စစ်ကောင်စီ ဖိနှိပ်အုပ်ချုပ်မှုကို ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေကို အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အရေးတကြီး အကူအညီတွေပေးဖို့ လိုအပ်နေကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း Saifuddin Abdullah က ဇန်နဝါရီ ၂၈ ရက်၊ စနေနေ့က ပြောကြားလိုက်ပါတယ်။
"စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခုခံတဲ့ နှစ်နှစ်တာကာလ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရေးမှာ ဒေသတွင်း တုံ့ပြန်မှုများ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့က ပြုလုပ်တဲ့ အွန်းလိုင်းဆွေးနွေးပွဲမှာ Saifuddin Abdullah ပါဝင်ဆွေးနွေးပြောဆိုခဲ့တာပါ။
အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနဲ့ မြန်မာအခြေစိုက် လူထုအခြေပြုအဖွဲ့အစည်း (၁၀) ဖွဲ့ ပူးပေါင်းပြီး စနေနေ့က ပြုလုပ်တဲ့ မြန်မာ့အရေး အွန်လိုင်းဆွေးနွေးပွဲမှာ သူ အဓိက ပြောကြားခဲ့တဲ့ အချက်တွေထဲ - အာဆီယံ အဖွဲ့ကြီးအနေနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ NUCC အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီတို့နဲ့ မဖြစ်မနေ ထိတွေ့ဆက်ဆံဖို့၊ မြန်မာ့အကျပ်အတည်း အလှူရှင်ဖိုရမ် ဖွဲ့စည်းဖို့၊ စစ်ကောင်စီရွေးကောက်ပွဲကို တားဆီးဖို့ ဆိုတာတွေပါဝင်ကြောင်း ကိုယ်ပိုင် လူမှုကွန်ယက် Twitter မှာ စနေနေ့က မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ရေးသားထားပါတယ်။
ဒါအပြင် ဇန်နဝါရီလဆန်းပိုင်းက Jackata Post သတင်းစာကြီးရဲ့အတွေးအမြင်ကဏ္ဍမှာ "စစ်ကောင်စီ ချပြထားတဲ့ ရွေးကောက်ပွဲ လမ်းကြောင်းဟာ အတုအယောင်သာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ကို သက်ဆိုးရှည်စေမှာဖြစ်တယ်" လို့ Saifuddin Abdullah က ရေးသားခဲ့ပါတယ်။ သူ့ရဲ့ဆောင်းပါးထဲမှာလည်း စစ်ကောင်စီဟာ ၂၀၂၂ခုနှစ် တနှစ်အတွင်း အရပ်သားတွေကို လေကြောင်းကနေ တိုက်ခိုက်မှုအကြိမ်ပေါင်း ၃၇၄ ကြိမ်ပြုလုပ်ခဲ့တယ်လို့ နိုင်ငံတကာစစ်တမ်းတခုကို ကိုးကားဖေါ်ပြခဲ့ပါတယ်။
၁၉၉၆ ခုနှစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်တဲ့ နအဖ စစ်အစိုးရလက်ထက် မြန်မာကို အာဆီယံအဖွဲ့ဝင် ဖြစ်လာစေဖို့ မလေးရှားနိုင်ငံဟာ အဓိကထောက်ခံကူညီခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အထူးသဖြင့် ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ စွပ်စွဲချက်တွေ ဖြစ်လာခဲ့ပြီးနောက် မြန်မာ့အရေးမှာ မလေးရှားက သဘောထား ပြောင်းလဲလာခဲ့တာပါ။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ပိုမိုဆိုးရွားလာတဲ့ မြန်မာ့အကျပ်အတည်းနဲ့ ပတ်သက်လို့ စစ်ကောင်စီအပေါ် သဘောထား တင်းမာတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာ မလေးရှားက အဓိက ပါဝင်နေပါတယ်။ စစ်ကောင်စီဘက်ကလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ပဋိဉာဉ်အရ နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ဖို့ သဘောထားတုံ့ပြန်ထားပါတယ်။
==== Unicode ====