သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားရောက် မြန်မာနိုင်ငံသားတဦး လူသတ်မှုနဲ့သေဒဏ်အပြစ်ချမှတ်ခံရ 


 မလေးရှားနိုင်ငံမှာ ဂရပ်အငှားယာဥ်မောင်းတဦးကိုသတ်ဖြတ်မှုနဲ့ ဇူလိုင်လ (၂၉) ရက်၊ ၂၀၂၃ မှာ သေဒဏ်စီရင်ချက်ချခံရသူဆွာလေး(မြန်မာ) နဲ့ ဂါပိဆင်းဂ် (အိန္ဒိယ) နှစ်ဦး။ (ဓာတ်ပုံ-မလေးရှားရဲတပ်ဖွဲ့)
မလေးရှားနိုင်ငံမှာ ဂရပ်အငှားယာဥ်မောင်းတဦးကိုသတ်ဖြတ်မှုနဲ့ ဇူလိုင်လ (၂၉) ရက်၊ ၂၀၂၃ မှာ သေဒဏ်စီရင်ချက်ချခံရသူဆွာလေး(မြန်မာ) နဲ့ ဂါပိဆင်းဂ် (အိန္ဒိယ) နှစ်ဦး။ (ဓာတ်ပုံ-မလေးရှားရဲတပ်ဖွဲ့)

လွန်ခဲ့တဲ့ ၅ နှစ်ခန့်က မလေးရှားနိုင်ငံ စီလန်ဂေါ (Selangor) ပြည်နယ် ဆာလာရမ်း (Selayang) မြို့မှာ ဒေသခံ Grab ယာဥ်မောင်းတဦးကိုသတ်ဖြတ်မှုနဲ့ အပြစ်ရှိတယ်ဆိုပြီး မြန်မာနိုင်ငံသားတဦးနဲ့ နိုင်ငံခြားသားတဦးတို့ကို ဇူလိုင်လ ၂၉ ရက်နေ့က သေဒဏ်ချမှတ်လိုက်ပါတယ်။ သူတို့အတွက် ဥပဒေကြောင်းအရ ချေပခွင့်နဲ့ လိုအပ်တဲ့အကာအကွယ်တွေရခဲ့ရဲ့လား-ဆိုတာ မေးခွန်းထုတ်စရာရှိတယ်လို့ မလေးရှားရောက် မြန်မာ့အရေးလှုပ်ရှားသူတချို့က ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံ စီလန်ဂေါ (Selangor) ပြည်နယ် ဆာလာရမ်းမြို့မှာ ဒေသခံ Grab ယာဥ်မောင်းတဦးကိုသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံသားတဦးနဲ့ နိုင်ငံခြားသားတဦးကို ဆာလာရမ်းတရားရုံးကနေ ၂၀၁၈ ခုနှစ် ဇွန်လတုန်းက တရားစွဲဆိုခဲ့တာပါ။။ အဲ့ဒီလို တရားစွဲပြီး ၅ နှစ်အကြာ ဒီနှစ် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့က (၃၈) နှစ်အရွယ် မြန်မာနိုင်ငံသား ဆွာလေးနဲ့ (၂၈) နှစ်အရွယ်အိန္ဒိယသားတဦးကို သေဒဏ်ပေးခဲ့တယ်လို့ မလေးရှားနိုင်ငံက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုစိုးထက်သိန်းက ဗွီအိုအေကို ပြောပြပါတယ်။

"သေဒဏ်ပေးလိုက်တယ်ပေါ့နော်။ သေဒဏ်မှာက ကြိုးပေးတဲ့ သေဒဏ်ပေးမယ်လို့ သိရပါတယ်။ ဘယ်အချိန်မှာ ပေးမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။"

သေဆုံးသူမှာ လည်ပင်းညှစ်ခံထားရတဲ့ ဒဏ်ရာတွေရှိနေပြီး တရားခံတွေအဖြစ် သေဒဏ်စီရင်ချက်ချမှတ်ခံရသူနှစ်ဦးကတော့ သေဆုံးသူရဲ့တက္ကစီကို နောက်ဆုံး ငှားရမ်းခဲ့ကြသူတွေလို့ ပြောပါတယ်။ တက္ကစီကားအတွင်း သက်သေ အထောက်အထားတွေကို DNA စစ်ဆေးရာမှာ တရားခံနှစ်ဦးရဲ့ DNA တွေ ဖြစ်နေတာတွေ့ခဲ့ရတယ်လို့ မလေးရှားသတင်းတွေမှာ ဖော်ပြကြပါတယ်။

