သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားဝန်ကြီးချုပ်ဟောင်း Najib ကို အဂတိလိုက်စားမှုနဲ့ စွဲချက်တင်


တရားရင်ဆိုင်ဖို့ တရားရုံးလာရောက်သူ Najib Razak (အလယ်)
တရားရင်ဆိုင်ဖို့ တရားရုံးလာရောက်သူ Najib Razak (အလယ်)

မလေးရှားဝန်ကြီးချုပ်ဟောင်း Najib Razak ကို မလေးရှား နိုင်ငံပိုင် 1MDB လုပ်ငန်းကြီးက ဒေါ်လာဘီလီယံနဲ့ချီ ငွေကြေးအလွဲသုံးစားမှုနဲ့ အောက်တရားရုံးက ဗုဒ္ဓဟူးနေ့မှာ တရားဝင် တရားစွဲဆိုလိုက်ပါတယ်။ ဝန်ကြီးချုပ်ဟောင်းကတော့ သူ့မှာ အပြစ်မရှိကြောင်း ပြောကြား ခဲ့ပေမယ့် လက်ရှိဝန်ကြီးချုပ်သစ် Mahathir Mohamad ကတော့ သူဟာ 1MDB လုပ်ငန်းကြီးနဲ့ ပတ်သက်ပြီး တာဝန်အပြည့်ရှိကြောင်း ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

မလေးရှားဝန်ကြီးချုပ်ဟောင်း Najib Razak ကို မလေးရှား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အရာရှိတွေက သူ့ရဲ့ နေအိမ်မှာ ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ပြီး နောက်တနေ့ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့မှာပဲ နိုင်ငံကပေးအပ်ထားတဲ့ အာဏာကို အလွဲသုံးစား လုပ်မှု ၃ မှု၊ အကျင့်ပျက် ခြစားမှု ၁ မှု တို့နဲ့ အောက်တရားရုံးကနေ တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။ ပြဿနာပေါ်နေတဲ့ နိုင်ငံပိုင် 1MDB ရဲ့ လုပ်ငန်းခွဲ တခုဖြစ်တဲ့ SRC International ဆီကနေ ဒေါ်လာ ၁၀.၄ ဘီလီယံ လွဲှပြောင်းရယူမှုနဲ့ ဝန်ကြီးချုပ်ဟောင်း Najib ကို စွပ်စွဲထားတာပါ။

တရားရုံး စစ်ဆေးမှုမှာ အသက် ၆၄ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်းက သူ့မှာအပြစ်မရှိကြောင်း လျှောက်လဲခဲ့သလို အမေရိကန်ဒေါ်လာ ၂ သိန်းခွဲ အာမခံ တင်ပြီး၊ သူ့ရဲ့ နိုင်ငံကူး ပတ်စ်ပို့ ၂ ခုကို ပြန်အပ်ခဲ့ပြီး နောက်မှာတော့ သူ့ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အခုလို အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပြီးနောက် သတင်းထောက်တွေကို ပြောဆိုရာမှာတော့ သူ့အတွက် နာမည်ပျက်စရာ ဖြစ်နေတာတွေကို ဖြေရှင်းနိုင်မယ့် အခွင့်အလန်းတခုအဖြစ်နဲ့ အမှုကို ရင်ဆိုင်ဖို့ အသင့်ရှိကြောင်း မစ္စတာ Najib က မလေးဘာသာနဲ့ ခုလိုပြောပါတယ်။

“တရားရေး လုပ်ငန်းစဉ်တွေဟာ တရားဥဒေအတိုင်း လေးစားလိုက်နာမှုရှိပြီး တကယ်မှန်ကန်ဖို့ ကျွန်တော်မျှော်လင့်ထား ပါတယ်။ ကျွန်တော့်မှာ အပစ်မရှိဘူးဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။ အခုလို တရားရင်ဆိုင်တာဟာ ကျွန်တော့် အပြစ်ကင်းကြောင်း သက်သေပြနိုင်မယ့် သိပ်ကောင်းတဲ့ အခွင့်အလန်းလို့ ယုံကြည်ပါတယ်။”

မစ္စတာ Najib အပေါ် တရားစွဲဆိုလိုက်တဲ့ အမှုတမှုချင်းစီဟာ အများဆုံးထောင်ဒဏ် အနှစ် ၂၀ အထိ ကျခံရနိုင်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း Najib ဟာ သူတာဝန်ယူစဉ်မှာ ထူထောင်ခဲ့တဲ့ နိုင်ငံပိုင် 1MDB က ငွေကြေး အလွဲသုံးစားမှုတွေကို စုံစမ်းစစ်ဆေးရာမှာ အဓိကတာဝန်ရှိသူ တဦးအဖြစ် စစ်ဆေးခံနေရတာ ဖြစ်ပါတယ်။

ငွေကြေး အရှုပ်တော်ပုံနဲ့ နံမယ်ကြီးနေတဲ့ မစ္စတာ Najib ဟာ မေလ ၉ ရက် ရွေးကောက်ပွဲမှာ တချိန်က သူနဲ့သိပ်ရင်းနှီးတဲ့ မဟာမိတ်ဖြစ်သူ Mahathir Mohamad ကိုရှုံးနိမ့်ခဲ့ပါတယ်။ မစ္စတာ Najib ဟာ သူအဖမ်းခံခဲ့ရပြီး မကြာခင်မှာပဲ သူဟာ လုံးဝခြောက်ပစ်ကင်းသဲလဲစင် မဟုတ်ပေမယ့် သူနဲ့ သူ့မိသားစုအပေါ် စွပ်စွဲတာတွေ အားလုံးဟာ မှန်နေတာတော့ မဟုတ်ဘူးလို့ သူ့တွစ်တာကနေ ရေးခဲ့ပါတယ်။

မစ္စတာ Najib ရဲ့ အတိုက်အခံ Anwar Ibrahim နဲ့ လက်တွဲဆောင်ရွက်နေတဲ့ ဝန်ကြီးချုပ် Mahathir ကတော့ ဒီအမှုဟာ အစကတည်းက အဖြေပေါ်ပြီးသား အမှု ဖြစ်ကြောင်းနဲ့ 1MDB နဲ့ ပတ်သက်ပြီး မစ္စတာ Najib မှာ လုံးဝ တာဝန်ရှိတယ်လို့ ပြောပါတယ်။

“သူဟာ 1MDB အတွက် လုံးဝ တာဝန်ရှိတဲ့ သူပါ။ သူ့လက်မှတ်မပါပဲနဲ့ ဘာမှ မလုပ်နိုင်ပါဘူး။ သူ့လက်မှတ်တွေကို 1MDB က ပြုလုပ်တဲ့ သဘောတူညီချက်တွေ အားလုံးမှာ တွေ့ရပါတယ်။ ဒါကြောင့် သူ့မှာ တာဝန် အပြည့်ရှိပါတယ်။”

မစ္စတာ Najib ဟာ သူဝန်ကြီးချုပ် တာဝန်ထမ်းဆောင်စဉ်က နိုင်ငံပိုင် 1MDB ကနေ အမေရိကန် ဒေါ်လာဘီလျံနဲ့ချီပြီး အလွဲသုံးစား လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေရှိနေသလို အမေရိကန် တရားရေး ဝန်ကြီးဌာနကလည်း မလေးရှားနိုင်ငံပိုင် 1MDB လုပ်ငန်းကနေ ဒေါ်လာ ၄.၅ ဘီလီယံ ခိုးယူခံခဲ့ရကြောင်းနဲ့ ဒီအထဲက တချို့ကတော့ ဝန်ကြီးချုပ်ဟောင်းရဲ့ ကိုယ်ပိုင်ဘဏ်စာရင်းထဲကို ရောက်ကုန်တဲ့အကြောင်း ပြောဆိုထားပါတယ်။

အခုလို စွပ်စွဲမှုတွေက မကြာသေးခင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ သူ့ကို ရှုံးနိမ့်စေခဲ့တာ ဖြစ်သလို သူနဲ့ သူ့ဇနီးဖြစ်သူ Rosmah Mansor တို့ကို အစိုးရ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့က စစ်ဆေးမေးမြန်းမှုတွေ လုပ်နေတာ ဖြစ်ပြီး သူတို့ရဲ့ ပြည်ပထွက်ခွါခွင့်လည်း အပိတ်ပင် ခံနေရတာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ မစ္စတာ Najib နဲ့ ပတ်သက်နေတဲ့ နေရာတွေကို ဝင်ရောက် စီးနင်းမှုတွေကနေ ငွေသား အမေရိကန် ဒေါ်လာ ၂၇၅ သန်းနီးပါးနဲ့ လက်ဝတ်ရတနာတွေ အဖိုးတန်လက်ကိုင်အိတ်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ မလေးရှားရဲတွေက ကြေညာပါတယ်။ လက်ဝတ်ရတနာ ပစ္စည်း ၁၂ ၀၀၀၊ လက်ကိုင်အိတ် ၅၆၇ လုံး၊ နာရီ ၄၂၃ လုံးနဲ့ နေကာမျက်မှန် ၂၃၄ လက်တို့ ပါဝင်ပြီး အဖိုးအကြီးဆုံးကတော့ ဒေါ်လာ တသန်းကျော် တန်တဲ့ လည်ဆွဲဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်းကို စွပ်စွဲထားတာတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်အသစ် Mahthir အစိုးရက စုံစမ်းစစ်ဆေးမှုတွေ ပြန်လည် လုပ်ဆောင်နေ သလို အမှုကိုတော့ ရှေ့နှစ် ဖေဖော်ဝါရီလ လောက်ကျမှ စတင်ကြားနာဖို့ ယာယီသတ်မှတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG