သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုသိမ်ကြီး ဘိလပ်မြေစက်ရုံ ဆန္ဒပြသူနဲ့ ရဲအကြား အဓိကရုဏ်းဖြစ်ပွား


ပုသိမ်ကြီး ဘိလပ်မြေစက်ရုံ ဆန္ဒပြသူနဲ့ ရဲအကြား အဓိကရုဏ်းဖြစ်ပွား
ပုသိမ်ကြီး ဘိလပ်မြေစက်ရုံ ဆန္ဒပြသူနဲ့ ရဲအကြား အဓိကရုဏ်းဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာမှာ ကျောက်မီးသွေးသုံးဘိလပ်မြေစက်ရုံ တည်ဆောက်တာကို ကန့်ကွက်တဲ့ ကျေးရွာသားအချို့နဲ့ ရဲတပ်ဖွဲ့တို့ ဒီကနေ့မနက်ပိုင်းက ပဋိပက္ခဖြစ်ပွားခဲ့လို့ ကျေးရွာသားတချို့ ဖမ်းဆီးခံရသလို၊ သတင်းထောက်တယောက်လည်း ဖမ်းဆီး တရားစွဲဆို ခံရပါတယ်။ ဒီ ဘိလပ်မြေစက်ရုံစီမံကိန်းကို မြင့်ရင်းနှီးမြှပ်နှံမှုကုမ္ပဏီက ကြီးကြပ်ဆောင်ရွက်နေတာပါ။ ဒီအကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်း ပေးပို့ထားပါတယ်။

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာမှာ ကျောက်မီးသုံး ဘိလပ်မြေစက်ရုံတည်ဆောက်တာကို ကန့်ကွက်တဲ့ရွာသားတွေနဲ့ လုံခြုံရေးတာဝန်ရှိသူတွေအကြား ဒီကနေ့မနက်ပိုင်းမှာ ထိပ်တိုက် ပဋိပက္ခဖြစ်ခဲ့တာပါ။ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ဘက်က ပစ်ခတ်နှိမ်နင်းခဲ့ရာမှာ ကျေးရွာသွားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သလို၊ အချို့ ဖမ်းဆီးခံခဲ့ကြရပါတယ်။

ရွာသားတွေဘက်က စက်ရုံကို မီးရှို့ဖျက်ဆီးတာတွေပြုလုပ်တဲ့နောက်၊ လုံခြုံရေးတပ်ဖွဲ့တွေဖက်က ဆန္ဒပြမှုကို အကြမ်းဖက်ဖြိုခွဲခဲ့တာပါ။ အခုတော့ အခြေအနေတွေ တင်းမာနေဆဲရှိပြီး၊ ရဲတပ်ဖွဲ့အတော်မာျးများ အနီးအနားမှာ လုံခြုံရေးယူထားတယ်လို့ အောင်သပြေ ကျေးရွာသား ကိုကျော်ဇေယျက ဗွီအိုအေကို ပြောပါတယ်။

"ဝန်ကြီးချုပ်လာပြီး ကျွန်တောတို့ကို တွေ့ဆုံမယ်ပြောပြီး ကျွန်တော်တို့ကိုနှစ်သိမ့်ပြီး လူစုခွဲခိုင်းထားပြီးတော့ အခုကတော့ ကျွန်တော်တို့က လူစုခွဲပြီးပြီခင်ဗျ။ ရဲတွေကတော့ ရွာမှာနောက်ထပ် ကားတွေနဲ့ ဖြည့်တာ ရဲအင် အား ၅၀၀ လောက်ဖြစ်သွားပြီးတော့ ကျွန်တော်တို့ကို ဝင်စီးမယ့်အနေအထားမျိုးမှာ ရှိနေတယ်။ ကျွန်တော်တို့ ရွာထဲကလူတွေပါပဲ ဝန်ကြီးချုပ် လာတွေ့မယ်ဆိုပြီးတော့မှ ကျွန်တော်တို့ကို အဲ့အတိုင်း ပြောပြီးတော့မှ လူထု တွေကတော့ မလာတဲ့အခါကျတော့ မကျေမလည်တွေ ဖြစ်နေကြတာပေါ့။ သူတို့ခရိုင်ရဲမှူးလား ဘာလားတော့ မသိဘူး။ သူတို့ကလည်း ညှိပေးမယ် လူစုခွဲပေးပါဆိုပြီးတော့မှ အဲ့အတိုင်း ပြောပြီးတော့မှ အခုကျတော့ ကုမ္ပဏီ ကားတွေ အတွင်းထဲက ကားတွေ အပြင်ထုတ်ပြီးတော့မှ ရဲတွေက ဝင်ပြီးတော့မှ နေရာယူတဲ့ အနေအထားမျိုး တွေ သူတို့ ပြင်ဆင်နေတယ်။"

