(Zawgyi/ Unicode)
မြန်မာ့အရေး ဖြေရှင်းရာမှာ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေနဲ့ပါ ထိတွေ့ဆက်ဆံဖို့ အာဆီယံ အသင်းဝင်နိုင်ငံတွေကို မလေးရှားက ထပ်မံတိုက်တွန်းလိုက်ပါတယ်။
မြန်မာစစ်ကောင်စီက အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ NUG အမျိုးသား ညီညွတ်ရေးအစိုးရ အပါအဝင် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းထားတဲ့ အတိုက်အခံ အင်အားစုတွေနဲ့ ဆက်ဆံဖို့၊ မြန်မာပြည်သူတွေကို ကျင့်ဝတ်သိက္ခာအရ အားပေးထောက်ခံဖို့ အလွန်အရေးကြီးကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးနဲ့ ဘန်ကောက်မြို့မှာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့တဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuiddun Abdullah ကပြောဆိုလိုက်တာပါ။
အာဆီယံအသင်းက စစ်ကောင်စီနဲ့သာ ဆက်ဆံနေတာဟာ တဖက်သတ်ဖြစ်နေတယ်လို့လည်း ပြောပါတယ်။ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဌာနကတော့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ NUG, PDF တို့နဲ့ ထိတွေ့ဆက်ဆံဖို့ ပြောဆိုမှုတွေနဲ့ အားပေးမှုတွေကို ရှောင်ရှားဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ပူးတွဲထုတ်ပြန်ချက်အပေါ် တုံ့ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အရပ်သား အစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းခဲ့တာ ၁ နှစ်ခွဲရှိလာချိန်မှာပဲ နိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှင်းရာမှာ တိုးတက်မှု မရှိတဲ့အပေါ် အာဆီယံ အသင်းဝင်တွေကြား စိတ်ပျက်တဲ့ သဘောထားတွေ ထွက်ပေါ်နေတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ အဆုံးသတ်ခဲ့တဲ့ ကမ္ဘောဒီးယား နိုင်ငံက အာဆီယံ အစည်းအဝေးမှာလည်း မြန်မာ့အရေး တိုးတက်မှု မတွေ့ရရင် ချဉ်းကပ်တဲ့ပုံစံ ပြောင်းလဲကောင်း ပြောင်းလဲမှာ ဖြစ်ကြောင်းလည်း အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားကလည်း သတိပေးထားပါတယ်။
(Unicode)