝယ်ပြုလုပ်တဲ့နေရာလည်းဖြစ်ပါတယ်။ မန္တလေးမြို့ ကျောက်ဝိုင်းမှာ ပုံမှန် နေ့စဉ် သောင်းနဲ့ချီတဲ့ ကျောက်အရောင်းအဝယ်သမားတွေနဲ့ အရင်က စည်ကားခဲ့ပေမဲ့ ကိုဗစ်ကပ်ရောဂါဖြစ်ထဲက လူစုလူဝေး မလုပ်ရတာကြောင့် ပိတ်ထားရပါတယ်။ ဒါတင်မက စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး၊ လုံခြုံရေး မတည်ငြိမ်မှုတွေကြောင့် ကျောက်ဝိုင်းတွေကို လာသူ မရှိသလောက်ဖြစ်နေပြီး အပြင်မှာသာ အရောင်းအဝယ်ပြုလုပ်နေကြတာလည်း ဖြစ်ပါတယ်။ မန္တလေးရဲ့ အဓိကနေရာတွေဖြစ်တဲ့ ဈေးချိုတော်နဲ့ ကျောက်ဝိုင်းကို ပြန်လည်ဖွင့်လှစ်ဖို့ စစ်ကောင်စီက ဖိအားပေးလုပ်ဆောင်လာတာတွေရှိပေမယ့် ကျောက်ဝိုင်းအနီးမှာ မကြာခဏဆိုသလို ပေါက်ကွဲမှုတွေ ဖြစ်နေတာအပြင် စစ်ကောင်စီတပ်တွေကပါ ရှိနေတဲ့အတွက် အသက်အန္တရာယ် လုံခြုံရေးအတွက် စိုးရိမ်ပြီး တော်တော်များများက မလာရဲကြတာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


=============

[[Zawgyi/Unicode]]












#Mandalay #VOABurmese


=============

XS
SM
MD
LG