အစ္စလာမ္မစ် အစွန်းရောက် IS စစ်သွေးကြွ အဖွဲ့နဲ့ ချိတ်ဆက်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အီဂျစ်နိုင်ငံသား ၆ ဦး၊ တူနီးရှား နိုင်ငံသား တဦးတို့ကို မလေးရှားက နေရပ်ရင်းကို ပြန်ပို့လိုက်ပါတယ်။
လူ့အခွင့်အရေး အဖွဲ့တွေကတော့ ဒီလုပ်ရပ် အပေါ်မှာ ဆန့်ကျင် ကန့်ကွက်ခဲ့ကြပါတယ်။ အခု သံသယ ရှိသူတွေထဲမှာ အီဂျစ်နိုင်ငံက မတရားအသင်း မူဆလင် ညီအကိုတော်များ အဖွဲ့ဝင်တွေ အဖြစ် ဝန်ခံထားကြတယ်လို့ ဆိုသူ ၅ ဦးလည်း ပါဝင်ကြောင်း ရဲစုံစမ်းရေးမှူး Mohamad Fuzi က တနင်္ဂနွေနေ့ထုတ် ကြေညာချက်မှာ ပြောဆိုထားပါတယ်။
ညီအကို မူဆလင်တော်များ အဖွဲ့ဝင်တွေကို အကြမ်းဖက်ဝါဒီတွေ အဖြစ် သတ်မှတ်ခံထားရတဲ့ အီဂျစ်နိုင်ငံမှာ သူတို့ကို နှိပ်စက်ညှဉ်းပန်းခံရနိုင်တယ်လို့ အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေက ပြောဆိုကြပါတယ်။ ဌာနေပြန်ပို့ခံရတဲ့ တူနီရှား နိုင်ငံသား တဦးနဲ့ အီဂျစ် နိုင်ငံသား တဦးတို့ကတော့ ကုလသမဂ္ဂက အကြမ်းဖက်ဝါဒစွဲ အဖွဲ့ အဖြစ် သတ်မှတ်ထားတဲ့ Ansar al-Sharia al-Tunisia အဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ရဲစုံစမ်းရေးမှူး Mohamad Fuzi က ပြောပါတယ်။
သူတို့နှစ်ဦးစလုံးကတော့ အသက် ၂၀ ကျော် အရွယ်တွေ ဖြစ်ပြီး ၂၀၁၆ ခုနှစ်တုန်းကလည်း နိုင်ငံတွင်းကို တရားမဝင် ဝင်ရောက်ဖို့ ကြိုးပမ်းမှုနဲ့ ဖမ်းဆီးခံခဲ့ရဖူးပါတယ်။ တတိယ နိုင်ငံတခုကို သွားရောက် တိုက်ခိုက်ဖို့ ကြံစည်ချက်နဲ့ မလေးရှားကို ဝင်ဖို့ နိုင်ငံကူး လက်မှတ်အတုကို သုံးခဲ့ကြတယ် ဆိုပြီးလည်း ရဲတပ်ဖွဲ့က ပြောပါတယ်။
တခြား အီဂျစ်နိုင်ငံသား ၅ ဦးတို့ကတော့ မူဆလင် ညီအကိုတော်များ အဖွဲ့ဝင်တွေလို့ ဝန်ခံထားပြီး Ansar al-Sharia နဲ့ ချိတ်ဆက်တဲ့ အဖွဲ့ဝင် နှစ်ဦးကို နေထိုင် သွားလာရေး အလုပ်အကိုင်ရရှိရေး အတွက် ဆောင်ရွက်ပေးနေတာလို့လည်း စွပ်စွဲခံထားရပါတယ်။ ဒီနိုင်ငံခြားသားတွေက လုံခြုံရေး အတွက် အန္တရာယ် ရှိတာကြောင့် သံသယ ရှိသူ အားလုံးကို နေရပ်ရင်း နိုင်ငံတွေကို ပြန်ပို့လိုက်ပြီး ဖြစ်ကြောင်း၊ ဒါ့အပြင် မလေးရှား နိုင်ငံထဲကို တသက်လုံး ဝင်ခွင့် မရအောင် နာမည်ပျက်စာရင်းသွင်းဖို့လည်း အကြံပြုထားကြောင်း ရဲစုံစမ်းရေးမှူး Mohamad Fuzi က ပြောပါတယ်။