တရားခံအဖြစ် စွပ်စွဲခံရသူတွေအနေနဲ့ ဥပဒေကြောင်းအရ အကူအညီ လုံလုံလောက်လောက် ရခဲ့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်တယ်လို့ ကိုစိုးထက်သိန်းက ပြောပါတယ်။

"Grab တက္ကစီသမားကိုသတ်တယ်ဆိုတာ ရုတ်တရက်ကတော့ ဘယ်လိုမှ လက်ခံလို့မရတဲ့ အနေအထားပါ။ တကယ်ဖြစ်သွားခဲ့တယ်ဆိုရင်လည်း ကျနော်တို့ မသိနိုင်ဘူး။ တက္ကစီထဲမှာ DNA ရတယ်ဆိုတာ။ Public အသုံးပြုမှုက အကုန်လုံး သုံးနေတာပဲလေ။ လူတိုင်းဟာတော့ ရှိနေမှာပဲ။ ဒါပေမဲ့ ဥပဒေကြောင်းအရ ကာကွယ်ပိုင်ခွင့် အပြည့်အဝရခဲ့လား။ အဲဒီအပေါ်မှာတော့ မေးခွန်းထုတ်စရာ ရှိနေပါတယ်။"

တရားရုံးကတော့ မြန်မာအမျိုးသားဆွာလေးနဲ့ အိန္ဒိယအမျိုးသား ဂါပိဆင်း (Gurpreet Singh) တို့ နှစ်ဦးဟာ ၂၀၁၈ ခုနှစ် ဇွန်လက စီလင်ဂေါပြည်နယ် ဆာလာရမ်း မှာ အသက် ၂၇ အရွယ် မလေးရှား အငှားယာဉ်မောင်းကို သတ်ဖြတ်ခဲ့သူတွေအဖြစ် အပြစ်ရှိကြောင်း ခိုင်ခိုင်မာမာ ပြောဆိုပါတယ်။

သူတို့နှစ်ဦးကို ထောင်ဒဏ်နှစ်ရှည်နဲ့ ကြိမ်ဒဏ်ပေးဖို့ သူတို့ ရှေ့နေတွေက တောင်းဆိုခဲ့ပေမဲ့ အယူခံ ငြင်းပယ်ခံရပြီး သေဒဏ်ပေးခံရတာ ဖြစ်ပါတယ်။

စွပ်စွဲခံရသူနှစ်ဦးစလုံးကတော့ သူတို့ လူသတ်မှု ကျူးလွန်ကြောင်း ငြင်းဆိုပြီး တရားရုံးမှာ ဆက်လက် ရင်ဆိုင်နေခဲ့သလို ၅ နှစ်အကြာမှာ ခုလို သေဒဏ် ချမှတ်ခံရတာပါ။ မလေးရှားနိုင်ငံမှာ သေဒဏ်ကျ ခံနေရတဲ့ နိုင်ငံခြားသား ၁,၀၄၂ ဦး ရှိနေပြီး အများစုက မူးယစ်ဆေးဝါးမှု၊ အကြမ်းဖက်မှု စတဲ့ ရာဇဝတ်မှုတွေကြောင့် ဖြစ်ပါတယ်။ သေဒဏ်ပေးခံရတဲ့သူတွေကိုတော့ ကြိုးပေးကွပ်မျက်လေ့ ရှိပါတယ်။

အခု တရားခံနှစ်ဦးလုံးဟာ မလေးရှားမှာရှိတဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံ UNHCR က ဒုက္ခသည်တွေအဖြစ် အသိအမှတ်ပြု သက်သေခံကပ်ပြားတွေကို ကိုင်ဆောင်ထားသူတွေဖြစ်တယ်လို့လည်း မလေးရှားသတင်းတွေမှာ ဖော်ပြကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG