မလေးရှားဝန်ကြီးချုပ်ဟောင်း Muhyiddin Yassin ကို အာဏာပိုင်တွေက ဒီနေ့မှာ ဖမ်းဆီးလိုက်ပြီး၊ သူ့ကို အဂတိလိုက်စားမှုတွေနဲ့ တရားစွဲဆိုသွားမှာ ဖြစ်တယ်လို့ မလေးရှားနိုင်ငံရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အေဂျင်စီက ပြောလိုက်ပါတယ်။
ဝန်ကြီးချုပ်ဟောင်း Muhyiddin ကို သူ့အစိုးရလက်ထက်က စီးပွားရေးပြန်လည်နလန်ထူရေးစီမံကိန်း နဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းခဲ့ပြီးတဲ့နောက်၊ ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ မလေးရှားအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ကြေငြာချက်ထဲမှာ ပြောထားပါတယ်။
၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်ကြားမှာ မလေးရှားဝန်ကြီးချုပ်အဖြစ်နဲ့ ၁၇ လ ကြာတာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း Muhyiddin ကို အာဏာအလွဲသုံးစားလုပ်မှု၊ ငွေကြေးခဝါချမှုနဲ့ ဆက်စပ်တဲ့ ဥပဒေတွေနဲ့ စွဲချက်တင်သွားမှာဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟောင်း Muhyiddin နဲ့ သူ့ရဲ့ပါတီဟာ ပြိးခဲ့တဲ့ နိုဝင်ဘာလက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် Anwar Ibrahim ကို ကပ်ပြီးတော့ ရှုံးနိမ့်ပြီးတဲ့နောက် အဂတိလိုက်စားမှုတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးခံနေရတာဖြစ်ပါတယ်။
လက်ရှိဝန်ကြီးချုပ် Anwar ကတော့ ကိုဗစ် ၁၉ အကူအညီပေးရေးအစီအစဉ်တွေအပါအဝင် Muhyiddin လက်ထက်က အတည်ပြုခဲ့တဲ့ ဒေါ်လာဘီလျံပေါင်းများစွာတန်တဲ့ အစိုးရစီမံကိန်းတွေကို ပြန်ပြီးတော့ သုံးသပ်ဖို့ မနှစ်က အမိန့်ထုတ်ခဲ့ပြီး၊ အဲဒီစီမံကိန်းတွေဟာ လုပ်ထုံးလုပ်နည်းတွေအညီ မလုပ်ဆောင်ခဲ့ဘူးလို့ စွပ်စွဲထားပါတယ်။
ဝန်ကြီးချုပ်ဟောင်း Muhyiddin ဘက်ကတော့ အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး၊ ဒါတွေဟာ နိုင်ငံရေးအရ အငြိုးထားပြီး လုပ်ဆောင်တာသာဖြစ်တယ်လို့ ပြောပါတယ်။