ရွာသားတွေဟာ မနေ့ကတည်းက ကုမ္ပဏီပိုင်ကားတွေကို လမ်းပိတ်ဆို့ပြီး ဆန္ဒထုတ်ဖော်နေတာ ဖြစ်ပါတယ်။ ဒီကနေ့မနက်မှာတော့ ရွာသားအချို့က ကုမ္ပဏီပိုင် ကားတွေနဲ့ အဆောက်အဦးတွေကို မီးရှို့ဖျက်စီးကြပါတယ်။ မီးရှို့ဖျက်စီးမှုတွေဖြစ်လာတဲ့နောက် ရဲတပ်ဖွဲ့က လူအုပ်ကို အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။ မီးရှို့ဖျက်ဆီးတဲ့သူတွေကို အရေးယူ ဆောင်ရွက် သွားမယ်လို့လည်း တာဝန်ရှိသူတွေက ဆိုပါတယ်။

ပစ်ခတ်နှိမ်နင်းတာကြောင့် ရွာသားအချို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တချို့ ဖမ်းဆီးခံခဲ့ရတယ်လို့ ရွာသားတွေ ဘက်ကပြောဆိုပါတယ်။ ရဲတပ်ဖွဲ့က ဖြိုခွင်းချိန်မှာ သတင်းယူနေတဲ့ Channel Mandalay TV သတင်းထောက် တဦးလည်း ဖမ်းဆီးခံခဲ့ရပါတယ်။

ဖမ်းဆီးပြီးတဲ့နောက်မှာ ဝတ္တရားနှောက်ယှက်မှု မီးရှို့မှု အားပေးကူညီမှု ပုဒ်မတွေနဲ့ အမှုဖွင့် ရမန်ယူထား တယ်လို့ Channel Mandalay TV က အယ်ဒီတာချုပ် ကိုမင်းဒင်က ပြောပါတယ်။

"၃၃၃ ဆိုတာ ဝတ္တရားနှောက်ယှက်မှု ၄၃၅ က မီးရှို့မှု နောက်ပြီးတော့ ၁၁၄ အားပေးကူညီမှု အဲ့ ၃ မှုနဲ့ ရမန် ယူတာ ခံလိုက်ရပါတယ်။ အဲ့အမှု ၃ မှုနဲ့ ရမန်ယူတယ်ပေ့ါ။ ဖမ်းဆီးချုပ်နှောင်ပြီး နောက်ဆုံးကတော့ ရမန် ယူထားတယ်။"

ဖမ်းဆီးခံရသူ သတင်းထောက် ကိုနန္ဒဟာ ကျင့်ဝတ်နဲ့အညီ သတင်းရယူနေတာဖြစ်လို့ အခုလိုဖမ်းဆီးတာဟာ ဒီမိုကရေစီ နိုင်ငံဖြစ်တဲ့အတွက် မဖြစ်သင့်ဘူးလို့ ကိုမင်းဒင်က ဆက်ပြောပါတယ်။

"Facebook ပေါ်မှာ Live လွှင့်နေတဲ့အတွက် ကျွန်တော်တို့ရဲ့ သက်သေအထောက်အထားတွေ ခိုင်လုံတယ်။ အဲ့တော့ ကျွန်တော်တို့ရဲ့ သတင်းထောက်သည် ပထမဆုံးပြောချင်တာကတော့ သတင်းမီဒီယာ ကျင့်ဝတ်တွေ ဥပဒေတွေ လိုက်နာပြီးကျွန်တော်တို့သည် သတင်းကို လုပ်ဆောင်နေတာဖြစ်တယ်။ အဲ့ဒါကို ကျွန်တော်တို့ ခိုင်ခိုင်မာမာပြောလို့ရတယ်။ နောက်တချက်က ဒီလိုမျိုးသူက အဲ့ဒီ Live လွှင့်တဲ့ထဲမှာလည်းပါတယ်။ သူဟာ သတင်းထောက်ပါ Live လွှင့်နေတာပါ သတင်းယူနေတာပါ ကဒ်ပါ ပါတယ်လို့ ပြောနေတဲ့အချိန်မှာ မလို ချင်ဘူး မင်းဒါဝတ္တရား နှောက်ယှက်တာပဲ ကားပေါ်တက်ဆိုပြီး တောက်လျှောက်ဖမ်းပြီး ဆွဲတင်တဲ့ ကြမ်းကြမ်း ရမ်းရမ်းနဲ့ ဒီလိုမျိုး လုပ်ဆောင်ချက်ဟာ အခု ဒီမိုကရေစီ နိုင်ငံမှာ ဒီလိုမျိုး မဖြစ်သင့်တော့ဘူး။"

ဒီဘိလပ်မြေစက်ရုံဟာ ကျောက်မီးသွေးသုံး စက်ရုံဖြစ်ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ခွင့်ပြုချက်နဲ့ တည်ဆောက်ထားတဲ့ တနေ့ တန် ၅၀၀၀ ထုတ် ကျောက်မီးသွေးသုံး ဘိလပ်မြေ စက်ရုံလည်းဖြစ်ပါတယ်။ ဒီစက်ရုံ စီမံကိန်းကို အရင်သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်က ခွင့်ပြုပေးခဲ့တဲ့ စီမံကိန်းဖြစ်ပါတယ်။

ဒေသခံတွေဟာ ဘိလပ်မြေစက်ရုံ စီမံကိန်းဖျက်သိမ်းပေးဖို့ ကျေးရွာလမ်းမှာ ကုမ္ပဏီပိုင်ကားတွေ မဖြတ်သန်းဖို့ နဲ့ ဖမ်းဆီးထားတဲ့သူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG