သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လယ်ရေကြောင်း အလုပ်သမားများဆိုင်ရာ နိုင်ငံတကာစာချုပ် မြန်မာအတည်ပြု


MLC 2006 ခေါ် ၂၀၀၆ ခုနှစ် ပင်လယ်ရေကြောင်းအလုပ်သမားများ နိုင်ငံတကာ သဘောတူစာချုပ် ကို မြန်မာနိုင်ငံက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အတည်ပြုလိုက်တဲ့အတွက် မြန်မာ ပင်လယ်ကူး သင်္ဘောသားတွေအတွက် ရပိုင်ခွင့်တွေ၊ ပိုမိုကောင်းမွန်တဲ့ အကာကွယ်ပေးမှုတွေ ရရှိလာတော့မှာ ဖြစ်ကြောင်း နိုင်ငံတကာ အလုပ်သမား အဖွဲ့ ILO က ပြောပါတယ်။

အဲဒီ နိုင်ငံတကာ သဘောတူစာချုပ်ကို နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်ရေးထိုးခဲ့ပြီး Geneva မှာရှိတဲ့ ကုလသမဂ္ဂရုံးနဲ့ နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်း ကိုယ်စားလှယ် ဦးမောင်ေ၀ က ILO ရုံးချုပ်ကို မေလ ၂၅ ရက်နေ့မှာ တရားဝင် လျှောက်ထားခဲ့တာဖြစ်ပါတယ်။

သဘောတူစာချုပ်ကို လက္ခံခဲ့တဲ့ ILO ညွှန်ကြားရေးမှုးချုပ် Guy Ryder ကလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြောင်းနဲ့ ဒီမိုကရေစီဖေါ်ဆောင်မှုမှာ မြန်မာနိုင်ငံနဲ့အတူ လက်တွဲဆောင်ရွက်ခဲ့တဲ့ ILO အဖွဲ့ကြီးအတွက်၊ သမိုင်းတွင်မဲ့ အရေးပါမှု တရပ်ဖြစ်တယ်လို့ ပြောဆိုပါတယ်။

မြန်မာနိုင်ငံဟာ ILO ပင်လယ်ရေကြောင်းအလုပ်သမားများ နိုင်ငံတကာ သဘောတူညီမှုစာချုပ် အတည်ပြုခံရတဲ့ ၇၅ ခု မြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပါပြီ။

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၇ ခုနှစ် မေလ ၂၅ နေ့မှာ စတင် သက်ရောက်မှုရှိတော့မှာ ဖြစ်တဲ့ နိုင်ငံတကာ သဘောတူ စာချုပ်အရ မြန်မာအလံတင်တဲ့ သင်္ဘောတွေမှာ အလုပ်လုပ်ကိုင်တဲ့ ပင်လယ်ကူးသင်္ဘောသားတွေရဲ့ အခွင့်ရေးအတွက် ကာကွယ်မှု ပေးရမှာ ဖြစ်သလို သူ့ရဲ့ဆိပ်ကမ်းတွေမှာ ဆိုက်ကပ်တဲ့ သင်္ဘောတွေကိုလည်း သပ်မှတ် စံနှုန်းတွေနဲ့ အညီ ဆောင်ရွက်ပေးရမှာ ဖြစ်တယ်လို့ ILO ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့မှာ နိုင်ငံပေါင်း ၃၀ က မှတ်ပုံတင် စာရင်းတင်သွင်းခဲ့တဲ့ ပင်လယ်ရေကြောင်း အလုပ်သမားများ နိုင်ငံတကာ သဘောတူစာချုပ် MLC ဟာ ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့မှာ စတင်အသက် ဝင်ခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့အတူ မကြာသေးခင်က က သဘောတူစာချုပ်ကို အတည်ပြုခဲ့တဲ့ တိုင်းပြည်တွေထဲမှာ အိန္ဒိယ၊ တရုတ်၊ ရိုမေးနီးယား၊ နယူးဇီလန်၊ ဂျော်ဒန် စတဲ့ နိုင်ငံတွေပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG