သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှား လူဝင်မှု စိစစ်ရေးကြောင့် မြန်မာလုပ်သားတွေ ဒုက္ခရောက်


မလေးရှားရောက် နိုင်ငံခြားသား အလုပ်သမားများ။
မလေးရှားရောက် နိုင်ငံခြားသား အလုပ်သမားများ။
မလေးရှားနိုင်ငံတွင်းမှာ တရားမဝင်နေထိုင်မှု စိစစ်ဖို့နဲ့ မှုခင်းတွေ လျှော့ချဖို့ စီမံချက်နဲ့ မလေးရှားအစိုးရကနေ နိုင်ငံတွင်းမှာရှိတဲ့ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြား အလုပ်သမားတွေကို တပြည်လုံး အတိုင်းအတာနဲ့ ဖမ်းဆီးနေတယ်လို့ မလေးရှားရောက် အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ အခု ဖမ်းဆီးမှုမှာတော့ တရားဝင် ဝင်ရောက် နေထိုင်သူတွေကိုလည်း သိမ်းကျုံးဖမ်းဆီးနေသလို ဒီဖမ်းဆီးမှု စီမံချက်ကြောင့် တရားမဝင် မြန်မာအလုပ်သမားတွေ အတွက်ကတော့ စိုးရိမ်နေရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။ ဒီအခြေအနေတွေကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ တရားမဝင် နေထိုင်တဲ့သူတွေကို မလေးရှား ရဲတပ်ဖွဲ့တွေ ကနေ စက်တင်ဘာလဆန်းမှာ ဖမ်းဆီးမှုတွေ ပြင်းထန်စွာ ပြုလုပ်နေပါတယ်။ မလေးရှားအစိုးရအနေနဲ့ စီမံချက်ကာလအတွင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ တရားမဝင် နေထိုင်သူတွေကို ဖမ်းဆီးနေတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုအောင်ကြီးက ပြောပါတယ်။

“အခုက စက်ရုံတွေကို လိုက်ဖမ်းနေပါတယ်။ စက်မှုဇုန်တွ လိုက်ဖမ်းတယ်။ ပိတ်ပြီးတော့ ဖမ်းတယ်။ နောက် city ထဲမှာ ဖမ်းတာကတော့ သကြားလုံးစက်ရုံမှာ ဖမ်းနေပါတယ်။ ဖမ်းတာကတော့ တနိုင်ငံလုံးကို ဖမ်းမှာပဲလေ။ ဒါပေမဲ့ သူတို့ ဒီနေ့ Foreigners အများစု ရှိတဲ့နေရာကို ဦးစားပေး နံပါတ်တစ်ပေါ့နော် အဲ့ဒါကို ဝင်ဖမ်းတာပေါ့။ တလမ်းလုံးက မြန်မာအများစုနေတာများတယ်။ မြန်မာရွာလို့ ခေါ်လို့ရတာပေါ့။ အဲ့ဒီမှာ UNHCR ပေါ့ ဒုက္ခသည်ကဒ်ရှိမယ်။ တရားဝင် စာရွက်စာတမ်းနဲ့လူရှိမယ်။ နောက် တရားမဝင်တဲ့လူတွေရှိတယ်။ စီမံချက်က ၃ လ လို့ကြားထားတယ်။”

အရင်ကဆိုရင် မလေးရှားအာဏာပိုင်တွေအနေနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးမှုတွေ ပြုလုပ်နေပေမဲ့ အခုအခါမှာတော့ တရားဝင် အလုပ်သမားတွေကိုပါ သိမ်းကျုံးဖမ်းဆီးနေတယ်လို့ ကိုအောင်ကြီး ကပဲ ဆက်ပြောပါတယ်။

“အခုက တရားမဝင်တာရော၊ တရားဝင်တာရော မသိဘူး။ သူတို့က ဖမ်းတာပေါ့။ ဖမ်းပြီးတဲ့အခါကျတော့ စခန်းရောက်မှ သူတို့က ရှင်းကြတာ။ မနေ့က ကျနော်တို့ ဘယ်မှာလဲဆိုတော့ နေ့ပိုင်းမှာ ဖမ်းသွားတဲ့သူတွေကျတော့ ပါမစ်လည်းရှိတယ်။ အားလုံးမှန်တယ်။ ဒါပေမဲ့ လုပ်တဲ့ ဆိုင်လိပ်စာ မတူတဲ့အတွက် ဖမ်းခံရတယ်။ မနေ့ကတော့ ချင်းလူမျိုး ၁၀၀ ပေါ့။ သူတို့ ဘုရားရှိခိုးကျောင်းကနေပြီးတော့
ပြန်တဲ့အချိန်မှာ ဖမ်းခံရတယ်။ နောက်ထပ် အယောက် ၂၀၀ ကတော့ ကွာလာလမ်ပူနဲ့ပေါ့ အနီးတဝိုက်တွေပေါ့ အကုန်အဖမ်းခံရတာပေါ့နော်။ မနေ့က ကွာလာလမ်ပူမှာတင် အားလုံး ဖမ်းတာ ၃၀၀ လောက်ရှိတယ်ခင်ဗျ။”

“ပီနန်မှာကတော့ အယောက် ၅၀ လောက်ရှိတယ်။ --- မှာကျတော့ အယောက် ၅၀ လောက်ရှိတယ်။ မြန်မာအားလုံးပေါင်းရင် အယောက် ၅၀၀ လောက်ရှိတယ်။ ခန့်မှန်းချေ။ အခုလောလောဆယ်တော့ ဝင်နေတယ်။ ဖမ်းတုန်းပဲရှိသေးတယ်။ မပြီးသေးဘူး။”

မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမား အရေအတွက် ၆ သိန်းနီးပါးရှိပြီး၊ အဲဒီအထဲက ၅ သိန်းဝန်းကျင်လောက်ဟာ တရားမဝင် အလုပ်သမားများ ဖြစ်တယ်လို့လည်း Burma Campaign မလေးရှားအဖွဲ့ကနေ စာရင်းပြုစုထားပါတယ်။ အခုလို ဖမ်းစီးမှုစီမံချက်ကြောင့် တရားမဝင် မြန်မာအလုပ်သမားတွေ အတွက်ကတော့ စိုးရိမ်နေရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ မလေးရှားရောက် မြန်မာတိုင်းရင်းသားများ ညွန့်ပေါင်းအဖွဲ့ ဥက္ကဌ စောခင်အောင် က ပြောပါတယ်။

“စိုးရိမ်ရတဲ့ အခြေအနေဆိုတာက အခု များသောအားဖြင့်က ကျနော်တို့ မြန်မာပြည်က လာတဲ့လူများတယ်။ သူတို့က ဘာမှ လက်ထဲမှာ မရှိသေးတဲ့လူတွေပေါ့ဗျာ။ ဆိုလိုချင်တာက work permit တို့၊ နေထိုင်စရာ လက်မှတ်တို့ ဘာတို့ နည်းနည်း အာမခံချက်ရှိမယ့် UN ကဒ်တို့ မရှိသေးတဲ့သူတွေက များတယ်ခင်ဗျ။ ဆိုတော့ အဲ့ဒီလူတွေအတွက်က တော်တော် စိုးရိမ်စရာရှိတာပေါ့နော်။”

ဒါပေမဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ဒုက္ခသည်လက်မှတ် ကိုင်ဆောင်ထားတဲ့သူတွေကိုတော့ စစ်မှန်ကြောင်း စိစစ်ပြီး ပြန်လွှတ်ပေးနေတယ်လို့ မလေးရှားရောက် မြန်မာတိုင်းရင်းသားများ ညွန့်ပေါင်းအဖွဲ့ ဥက္ကဌ စောခင်အောင်က ပြောပါတယ်။

“UN ကဒ် ရသွားပြီးတဲ့သူတွေကတော့ သူတို့ လွှတ်ပါတယ်။ ဒါပေမဲ့လည်း သူတို့ မသင်္ကာလို့ရှိရင်တော့ ခေါ်သွားထိန်းသိမ်းမယ်။ ထိန်းသိမ်းပြီး သူတို့ စစ်ဆေးကြည့်လိုက်လို့ UN ကဒ် အစစ်အမှန်ဆိုရင်တော့ သူတို့ ပြန်လွှတ်ပေးပါတယ်။”

အခုလို တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖမ်းဆီးနေတာကြောင့် မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားတွေဟာ စိုးရိမ်ပူပန်စွာနဲ့ နေထိုင်နေရတယ်လို့လည်း အလုပ်သမားတဦးက မွန်ဘာသာနဲ့ အခုလို ပြောပါတယ်။

“ဒီမှာတော့ အစွမ်းကုန် ဖမ်းဆီးနေတယ်။ သတိထားပြီး နေနေရတာပေါ့နော်။ အားလုံးကလည်း စိုးရိမ်နေကြရတယ်။ ကျနော်တို့ အလုပ်လုပ်တဲ့ဆိုင်မှာဆိုရင် သူပြန်ချင် ငါပြန်ချင် ဖြစ်နေကြတယ်” လို့ မွန်ဘာသာလို ပြောဆိုသွားတာပါ။

ဖမ်းဆီးထားတဲ့သူတွေကိုမလေးရှားတရားရုံးကနေစစ်ဆေးပြီး ကြိမ်ဒဏ်အပါအဝင် ထောင်ဒဏ်ချသွားဖို့အစီအစဉ် ရှိနေတယ်လို့လဲ အလုပ်သမားတွေကပြောပါတယ်။ မလေးရှားနိုင်ငံဆိုင် မြန်မာသံရုံး အလုပ်သမားရေး တာဝန်ခံ ဦးစိုးဝင်းကတော့ အခုလို အဖမ်းအဆီးရှိနေတဲ့ ကာလတွေမှာ မြန်မာအလုပ်သမားတွေအနေနဲ့ အထူးသတိရှိကြဖို့ လိုအပ်တယ်ဆိုပြီး ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“Immigration ဥပဒေအရ တရားမဝင် နေထိုင်တဲ့အတွက်ကြောင့်မို့ သူတို့ ဖမ်းတယ်ဆိုတော့ ဥပဒေကြောင်းအရတော့ ကျနော်တို့က သွားဆွေးနွေးလို့တော့ မရဘူးပေါ့နော်။ လောလောဆယ်တော့ သူတို့ အဲ့လို ကိုယ်တရားမဝင်နေတဲ့ သူတွေအနေနဲ့ကတော့ အနေအထိုင်လေး နည်းနည်းလေး ဆင်ခြင်ပြီးတော့ နေဖို့တော့ ကျနော်တို့က အဲ့လို ကြုံရင်ကြုံသလိုတော့ ပြောပေးထားတယ်။ တရားဝင်တဲ့သူကတော့ မဖမ်းပါဘူး။ စီမံချက်ဆိုတော့ သူတို့က ဆွဲတာကတော့ အကုန်ဆွဲတာပေါ့။ ဆွဲတဲ့အခါမှာ တရားဝင်ဆိုရင်တော့ သူက ပြဿနာမရှိဘူးလေ။ တရားဝင်ဆိုရင်တော့ သူတို့မခေါ်ဘူး။"

"တရားမဝင်ဆိုရင်တော့ ခေါ်သွားတာပေါ့။ လောလောဆယ်တော့ သူက ချက်ချင်း ကလေးတွေလက်ထဲမှာ ပတ်ပို့စ် မပြနိုင်လို့ရှိရင်ကတော့ လောလော ဆယ်ကတော့ အကုန် ဆွဲတာပဲလေ။ ဒါ သူတို့ မလေးရှားနိုင်ငံသားက လွဲလို့ အကုန် ဆွဲတာပဲ။ ဆွဲပြီးတော့ တရားဝင်ဆိုရင် ပြန်လွှတ်လိုက်တယ်။ တရားမဝင်ဆိုရင်တော့ သူတို့ ပြန်ပြီးတော့ ခေါ်ထားလိုက်တယ်။
ခေါ်ထားတဲ့သူတွေအနေနဲ့ကတော့ ဟိုတုန်းကတော့ သူတို့ ဒီ Immigration ဥပဒေအရတော့ အနည်းဆုံး ၃ လပေါ့ ထောင်ဒဏ်။ အပြစ်ပေးပြီးတော့ သူတို့က camp ထဲကို ပြန်သွားတယ်။ camp ထဲ ပြန်သွားပြီးတော့မှ camp ထဲကနေမှ ကိုယ့်နိုင်ငံ အသီးသီးအလိုက် ကိုယ့်မိဘတွေနဲ့ ဆက်သွယ်ပြီးတော့ ကျနော်တို့ သံရုံးကို သူတို့ရဲ့နိုင်ငံသားဖြစ်ကြောင်း မှတ်ပုံတင်တွေ၊ ပြန်ပေးပြီးတော့ သံရုံးကနေပြီးတော့ CI ဖောင်ဖြည့်ပြီးတော့ လေယာဉ်နဲ့ ပြန်တင်ပေးရတယ်။"

"အခု လောလောဆယ်တော့ ဒီမှာ CI လျှောက်တဲ့သူတွေ များနေကြတယ်။ လောလောဆယ်တော့ ဒါ CI ကတော့ သက်တမ်းကတော့ ၂ လလောက်တော့ ပေးထားတယ်။ ပြန်မယ်ဆိုရင် တရားမဝင်လူတွေ နေတဲ့လူတွေအနေနဲ့ ပြန်ချင်တယ်ဆိုရင် CI ကို လျှောက်ထား။ CI ကို လျှောက်တဲ့အခါ CI က သက်တမ်း ၂ လပေ့ါနော်။ ဒါပေမဲ့လို့ CI လျှောက်ထားပေမဲ့လို့ ကိုယ်ကတော့ အချိန်မတော်တို့ ဘာတို့ သွားလို့တော့ မရဘူးပေါ့။ တကယ်လို့ ရဲနဲ့ တွေ့ရင် သူတို့ Immigration က လူတွေနဲ့ ဖမ်းတဲ့လူနဲ့ တွေ့လို့ရှိရင် ဒါလေးတော့ ပြောပြလို့တော့ ရတာပေါ့။ ဒီ CI လျှောက်ထားရင်။ အဲ့လိုမှ မလျှောက်ဘဲနဲ့ သူတို့က ပြန်ဖို့လည်း CI မလျှောက်ဘူး။ ဒီအတိုင်း တရားမဝင်လည်း နေတယ်ဆိုရင် ဒါ သူတို့ Immigration ဥပဒေအရတော့ ကျနော်တို့ကတော့ ဒါ ဒီဘက်က ပြောရနည်းနည်း ခက်တာပေါ့။”

မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနကတော့ နိုင်ငံအတွင်း မှုခင်းတွေ လျော့နည်းလာဖို့ မူးယစ်ဆေးဝါး သုံးစွဲမှု လျော့ကျလာဖို့နဲ့
နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုကို တားဆီးဖို့ ရည်ရွယ်ချက်နဲ့ စီမံချက်ချပြီး ဖမ်းဆီးမှုတွေ လုပ်ဆောင်သွားမယ်လို့လည်း ပြီးခဲ့တဲ့ သြဂုတ်လမှာ တရားဝင် ကြေညာထားခဲ့ပါတယ်။
XS
SM
MD
LG