မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အကျပ်အတည်း ကို ဖြေရှင်းဖို့ စစ်ကောင်စီအနေနဲ့ အာဆီယံ အထူးသံတမန်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်မယ်ဆိုရင် ဒီလအတွင်းကျင်းပဖို့ရှိနေတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မြန်မာအနေနဲ့ ဖယ်ထုတ်ခံရနိုင်တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တနင်္လာနေ့က သတိပေးလိုက်ပါတယ်။
မြန်မာအပါအဝင် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံလုံးက အထူးသံတမန်အဖြစ် ဘရူးနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ကို သြဂုတ်လက သဘောတူရွေးချယ်ခဲ့ကြတာပါ။ သူ့အနေနဲ့ မြန်မာနိုင်ငံကို သွားရောက်နိုင်ဖို့ မြန်မာစစ်ကောင်စီနဲ့ ညှိုနှိုင်းနေဆဲပဲလို့ သတင်းတွေထွက်ပေါ်နေတာပါ။
တနင်္လာနေ့ကပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ မြန်မာအာဏာပိုင်တွေအနေနဲ့ အထူးသံတမန် Yusof နဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့အတွက် စိတ်ပျက်မိတယ်လို့ မလေးရှားနိုင်ငံခြားရေး ၀ န်ကြီး Saifuddin Abdullah ကပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒီအစည်းအဝေးကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်လည်း တက်ရောက်ခဲ့ပါတယ်။
ပူးပေါင်းဆောင်ရွက်မှုတွေဟာ တိုးတက်မှုမရှိဘူးဆိုရင် ဒီလနှောင်းပိုင်းမှာကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာ့စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရှိ နေဖို့ ခက်လိမ့်မယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက သူ့ရဲ့တွစ်တာမှာရေးသားထားပါတယ်။
အထူးသံတမန်Yusof ကတော့ မြန်မာခရီးစဉ်အတွင်း ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အခြားနိုင်ငံရေး ခါင်းဆောင်တွေနဲ့တွေ့ဆုံခွင့်ရဖို့ ကြိုးပမ်းနေကြောင်း ပြောကြားထားပါတယ်။
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ မဖြစ်နိုင်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တုန့်ပြန်ပြောဆိုထားပါတယ်။
-----------------------------------------